လျှပ်စစ်လိုအပ်ချက် ဖြည့်ဆည်းရန် သဘာဝဓါတ်ငွေ့ရည်သုံး စီမံကိန်းကြီးများကို အစိုးရ ခွင့်ပြု

သောမတ်စ်ကင်းန်

သဘာဝဓာတ်ငွေ့ရည်နှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားစီမံကိန်းများအတွက် ကုမ္ပဏီအုပ်စု လေးခုအား လုပ်ငန်းစတင်နိုင်ရန် အစိုးရက မီးစိမ်းပြလိုက်သည်။ မြန်မာနိုင်ငံ၏ ကြီးထွားလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် ဆောင်ရွက်နေမှုကို နောက်ဆုံးတွင် အစိုးရက ထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်သည်။

စီမံကိန်းလေးခုအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူများအား လုပ်ငန်းဆက်လက်ဆောင်ရွက်ရန် အသိပေးသည့်အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့သည်ဟု ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ကြေညာထားသည်။

အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် ထိုရင်းနှီးမြှုပ်နှံမှုများက နိုင်ငံ၏ ဓာတ်အားကွန်ရက်သို့ စုစုပေါင်း မဂ္ဂါဝပ် ၃,၀၀၀ ကျော် ပေါင်းထည့်ပေးမည်ဖြစ်ရာ အခြေခံအားဖြင့် လက်ရှိထုတ်လုပ်နေသည့် ဓါတ်အားပမာဏ၏ နှစ်ဆဖြစ်သည်။

စီမံကိန်းများအနက် သုံးခုမှာ တနင်္သာရီတိုင်းဒေသကြီးရှိ ကန်ဘောက်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မီးလောင်ချိုင့်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုံတို့တွင် တည်ရှိပြီး ပြည်ပမှတင်သွင်းလာသည့် သဘာဝဓာတ်ငွေ့ရည် အသုံးပြုမည် ဖြစ်သည်။ ကျန်တစ်ခုမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့ အသုံးပြုမည်ဖြစ်သည်။

လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ်လယ်တွင် စီမံကိန်းအချို့ စတင်လည်ပတ်နိုင်ရန် အစိုးရက မျှော်လင့်ထားသည်။ သို့သော်လည်း ပိုမိုကြီးမားသည့် စီမံကိန်းနှစ်ခုမှာမူ တည်ဆောက်ပြီးစီးရန် အချိန်လေးနှစ်အထိ ယူရဖွယ်ရှိနေသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၂၃၀ ထွက်ရှိမည့် စီမံကိန်းကို ကန်ဘောက်တွင် ပြင်သစ်ကုမ္ပဏီ Total နှင့် ဂျာမနီ၏ Siemens ကုမ္ပဏီတို့က ၄၈ လအတွင်း တည်ဆောက်ကြမည်ဖြစ်သည်။ ပထမအဆင့် ၆၁၅ မဂ္ဂါဝပ်အား သုံးနှစ်အတွင်း ရရှိမည်ဖြစ်သည်။ Total က လုပ်ကိုင်နေသော ရတနာကမ်းလွန်လုပ်ကွက်၏ အခြေခံအဆောက်အအုံအချို့ကို စီမံကိန်းအတွက် ပြန်လည်အသုံးပြုမည်ဟု Frontier က နားလည်ထားသည်။ ယင်းလုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမြင့်မားသော်လည်း ၂၀၂၁ ခုနှစ်မှစ၍ လျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။ သဘာဝဓာတ်ငွေ့အများစုကို ကန်ဘောက်မှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သည့် ပိုက်လိုင်းဖြင့် ထိုင်းသို့ ရောင်းချနေသည်။ သုံးသပ်ချက်ပေးရန် မေတ္တာရပ်ခံသော်လည်း Total က မတုံ့ပြန်ခဲ့ပေ။

Total နှင့် Siemens လုပ်ငန်းစုသည် စက်ရုံမှ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးရှိ ဗို့မြင့် လျှပ်စစ်လိုင်းကြိုးများသို့ ဆက်သွယ်ပေးမည့် ဗို့အားမြင့် ထပ်ဆင့်ပို့ လိုင်းများကိုလည်း တည်ဆောက်မည်ဟု ဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောသည်။

အခြေခံအဆောက်အအုံတွင် ရင်းနှီးမြုပ်နှံမှုအားလုံးကို ရင်းနှီးမြုပ်နှံသူများက တာဝန်ယူဖွယ်ရှိပြီး အစိုးရထံ လျှစ်စစ်ဓါတ်အား ပြန်လည်ရောင်းချမည်ဟု ယင်းအရာရှိက ဆိုသည်။

“ရင်းနှီၤးမြုပ်နှံမှုနဲ့ နည်းပညာ အများကြီးလိုနေသေးလို့ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ရည်ကို ကိုယ်တိုင် မထုတ်နိုင်သေးပါဘူး” ဟု အမည်မဖော်လိုသည့် ညွှန်ကြားရေးမှူးက ပြောသည်။ “ရင်းနှီးမြုပ်နှံမှုအားလုံးကို ကုမ္ပဏီလုပ်ငန်းစုကပဲ ထည့်ဝင်မယ်လို့ သဘောတူညီချက်မှာ ဖော်ပြထားဖွယ်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မီလောင်ချိုင့်တွင် တရုတ်နိုင်ငံမှ Zhefu နှင့် ပြည်တွင်းမှ Supreme Group တို့က ၁,၃၉၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ရည်သုံး စီမံကိန်းတစ်ခုကို တာဝန်ယူမည်ဖြစ်ပြီး ပထမအဆင့်ကို ၃၆ လအတွင်း ပြီးစီးအောင် ဆောင်ရွက်ကာ ၄၂ လအတွင်း အားလုံးပြီးစီးမည်ဖြစ်သည်။

မီးလောင်ချိုင့် စီမံကိန်းသည် ပုသိမ်မြို့နယ်၊ ချောင်းသာ၏ မြောက်ဘက် ရှည်လျားသည့် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ယင်းကုမ္ပဏီစုက ကမ်းလွန် ၁ ဒသမ ၆ ကီလိုမီတာအကွာတွင် ရေပေါ် ဂက်စ်သိုလှောင် ယူနစ်တစ်ခုကို တည်ဆောက်ရန် စီစဉ်နေပြီး ယင်းနေရာတွင် တန် ၈၀,၀၀၀ ရှိ လောင်စာတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကာ စက်ရုံအတွက် သဘောဓါတ်ငွေ့ရည်များ ပေးပို့နိုင်သည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်စက်ရုံနှင့်ပတ်သက်၍ Supreme Group သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာကတည်းက အစိုးရနှင့် ဆွေးနွေးနေခဲ့သည်ဟု စီမံကိန်းမန်နေဂျာ ဦးအောင်မျိုးခိုင်က ပြောသည်။ “ဒါက နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်လိမ့်မယ်။ နောက်ပြီး အရှေ့တောင်အာရှမှာ အကြီးမားဆုံး ပေါင်းစည်း လည်ပတ်သည့် ဓာတ်အားစီမံကိန်းလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ အခြားစီမံကိန်းနှစ်ခုမှာ များစွာသေးငယ်ပြီး နှစ်ခုလုံးကို ၂၈ လအတွင်း အပြီးလုပ်ဆောင်မည်ဟု ဝန်ကြီးဌာနက ပြောသည်။

အလုံမြို့နယ်တွင်မူ Toyo Thai ဟု ပိုမိုလူသိများသော ထိုင်းကုမ္ပဏီ TTCL က ၃၅၆ မဂ္ဂါဝပ်ထုတ်မည့် သဘာဝဓာတ်ငွေ့ရည်သုံး စက်ရုံကို တည်ဆောက်မည်ဖြစ်ပြီး ကျောက်ဖြူတွင် တရုတ်၏ Sinihydro နှင့် Supreme တို့က ၁၃၅ မဂ္ဂါဝပ်ထုတ်ပေးမည့် ပေါင်းစည်းလည်ပတ် ဓာတ်ငွေ့တာဘိုင်စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ သဘာဝဓါတ်ငွေ့ရည်သုံး စီမံကိန်းသုံးခုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာက စတင်ခဲ့သည့် လုပ်ငန်းစဉ်တစ်ခုကို အဆုံးသတ်စေခဲ့သည်။

ထိုကာလအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့ရည်စီမံကိန်းများတွင် ပါဝင်လိုသူများကို ဖိတ်ခေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တင်ဒါခေါ်ယူမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ဖိတ်ခေါ်မှုကို တုံ့ပြန်ခဲ့သည့် ကုမ္ပဏီအချို့နှင့် တိုက်ရိုက်ညှိနှိုင်းခဲ့သည်။

စီမံကိန်းများကို လျှပ်စစ်နှင့်စွမ်းအင် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်တွင် ဇန်နဝါရီ ၁၆ ရက်နေ့က တင်ပြခဲ့သော်လည်း ရင်းနှီးမြုပ်နှံသူများနှင့် အကောင်အထည်ဖော်မှုအတွက် အချိန်ဇယားတို့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ မတင်ပြခဲ့ပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar