ဉာဏ်လှိုင်လင်း
မိသားစုဝင်ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ထက်မကျော်သော ပမာဏ လစဉ်ပေးသွင်းရုံဖြင့် ရယူနိုင်မည့် ချေးငွေဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ခန်းများကို ပြည်သူများ ဝယ်ယူနိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။
ပြည်သူများထံသို့ ငွေထုတ်ချေး၍ အိမ်ခန်းဝယ်ယူစေမည့် စီမံကိန်းများလုပ်ဆောင်နိုင်ရေးအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ထံမှ ယန်း ၁၅ ဘီလျံ ချေးယူခွင့်ပြုရန် အဆုံးအဖြတ်ရယူခါနီးတွင် ၎င်းက ပြည်ထောင်စုလွှတ်တော်ထံ ထိုသို့ ထည့်သွင်းရှင်းပြခြင်းဖြစ်သည်။
“တစ်လကို ကျပ်တစ်သိန်းခန့်ရှိ(လစဉ်သွင်းရမည့်ငွေ)တဲ့အတွက် မိသားစုတစ်စုလုံးရဲ့ စုစုပေါင်းဝင်ငွေသည် သုံးသိန်းရှိရမယ်လို့ သတ်မှတ်ရခြင်းဖြစ်ပါတယ်”ဟု ဦးကျော်လင်းက ဆိုသည်။ ၁၅ နှစ်အထိ ထုတ်ချေးမည့် အဆိုပါချေးငွေဖြင့် လစဉ်မိသားစုဝင်ငွေ ကျပ်သုံးသိန်းရှိသူများက ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိ တန်ဖိုးနည်း အိမ်ခန်း၊ ကျပ်ငါးသိန်း ဝင်ငွေရှိသည့် မိသားစုက ကျပ်သိန်း ၅၀၀ အထိကျသင့်နိုင်မည့် တန်ဖိုးသင့်အိမ်ခန်းများကို လျှောက်ထားဝယ်ယူနိုင်ရန် အစိုးရစီစဉ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ထံမှ အတည်ပြုချက်ရရန် မတ် ၆ ရက်နေ့ အစည်းအဝေး၌ လာရောက်ကြိုးပမ်းခြင်းဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း “အိမ်ယာ ဝယ်ယူလိုသူများက ငွေကြေးမလုံလောက်သဖြင့် ဝယ်ယူသည့်အိမ်ယာကို အပေါင်ထားပြီး ဝယ်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်ထံ ရှင်းလင်းပြောကြားသည်။
အတိုးနှုန်း ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ပေးဆပ်ရမည့် JICA ၏ ချေးငွေကို ၂၀၁၈ မှ ၂၀၂၂ ခုနှစ် အတွင်းရယူဆောင်ရွက်မည့် ယင်းအစီအမံကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲရာ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲ နှစ်မဲရှိပြီး အမတ် ၄၅၀ ဦးက ထောက်ခံသဖြင့် အတည်ပြုနိုင်ခဲ့သည်။
သို့သော် ပြည်သူတို့ မည်သည့်အချိန်တွင် စတင်ဝယ်ယူနိုင်မည်ကိုမူ သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုက ရှင်းလင်းစွာ အသိပေးခဲ့ခြင်းမရှိပေ။ ထို့အတူ ချေးယူခွင့်ရှိသူ၊ ထုတ်ချေးမည့်ပုံစံ၊ ပြန်လည်ပေးဆပ်ရမည့်နည်းလမ်း၊ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက မည်သို့ အရေးယူဆောင်ရွက်မည်နှင့် အခြားထည့်သွင်း သတ်မှတ်ရန်ကိစ္စများကို စီမံကိန်းဦးဆောင်ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။
အဆောက်အအုံ စံချိန်စံညွှန်း၊ အိမ်ရာကြံ့ခိုင်မှု၊ ဥပဒေဆိုင်ရာ အချက်အလက်များကိုမူ ဦးဆောင် လမ်းညွှန်မှုကော်မတီ (Steering Committee)က ကြီးကြပ်မည်ဖြစ်ပြီး ရောင်းချမှုများကို သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းစီစဉ်မည်ဟု သိရသည်။
ဘယ်လိုချေးရမလဲ
ဝယ်ယူသူများသည် ယင်းအတွက်လိုအပ်ငွေကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ကနဦးတွင် ချေးယူနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ချေးငွေရယူနိုင်ရန် စီစဉ်မည်ဖြစ်သည်။ ပြန်လည်ပေးသွင်းရမည့် အစီအစဉ်မှာ တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို အနည်းဆုံး ၁၀ နှစ်မှ ၁၅ နှစ်ကာလအတွင်း ပေးချေရမည်ဖြစ်သည်။
class=
အကျယ်အဝန်းနှင့် နေရာ
တိုက်ခန်းများမှာ စတုရန်းပေ ၃၀၀ မှ ၈၀၀ နှင့် စတုရန်းပေ ၈၀၀ မှ ၁,၂၀၀ အကျယ်အဝန်းရှိမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုထားသည်။ စီမံကိန်း ပထမအဆင့်တွင် ရန်ကုန်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် အိမ်ရာများကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ပုဂ္ဂလိကမှ ဆောက်လုပ်သည့် အရည်အသွေး ကောင်းမွန်သော အိမ်ခန်းများ ဝယ်ယူနိုင်ရန်အတွက်ပါ ငွေထုတ်ချေးနိုင်မည်ဟု ဆိုသော်လည်း အချိန်ကာလကိုမူ မသိရသေးပေ။
အိမ်ရာများကို ရန်ကုန်၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လေးခုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်အထိ တိုက်အလုံးရေ ၄၀၅ လုံး၊ အခန်းပေါင်း ၁၁,၉၁၄ ခန်း ထွက်ရှိလာရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။
class=
class=
class=