လှိုင်သာယာ အမှိုက်ပုံမီးအား Bio Foam နည်းပညာဖြင့် ငြှိမ်းသတ်မည်ဟု ဦးဖြိုးမင်းသိန်း ပြောကြား

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုအား ၈၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ပြီဖြစ်ကာ မီးခိုးများပါ ငြှိမ်းသတ်နိုင်ရန် Bio Foam နည်းပညာကို အသုံးပြုဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အမှိုက်ပုံမီး အမြန်ငြိမ်းသတ်ရေးအတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး၌ ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“အခု ကျွန်တော်တို့ ရောက်နေတဲ့အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ။ မီးငြိမ်းသတ်ရေးကို ၈၀ ရာခိုင်နှုန်းလောက် ထိန်းနိုင်ပြီ။ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်။ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီး ဆောင်ရွက်နိုင်ဖို့ Bio Foam သုံးမယ်ဆိုတဲ့ အစီအစဉ် ဆောင်ရွက်ထားတယ်။ အခုမှာယူထားတယ်။ ဒါက ၃၆ နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒါက မီးငြှိမ်းသတ်ရေးနဲ့ မီးခိုးပါအပြီး ငြိမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

အသုံးပြုရန် စဉ်းစားထားသည့် Bio Foam ကို ဂျပန်နှင့်ပြင်သစ်နိုင်ငံများတွင် အသုံးပြုနေပြီး ယခုအခါ ထိုင်းနိုင်ငံမှ မှာယူထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ Bio Form ဂါလံ ၅,၀၀၀ ခန့် လိုအပ်သော်လည်း ဂါလံ ၁,၈၀၀ သာရရှိမည်ဖြစ်သည်ဟု ဆိုသည်။

“လတ်တလော ဖြစ်နေတဲ့နေရာက ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းသွားတဲ့ အခြေအနေ ရှိပါတယ်။ လေထု ညစ်ညမ်းသွားတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လေထု ညစ်ညမ်းမှုကိစ္စကတော့ လတ်တလောမှာ နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ နယ်ပယ်ရဲ့အပြင်မှာ ရောက်နေတယ်။ ဒီအပိုင်းကိုတော့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ပဲ ကျားကန်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်သင့်တယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ဒီနေရာမှာ နေထိုင်နေတဲ့သူတွေက ဘယ်လိုနေထိုင်မှု ပုံသဏ္ဍာန်နဲ့ နေထိုင်ရမယ်ဆိုတဲ့ အခြေအနေကို အများပြည်သူကို အသိပေးရမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည့် အဆိုပါအမှိုက်ပုံတွင် ဧပြီ ၂၁ ရက်နေ့ကတည်းက မီးစတင် လောင်ကျွမ်းနေခြင်းဖြစ်သည်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နှင့် တပ်မတော်သားများက ကြိုးစားငြှိမ်းသတ်နေဆဲဖြစ်သည်။

မီးလောင်မှုမှာ ထွက်ရှိလာသည့် မီးခိုးငွေ့များက အနီးဝန်းကျင်ရှိ လူနေရပ်ကွက်များအပြင် ရန်ကုန်မြို့နေရာအများစုသို့ ရောက်ရှိနေသည်ကိုလည်း တွေ့ရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့ရှိ မြို့နယ် ခုနစ်မြို့နယ်သို့ မီးခိုးငွေ့များ ပျံ့နှံ့ခဲ့သည်ဟု သိရသည်။

ထိုသို့ မီးခိုးငွေ့များ ပျံ့နှံ့ခဲ့ခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်နိုင်ပြီး ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သည်ဟု သတိပေးထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မီးလောင်ပြင်နှင့်နီးစပ်သော လှိုင်သာယာမြို့နယ်ရှိ ကျုံစုအလယ်ရွာ၊ ရွှေလင်ပန်းကျေးရွာ၊ ၂၂/အလယ်ရွာ၊ ကံလှကျေးရွာ၊ (၂၀)ရပ်ကွက်နှင့် (၁၈)ရပ်ကွက်တို့တွင် ဧပြီ ၂၃ ရက်နေ့မှ စတင်၍ ယာယီဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၄ ရက်နေ့အထိ မွန်းလွဲ ၂ နာရီအထိ မီးခိုးငွေ့မွှန်၍ အသက်ရှုကြပ်ခြင်းကြောင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ကုသမှုခံယူသူ ၁၃ ဦးနှင့် ပြင်ပလူနာသုံးဦး ရှိသည်ဟုလည်း ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar