ဝေါတွင်ဖြစ်ပွားခဲ့သည့် အချင်းများမှုမှာ ပုဂ္ဂိုလ်ရေးပြဿနာမှ စတင်ခဲ့

ဝေါ၊ ဇွန် ၂၄

ပဲခူးတိုင်း၊ အရှေ့ပိုင်း ဝေါမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အချင်းများမှုသည် အစ္စလာမ်ဘာသာဝင်တစ်ဦးနှင့် ၎င်း၏အိမ်နီးချင်းများအကြား ပုဂ္ဂိုလ်ရေးပြဿနာမှ စတင်ခဲ့ခြင်းဖြစ်သည်ကို Frontier က တွေ့ရှိရသည်။

ယင်းအချင်းများမှုကြောင့် အဒူရာရှစ်ဆိုသူ အစ္စလာမ်ဘာသာဝင်တဦး ဦးခေါင်းပေါက်ကွဲ ဒဏ်ရာရရှိခဲ့ပြီး အဒူရာရှစ်ပိုင်ဆိုင်သည့် အအောက်အဦးတလုံး၊ အိမ်ဆောက်ပစ္စည်းများ ရောင်းချသည့်၎င်း၏ဆိုင်နှင့် ဗလီတလုံးတို့ ဖျက်ဆီးခံခဲ့ရသည်။

“ရာရှစ်က ခပ်ထောင်ထောင်နေတာ။ ရွာမှာ သူနဲ့တည့်တဲ့သူ ခပ်ရှားရှား။ ပြဿနာဖြစ်တော့လည်း သူဆဲတဲ့ဒဏ်မခံနိုင်လို့ ပြန်အော်ဟစ်ကြရင်း ဖြစ်ကြတာ” ဟု အခင်းဖြစ်ပွားရာနေရာ၏ ဆယ်အိမ်မှုး ဦးသောင်းမြင့်က Frontier ကိုပြောသည်။

မျက်မြင်သက်သေရွာသားများနှင့် သူရဲသမိန်ကျေးရွာ ရဲကင်း၏ ပြောဆိုချက်များအရ အဒူရာရှစ်သည် ဇွန် ၂၃ ရက် နေ့လည်က ၎င်း၏ နေအိမ်တွင် ဆဲဆိုအော်ဟစ်နေပြီး ဇွန် ၁၆ ရက်ကလည်း ယခုကဲ့သို့ အိမ်နီးချင်းများကို ဆဲရေးနေခဲ့သည်ဟု ပြောဆိုကြသည်။

အဒူရာရှစ်သည် ရွာရှိဗလီအနီးတွင် ၎င်းကိုယ်ပိုင်အဆောက်အဦးတစ်ခု ဆောက်လုပ်နေပြီး ဗုဒ္ဓဘာသာဝင်များကမူ အဆိုပါ အဆောက်အဦးကို ဘာသာရေးအတွက်ဆောက်လုပ်နေသည်ဟု သံသယရှိခဲ့သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တိုင်ကြားခဲ့ဖူးသည်။

အဒူရာရှစ် ဆဲရေးတိုင်းထွာနေသည့်အချက်များတွင် ၎င်း၏အဆောက်အဦး ဆောက်လုပ်နေမှုကို တိုင်ကြားခဲ့သည့်ပုဂ္ဂိုလ်ကို နာမည်တပ်ကာ ဆဲနေခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများနှင့် ရဲဌာနက အတည်ပြုခဲ့သည်။

ထို့ပြင် အဆိုပါရက်ပိုင်းများက ၂၁ ရက်က စတင်ကာ အဒူရာရှစ်၏အိမ်မျက်စောင်းထိုးရှိ ဘုန်းတော်ကြီးကျောင်းတွင် တရားစခန်း ကျင်းပလျက်ရှိပြီး အိမ်နီးနားချင်းများက ၎င်း၏ဆဲရေးတိုင်းထွာမှုများကို မကြေနပ်ခဲ့ကြပေ။

အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ဇွန် ၂၃ ရက်နေ့က ဆဲဆိုနေချိန်တွင် အိမ်နီးနားချင်းဖြစ်သူ ဒေါ်ခင်သီတာထွေးနှင့် ဒေါ်ခင်အေးနုဆိုသူ အမျိုးသမီးနှစ်ဦးက မခံနိုင်၍ ပြန်လည်အော်ဟစ်ပြောဆိုခဲ့ကာ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီးနောက် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အမြဲတမ်းဆဲနေတာ။ သူ့အိမ်မျက်စောင်းထိုးမှာက ဘုန်းကြီးကျောင်း၊ တရားစခန်းလုပ်နေတာ။ သူက ဆဲဆိုနေတာ လူမျိုးတွေရော၊ ဗမာတွေရော၊ အမျိုးမျိုးပါလာတယ်။ ကျမလည်း သည်းမခံနိုင်တော့လို့ ရဲစခန်းသွားလိုက်ရော” ဟု အဒူရာရှစ်အိမ်နီးချင်းဖြစ်သူ ဒေါ်ခင်အေးနုက Frontier ကိုပြောသည်။

ထို့နောက် အဒူရာရှစ်ကို ၎င်း၏ဆွေမျိုးများက ဆူပူအော်ဟစ်ခြင်းမပြုရန် တားမြစ်ခဲ့ကြသော်လည်း ၎င်းမှာ လူမျိုးရေးအမုန်းစကားများ သုံးနှုန်းကာ ထပ်မံအော်ဟစ်နေခဲ့ရာမှ လူ ၁၅ ယောက်ခန့် စုစည်းလာပြီးနောက် လူဦးရေတဖြည်းဖြည်း များပြားလာခဲ့ခြင်းဖြစ်သည်ဟု ဝေါမြို့နယ် ရဲမှူးဦးအုန်းလွင်က ဆိုသည်။

အဒူရာရှစ်ကို ၎င်း၏အိမ်ရှေ့တွင် လူအုပ်စုက လိုက်လံရိုက်နှက်ခဲ့ရာက အဒူရာရှစ်၏အဖေဖြစ်သူ ဦးမျိုးဆွေ က ဆွဲထုတ်သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့များရောက်လာကာ အဒူရာရှစ်ကို ခေါ်ဆောင်သွားခဲ့သည်။

“အမျိုးသမီးတွေ လာတိုင်တော့ လူစုလူဝေးဖြစ်နေပြီဆိုတာ သိတယ်။ ရဲကင်းမှာရှိတာက အရာရှိ တစ်ယောက်၊ တပ်သား ခြောက်ယောက်ပဲရှိတာ။ အဲ့အချိန်မှာ ဘယ်သူမှ မထိန်းနိုင်ဘူး။ အဲ့ဒီအချိန်မှာ ရွာက သံဃာတော်တွေတောင် လာထိန်းသေးတယ်။ မရဘူး” ဟု ဝေါမြို့နယ်မှူး ရဲမှူးဦးအုန်းလွင်က ဆိုသည်။

သူရဲသမိန်ရွာသည် ရွာကြီးတရွာဖြစ်ပြီး အိမ်ခြေ ၁,၀၂၉ အိမ်၊ လူဦးရေ ၆,၁၀၀ ကျော်နှင့်၊ မွတ်ဆလင်အိမ်ခြေ ၅၀ ခန့်၊ လူဦးရေ ၁၅၀ ခန့်တို့ ပူးတွဲနေထိုင်သည့် ရွာဖြစ်ပြီး ယခင်က ယခုကဲ့သို့ ပြဿနာမျိုးဖြစ်ပွားခဲ့ခြင်းမရှိပေ။

မွတ်ဆလင်အိမ်များမှာ ရွာတန်းရှည်၏ အစွန်ဆုံးအပိုင်း၊ ရွာ၏ရဲကင်းအနီးတွင် စုဝေးတည်ဆောက်ထားပြီး အဆိုပါအိမ်တန်းများအဆုံးတွင် ကပ်လျက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတည်ရှိကာ ဗုဒ္ဓဘာသာဝင် အိမ်တန်းများရှိသည်ကို တွေ့ရသည်။

ရွာအစွန်ဆုံးအပိုင်းရှိ ဗုဒ္ဓဘာသာဝင်တို့၏စေတီအနီးတွင် မွတ်ဆလင်သင်္ချိုင်းတစ်ခုရှိပြီး အဆိုပါသင်္ချိုင်းရှိ အတွင်းပိုင်း အုတ်ဂူအချို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်။

ဖျက်စီးခံထားရသည့် အဆောက်အဦး။ ဓာတ်ပုံ- တေဇလှိုင်

ဖျက်စီးခံထားရသည့် အဆောက်အဦး။ ဓာတ်ပုံ- တေဇလှိုင်

“ပြဿနာက သူတို့ချင်း (အဒူရာရှစ်နှင့်အိမ်နီးချင်းတို့) ဖြစ်ကြတာ။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျန်တဲ့မွတ်ဆလင်တွေနဲ့ မဆိုင်ဘူး။ ကျနော်တို့လည်း မသိဘူး။ ဒါပေမယ့် ဖြိုခံရတဲ့အဆောက်အဦးက သူ (အဒူရာရှစ်) ပိုင်တဲ့အဆောက်အဦ။ အဲဒါကိုဖြိုရင်းနဲ့ အနီးက ဗလီကိုပါ ဖြိုခဲ့ကြတာ” ဟု အစ္စလာမ်ဘာသာဝင် ဦးနိုရာဟတ်ခ်က ဗလီထဲတွင် အပျက်အစီးများကို လက်ညိုးထိုးပြရင်း ပြောဆိုသည်။

အဒူရာရှစ်သည် သူရဲသမိန်ရွာတွင် ဘာသာရေးလိုက်စားတစ်ဦးဖြစ်သည်ဟု ဦးနိုရာဟတ်ခ်က ပြောဆိုပြီး ယခုဖြစ်ပွားခဲ့သည့်ကိစ္စကိုမူ “ကျနော်တို့ နားမလည်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် အဒူရာရှစ်ကို ဝေါမြို့မရဲစခန်းတွင် စောင့်ကြပ်ထိန်းသိမ်းထားပြီး ကျူးလွန်သူများအပါအဝင် အဒူရာရှစ်မိသားစု နှစ်ဖက်စလုံးမှ မည်သူ့ကိုမျှ အရေးယူထားခြင်း မရှိသေးဟု မြို့နယ်မှူးဦးအုန်းလွင်က ပြောဆိုသည်။

“တဖက်က အမှုဖွင့်ရင် တဖက်က ငြိုးမယ်၊ တဖက်ကလုပ်ရင် တဖက်က မကောင်းဘူး။ ဒါကြောင့် ခုလောလောဆယ် ဘာအရေးယူမှုမှ မလုပ်သေးဘူး။ အထက်က ညွှန်ကြားတာကို စောင့်နေသလို အခြေအနေကြည့်ပြီး ဆုံးဖြတ်ရမှာပေါ့” ဟု ရဲမှူးဦးအုန်းလွင်က ဆိုသည်။

သူရဲသမိန်ကျေးရွာတွင် ပုံမှန်အားဖြင့် အရာရှိ တစ်ဦးနှင့် ရဲတပ်သား ခြောက်ဦးရှိပြီး ယခုအခါ အရာရှိ ၄ ဦးနှင့် ရဲတပ်သား ၃၆ ဦးဖြင့် တိုးချဲ့လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

သတင်း- မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar