ဝါရှင်တန်က သပြေညို

ရပ်ဝေးမှာ မြန်မာ့အငွေ့အသက်တွေကို ဆက်လက်ရှင်သန်နေစေတဲ့ ဝါရှင်တန်မြို့နားက သပြေညိုကျောင်းကလေး

ဂျာရက်ဒေါင်းနင်း ရေးသားသည်။

အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ မလင်းပွင့်နဒီဟာ သူကိုယ်သူ အမေရိကန်ထက်စာရင် ဗမာလူမျိုးလို့ ထင်မှတ်ရတာ ပိုသဘောကျပါတယ်။ သူဟာ မိဘတွေနဲ့ စကားပြောရင် ဗမာလိုပဲပြောပြီး အတန်းဖော်တွေကိုလည်း မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုကို ရှင်းပြလေ့ ရှိပါတယ်။ အခုဆိုရင်တော့ သူဟာ မွေးရပ်ဇာတိဖြစ်တဲ့ ရန်ကုန်မြို့ရဲ့  ရိုးရာအကတွေကို သင်ယူလေ့လာ နေပါတယ်။

တစ်ကယ်တော့ မလင်းပွင့်နဒီဟာ ကလေးဘဝထဲက မြန်မာနိုင်ငံကို မရောက်ဖူးပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း သူဟာ သပြေညိုမြန်မာကျောင်းမှာပဲ တက်ဖြစ်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာစကားကို စနေနေ့တိုင်း သင်ယူခဲ့တယ်လို့ သိရပါတယ်။

ဗမာ့သမိုင်းပုံရိပ်လို့ မြန်မာလိုခေါ်ဆိုနိုင်တဲ့ သပြေညိုကျောင်းဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရဲ့ အနောက်ပိုင်းနားမှာရှိတဲ့ မြို့ငယ်လေးဖြစ်တဲ့ ရော့ခ်ဗဲလီက မူလတန်းကျောင်းကို ငှားရမ်းပြီး အပတ်စဉ် သင်တန်းပို့ချနေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။  မြို့တစ်ဝိုက်မှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မိသားစုတွေ၊ ဒါမှမဟုတ် ကလေးပေါင်း ၄၀ ကျော်လောက်ကို မြန်မာဘာသာစကား၊ သမိုင်းနဲ့ ယဉ်ကျေးမှုတွေ သင်ပေးတယ်လို့ သိရပါတယ်။ ကျောင်းကို ဒေါ်မေငြိမ်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်က အမေရိကန်ကို ရောက်လာတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်ပြီး ပညာရေးကို ဝေဖန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သပြေညိုကို ၂၀၁၀ ခုနှစ်မှာ ဒေါ်မေငြိမ်းက ဖွင့်လှစ်ခဲ့ပြီး အခြားမိဘများက ၎င်းတို့ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

“မိဘတွေဟာ သူတို့ကလေးတွေ မိခင်ဘာသာစကားနဲ့ လူမျိုးကိုမေ့သွားမှာ ကြောက်ကြတယ်”လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။ “အနည်းဆုံး သူတို့တွေ သူတို့ရဲ့ မြန်မာဆွေမျိုးတွေဆီ သွားလည်တဲ့အခါ စကားကောင်းကောင်းပြောနိုင်တာပေ့ါ”လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

ကျောင်းမှာရှိတဲ့ ကလေးအများစုက ဒုက္ခသည်မိသားစုများရဲ့ ကလေးတွေဖြစ်တယ်လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။ ကလေးတွေဟာ ငယ်စဉ်အခါကသာ မြန်မာနိုင်ငံမှာ နေခဲ့ဘူးကြပြီး ဆရာ၊ ဆရာမ ၁၀ ဦး လာရောက်လုပ်အားပေးကြတဲ့ သပြေညိုကျောင်းမှာ ယဉ်ကျေးမှုကို အဓိကထားသင်ဖြစ်တယ်လို့ သိရပါတယ်။

“လင်းပွင့်ဟာ မြန်မာမိန်းကလေးဖြစ်ပြီး သူ့ကို မြန်မာယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘယ်လိုပြောဆိုရမလဲဆိုတာ သင်ပေးချင်တယ်”လို့ သူရဲ့ မိခင်ဖြစ်သူ မအင်ကြင်းနိုင်က ဆိုပါတယ်။ သူနဲ့ သူ့အမျိုးသားဟာ အစိုးရထောက်ပံ့ထားတဲ့ နိုင်ငံတကာ အသံလွှင့်ဌာန ဖြစ်တဲ့ Voice of America က ဂျာနယ်လစ်များ ဖြစ်ကြပါတယ်။

ချင်းအများစုက မြန်မာလို့ မပြောချင်ပါဘူး။ ဒါပေမယ့် သူက မြန်မာလို
ပြောတတ်ချင်ပြီး ဘာသာစကားကိုလည်း သင်ချင်နေခဲ့တယ်

ရွှေ့ပြောင်းအလုပ်သမားမိဘတွေ အစိုးရိမ်ဆုံးကိစ္စက သူတို့ သားသမီးတွေ မျိုးရိုးကို မေ့ပျောက်သွားတာ ဖြစ်တယ်လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။ သပြေညိုကျောင်းဟာ အစက နွေရာသီသင်တန်း အနေနဲ့သာ ဖွင့်လှစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မိဘတွေက အပတ်စဉ် ဖွင့်လှစ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ မိဘအများစုက စနေနေ့ ကျောင်းတက်ဖို့ကို ပုံမှန် ကျောင်းတက်တဲ့အတိုင်း တိုက်တွန်းကြတယ်လို့ ဆိုပါတယ်။

“တစ်ချို့ မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံမှာပဲ အမေရိကန်နိုင်ငံသားအနေနဲ့ အလုပ်တွေ ရကြတယ်။ မိဘတွေဟာ သူတို့သားသမီးတွေ နိုင်ငံအတွက် တစ်ခုခု ပြန်လုပ်ပေးစေချင်တဲ့ ဆန္ဒရှိကြတယ်”လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။

သပြေညိုကျောင်းမှာ လာတက်ကြတဲ့သူတွေဟာ ဝါရှင်တန်နဲ့ အခြားမြို့တွေမှာ ဂျာနယ်လစ်၊ တက်ကြွလှုပ်ရှားသူနဲ့ မြန်မာဘာသာစကား သင်ကြားသူတွေအဖြစ် အလုပ်အကိုင် ရရှိကြပါတယ်။ အထက်တန်းကျောင်းနဲ့ ကောလိပ်က ကျောင်းသားကြီးတွေကလည်း သူတို့ရိုးရာယဉ်ကျေးမှုကို သိရှိဖို့ သပြေညိုမှာ လာတက်ကြပါတယ်။ ချင်းဒုက္ခသည် မိသားစုက မွေးဖွားပြီး အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း မိခင်ဘာသာစကားအပြင် မြန်မာဘာသာစကား သင်ချင်တဲ့အတွက် သပြေညိုမှာ လာတက်တယ်လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။

“ချင်းအများစုက မြန်မာလို့ မပြောချင်ပါဘူး။ ဒါပေမယ့် သူက မြန်မာလို ပြောတတ်ချင်ပြီး ဘာသာစကားကိုလည်း သင်ချင်နေခဲ့တယ်။ အခုဆိုရင် သူမဟာ လေးလအတွင်း မြန်မာစကား ကောင်းကောင်းပြောတတ်နေပြီ” လို့ ဒေါ်မေငြိမ်းက ဆိုပါတယ်။

ကျောင်းသား လူငယ်အများစုက မြန်မာဆိုတာကို နိုင်ငံတစ်ခု၊ မိခင်နိုင်ငံတစ်ခု အနေနဲ့ မဟုတ်ဘဲ ဘာသာရပ်တစ်ခု၊ သမိုင်းတစ်ခုအဖြစ် စိတ်ဝင်စားကြတယ်လို့ သူက ဆိုပါတယ်။

ကျောင်းဝန်ထမ်းတွေဟာ သင်ခန်းစာတွေနဲ့ စာအုပ်တွေမှာ မြန်မာ့နောက်ခံသမိုင်းကို အဓိကထား ထည့်သွင်းပေးထားသလို လက်ရှိအခြေအနေကိုလည်း ဖော်ပြထားပါတယ်။ ရှေးဟောင်း ပုဂံ၊ မန္တလေးမြို့နဲ့ ဘုရင်တွေအကြောင်းက လူကြိုက်များတဲ့ သင်ခန်းစာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ မလင်းပွင့်နဒီအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖြစ်ရင် သွားရောက်ဖြစ်မှာက သူ့မိဘတွေ မွေးဖွားခဲ့တဲ့ ရန်ကုန်မြို့ပဲ ဖြစ်ပါလိမ့်မယ်။ သူရဲ့ မိခင်နိုင်ငံနဲ့ ပိုမိုချိတ်ဆက်မိလေလေ သူ ရရှိလာမယ့် အသိဉာဏ်ဗဟုသုတတွေကို ကမ္ဘာ့အသိုင်းအဝိုင်းမှာ ပိုမိုမျှဝေလာနိုင်လေလေ ဖြစ်မယ်လို့ ဆိုပါတယ်။

“ကျွန်မကို ဆရာမတွေက သမိုင်းအကြောင်းတွေ အများကြီး သင်ပေးတဲ့အတွက် ကျွန်မဟာ မြန်မာနဲ့ ချိတ်ဆက်မိပြီလို့ ယုံကြည်ပါတယ်၊ သူတို့ဟာ ရိုးရာတွေ အကတွေ အကြောင်း အသေးစိတ် သင်ပြပေးတော့ ကိုယ်တိုင် မြန်မာနိုင်ငံ ရောက်နေသလိုပါပဲ”လို့ သူက ဆိုပါတယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar