လျှပ်စစ်စွမ်းအင် လိုအပ်ချက်နှင့် ဖြည့်ဆည်းနိုင်စွမ်းအား

မကြာသေးမီနှစ်များအတွင်း အကြီးဆုံးလျှပ်စစ်စွမ်းအင် စီမံကိန်းကြီးအချို့ကို မြန်မာအစိုးရက ဆက်လက်လုပ်ဆောင်ခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံ၏ လောလောဆယ် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းရေး ရေတိုစိန်ခေါ်မှုကိုမူ အဓိက ရင်ဆိုင်နေရသည်။

သောမတ်စ်ကင်းန်နှင့် ကျော်ရဲလင်း ရေးသားသည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျပြီး မဂ္ဂါဝပ်ထာင်နှင့်ချီကာ ထုတ်လုပ်ပေးမည့် လျှပ်စစ်စွမ်းအင်စီမံကိန်း လေးခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရက မကြာမီက ဆုံးဖြတ်ခဲ့ခြင်းသည် လျှပ်စစ်ကဏ္ဍတွင် လေးငါးနှစ်အတွင်း အကြီးမားဆုံး ဖြစ်ပေါ်တိုးတက်မှုပင်ဖြစ်သည်။

သို့သော် နောက်ကွယ်တွင်မူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လတ်တလော ပြဿနာနှင့် ရင်ဆိုင်နေရသည်။ တနေ့တခြား တိုးတက်လာနေသော လျှပ်စစ်လိုအပ်ချက်ကို ဘတ်ဂျက်ခွဲတမ်း မထိခိုက်စေဘဲ မည်သို့မည်ပုံ ဖြေရှင်းရမည်နည်းဆိုသည့် စိန်ခေါ်ချက်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် ကျောက်ဆည်မြို့တို့တွင် အငှားစွမ်းအင်စီမံကိန်း နှစ်ခုအတွက် တင်ဒါကို ဇန်နဝါရီ ၅ ရက်နေ့က ကြေညာခဲ့သည်။ တင်ဒါအောင်သော ကုမ္ပဏီသည် ငါးနှစ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

ဤဓာတ်အားပေးစက်များသည် ဗြိတိန်မှ Aggneko (၉၅ မဂ္ဂါဝပ်) နှင့် အမေရိကန်ပြည်ထောင်စုမှ APR Energy  (၁၀၂ မဂ္ဂါဝပပ်) အငှားလျှပ်စစ်ဓာတ်အားပေးစက်များနေရာတွင် အစားထိုးမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်ကတည်းက ထိုနေရာတွင် ရှိနေခဲ့ကြသော စက်များ၏ ကန်ထရိုက်သက်တမ်းမှာ ၁၂ လ မှ ၁၈ လအထိသာ ဖြစ်သော်လည်း အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။

ယခုတင်ဒါသည် အခွန်အခများ လျော့ကျသွားစေပြီး ဓာတ်အားထုတ်လုပ်မှု ပိုမိုထိရောက်မှုရှိမည်ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EPGE) မှ အင်ဂျင်နီယာချုပ် ဦးဟန်ဇော်ကပြောသည်။ ကန်ထရိုက်သက်တမ်း ပိုမိုရှည်ကြာသဖြင့် အခြားကုမ္ပဏီများ ပါဝင်လာနိုင်ရာ လုပ်ကိုင်ရာတွင် တူညီမျှတသော အခြေအနေများ ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

“ကန်ထရိုက် သက်တမ်းတိုလေ၊ အခွန်အခများလေဘဲ။ ကျွန်တော်တို့က လျှပ်စစ်ကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ချင်တော့ ကန်ထရိုက်သက်တမ်းကို ငါးနှစ်ထားဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းကပြောသည်။

“ဒီ စက်ရုံတွေအတွက် ကန်ထရိုက်သက်တမ်းကို သုံးကြိမ်တိုင် တိုးပြီးပြီ။ ဒီတော့ အင်ဂျင်တွေက အခြေအနေ သိပ်ကောင်းမှာ မဟုတ်တော့ဘူး။ ဒါမှမဟုတ် သိပ်ထုတ်လုပ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဒီစက်တွေကို အဆင့်မြှင့်ပေးဖို့ လိုတယ်” ဟုလည်း ၎င်းကပြောသည်။

စက်ရုံသစ်များ၏ စုစုပေါင်းထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏမှာ ၂၂၅ မဂ္ဂါဝပ် ဖြစ်သည်။ APR နှင့် Aggreko စီမံကိန်း များကဲ့သို့ပင် လိုအပ်သော လောင်စာဓာတ်ငွေ့ကို ရွှေသဘာဝဓာတ်ငွေ့သိုက်၏ မြန်မာနိုင်ငံအတွက် ခွဲတမ်းထဲမှ ရယူမည် ဖြစ်သည်။ ပြည်တွင်းသုံးဝေစုဟု ခေါ်တွင်သော ဤခွဲတမ်းသည် လက်ရှိတွင် ဓာတ်ငွေ့ တစ်နေ့ ကုဗပေ ၁၀၀ သန်း (100 mcf/d) ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ တိုးလာနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နောက်ထပ် တစ်နေ့လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၅၀ ကုဗပေ (50 mcfd) တိုးပေးရန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူများနှင့် ညှိနှိုင်းနေကြောင်း ဦးဟန်ဇော်က ပြောသည်။

စိတ်ဝင်စားသူ များပြားနေ

တင်ဒါအကဲဖြတ် ကော်မီတီထံ အဆိုပြုတင်ပြလာသော ကုမ္ပဏီ (၂၀) ထက်မနည်းရှိကြောင်း၊ အများစုမှာ မြန်မာကုမ္ပဏီများ ဖြစ်ကြောင်း ဦးဟန်ဇော်က ပြောသည်။ စိတ်ဝင်စားသည့် ကုမ္ပဏီများ များပြားသည့်အတွက် လျှောက်လွှာပိတ်ရက်ကို မူလ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ် ၆ ရက်အထိ ပြင်ဆင် တိုးပေးခဲ့ရသည်။

ယခုအခါ အဆိုပါတင်ဒါများအတွက် အောင်မြင်သူများကို ဝန်ကြီးဌာနက ရွေးချယ်ခဲ့ပြီးဖြစ်သည်ဟု တာဝန်ရှိသူများက Frontier ကို မေလလယ်ခန့်တွင် ပြောကြားခဲ့သည်။ တင်ဒါအောင်မြင်သူများ၏ အမည်များကို တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း တင်ဒါအကဲဖြတ်ရေးကော်မတီက ဆုံးဖြတ်ချက်ချပြီးဖြစ်သည်ဟု ဦးဟန်ဇော်က ပြောကြားသည်။

၎င်း၏အဆိုအရ ဟောင်ကောင်မှ VPower က မြင်းခြံစက်ရုံကို လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး  National Infrastructure Holding Company က ကျောက်ဆည်စက်ရုံကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

တင်ဒါအောင်မြင်သူများအား အသိအမှတ်ပြုလွှာထုတ်ပေးရန်နှင့် (ဓာတ်အားဝယ်ယူရေး) သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေသည်ဟု ဦးဟန်ဇော်က ဆက်လက်ပြောကြားသည်။

gaspower-graph.jpg

တင်ဒါစာချုပ်အရ လျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ စတင် လည်ပတ်နိုင်ရမည်ဖြစ်သည်။ လက်ရှိကန်ထရိုက်စာချုပ်များသည် ၂၀၁၈ ခုနှစ်၊ ဧပြီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

မြန်မာ့စွမ်းအင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (Myanmar Energy Monitor) မှ သုတေသနညွှန်မှူး Mr. Jeremy Mullins က “ဒီတင်ဒါနှစ်ခုကို စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေ တကယ်ကို များပါတယ်” ဟု အတည်ပြုပြောကြားသည်။ “ဒါကြောင့် မြန်မာနိုင်ငံအဖို့ အားသာတဲ့ အနေအထားတွေရဖို့ အထောက်အကူဖြစ်စေမှာပါ။ အခွင့်အလမ်းသာပေးခဲ့ရင် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးအတွက် ဖြေရှင်းရာမှာ ပုဂ္ဂလိကကဏ္ဍ ပါဝင်မှု တိုးလာနိုင်ပုံကို ထောက်ပြနေပါတယ်” ဟု ၎င်းက ပြောသည်။

အငှားလျှပ်စစ် နှင့် IPP များ

မြန်မာနိုင်ငံတွင် အသုံးပြုနေသော လျှပ်စစ်ဓာတ်အားလုံးနီးပါးကို ရေအားလျှပ်စစ်နှင့် ဓာတ်ငွေ့လောင်စာသုံး စက်ရုံများမှ ရရှိနေသည်။ ၂၀၁၆-၁၇ တွင် မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား၏ ၅၅ ရာနှုန်းကို ရေအားလျှပ်စစ်က ထုတ်လုပ်ပေးနေပြီး ကျန် ၄၅ ရာနှုန်းကို ဓာတ်ငွေ့လောင်စာသုံး စက်ရုံများမှ ရရှိသည်။

၂၀၁၁ ခုနှစ် မတိုင်မီက ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံအားလုံးကို EPGE က လည်ပတ်ထုတ်လုပ်ခဲ့သည်။ သို့သော် သမ္မတဦးသိန်းစိန်လက်ထက်တွင် လျှပ်စစ်ထုတ်လုပ်မှု တစိတ်တပိုင်းကို ပုဂ္ဂလိကအား လုပ်ကိုင်ခွင့် ပေးလိုက်သဖြင့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ပုဂ္ဂလိကဏ္ဍက စတင်ပါဝင်လာခဲ့သည်။

အစကနဦးတွင် လွတ်လပ်သော စွမ်းအင်စီမံကိန်းများပုံစံဖြင့် (Independent Power Projects – IPP) လုပ်ကိုင်သည့် ရင်းနှီးမြုပ်နှံသူများက လျှပ်စစ်ဝယ်ယူရေး သဘောတူစာချုပ်ကို အစိုးရနှင့် ချုပ်ဆိုကြသည်။ နှစ်ဘက်သဘောတူ သတ်မှတ်ထားသော ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ထားသော အချိန်ကာလ (နှစ် ၂၀- ၃၀) အတွင်း ဝယ်ယူရန်ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ အသစ်စက်စက်ဈေးကွက်ထဲသို့ စွန့်စားဝင်လာရခြင်းအပါအဝင် အခြားအမျိုးမျိုးသော အကြောင်းတို့ကြောင့် ထိုစောစောပိုင်း PPA များမှာ ဈေးကြီးပြီး ပုဂ္ဂလိကစက်ရုံ တည်ထောင်သူများဘက်က အသာစီးရနေခဲ့သည်။

ကုန်ကျစားရိတ် ကြီးမားမှုအပြင် အချို့သော စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များ၊ ဥပမာ အစိုးရသည် ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သောဓာတ်ငွေ့ လုံလောက်စွာ မပေးနိုင်သောကြောင့် စက်ရုံ မလည်ပတ်နိုင်ပါက စက်ရုံစားရိတ်ကို အစိုးရကပေးရမည်ဟူသည့် အချက်များကြောင့် အစိုးရအနေဖြင့် ဓာတ်ငွေ့လောင်စာသုံး ပုဂ္ဂလိကစက်ရုံ (IPP) များကို နောက်ထပ် ငှားရမ်းအသုံးပြုရန် ဆန္ဒမရှိတော့ချေ။

ဤအချက်များကြောင့် စာချုပ်သက်တမ်း ပိုမို တိုတောင်းသော PPA အငှားဓာတ်အားပေးစက်ရုံများကိုသာ အစိုးရက ဦးစားပေးလာခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် APR နှင့် ကနဦးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်းတွင် Aggreko က မြင်းခြံမြို့တွင် ၎င်း၏စက်ရုံကို တပ်ဆင်ခဲ့သည်။ ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီနှင့်လည်း အငှားလျှပ်စစ် ဝယ်ယူရေးစာချုပ်သုံးခု လက်မှတ်ရေးထိုးပြီးဖြစ်သည်။ ကျောက်ဖြူတွင် ၉၀ မဂ္ဂါဝပ်ရှိ စက်ရုံနှင့် မြင်းခြံတွင် ၁၃၃ မဂ္ဂါဝပ်ရှိ စက်ရုံတို့ဖြစ်သည်။

tzhelecricitylabours62.jpg

ဓာတ်ပုံ-တေဇလှိုင်

အငှားစီမံကိန်းများသည် အချိန်ကာလ တိုတောင်းသောကြောင့် ပုံမှန်အားဖြင့် ဈေးအကြီးဆုံး ဖြစ်သည်။ သို့သော် ရွာမ ဓာတ်ငွေ့သုံး စက်ရုံအဆင့်မြှင့်တင်ရေး အဆိုပြုချက်အတွက် အချက်အလက်အစီရင်ခံစာတွင် နိုင်ငံပိုင်စက်ရုံများ၏ ထိရောက်မှု အားနည်းသောကြောင့်လည်းကောင်း၊ အစောပိုင်း IPP စီမံကိန်းများ၏ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက် အလားအလာ မကောင်းသောကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံရှိ အငှားဓာတ်အားပေးစက်ရုံ ငါးရုံသည် အမှန်စင်စစ်တွင် ထုတ်လုပ်မှု ကုန်ကျစားရိတ် အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။

EPGE က တာဝန်ယူလည်ပတ်သော ဓာတ်အားပေးစက်ရုံများ၏ Thermal Efficiency မှာ (15 % – 27 %) ကြားတွင်ရှိပြီး IPP စက်ရုံများ၏ TE မှာ (33 % -53 %) ဖြစ်သည်။ ဆိုလိုသည်မှာ ဓာတ်ငွေ့သုံးစွဲမှု ပမာဏချင်းတူသော်လည်း ၂၃၅ မဂ္ဂါဝပ်ရှိ မြင်းခြံ IPP စက်ရုံက သာကေတရှိ ၉၂ မဂ္ဂါဝပ် စက်ရုံထက် လျှပ်စစ်ပမာဏ လေးဆပိုမို ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်သည်။ ပြည်တွင်းသုံးစွဲရန် ဓာတ်ငွေ့ပမာဏ အကန့်အသတ်ရှိသော မြန်မာကဲ့သို့ နိုင်ငံတွင်ရနိုင်သော ဓာတ်ငွေ့ကို အကျိုးအရှိဆုံး အသုံးပြုနိုင်ပါက အပြောင်းအလဲကြီးမားစွာ ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံပိုင် ဓာတ်ငွေ့သုံး ဓာတ်အားပေးရုံများကို အဆင့်မြှင့်ရန် ကမ္ဘာ့ဘဏ်ကလည်း ထောက်ပံ့ကူညီပေးနေသည်။

Thermal Efficiency ၅၃ ရာခိုင်နှုန်းခန့်ရှိသော ၁၁၉ မဂ္ဂါဝပ်စက်ရုံတစ်ခုအား မွန်ပြည်နယ်၊ သထုံမြို့တွင် လာမည့်နှစ်အစောပိုင်း၌ စတင်လည်ပတ် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ ထိုဓာတ်အားပေးရုံမှ နှစ်စဉ်ထုတ်လုပ်မှုကို သုံးဆတိုး၍ ၇၇၀  770 GWh အထိ ထုတ်လုပ်ပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှင့် လောင်စာအသုံးကိုလည်း လျှော့ချသွားနိုင်မည်ဟု မျှော်လင့်ထားသည်။

နိုင်ငံပိုင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို နိုင်ငံတကာအဆင့် ထုတ်လုပ်မှုဖြစ်လာအောင် ထိရောက်စွာ အဆင့် မြှင့်တင်နိုင်ပါက ထုတ်လုပ်မှုကုန်ကျစားရိတ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာသန်း ၁၅၀ ကျော် သက်သာသွားနိုင်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြထားသည်။

သို့သော် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အငှားထုတ်လုပ်ရေးစာချုပ်များသည် မြန်မာ့စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက်သာ လက်တလောတွင် လုပ်ပေးနိုင်ဦးမည်ဖြစ်သည်။ အငှားထုတ်လုပ်ရေး စီမံကိန်းများသည် လျှပ်စစ်ဓာတ်အား လိုအပ်သောနေရာ၊ လိုအပ်သောအချိန်တွင် မြန်မြန်ဆန်ဆန် ရရှိရေးအတွက် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း ရေရှည်အတွက် အကောင်းဆုံးဖြေရှင်းချက်တော့ မဟုတ်ဟု မြန်မာ့စွမ်းအင် စောင့်ကြည့်လေ့လာရေးအဖွဲ့မှ Mr. Mullin ကပြောသည်။

ရေရှည် IPP စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံမည့်သူများအား လက်နှေးတွန့်ဆုတ်နေစေသည့် အခက်အခဲများကို အစိုးရက ဖြေရှင်းပေးရန် ပုဂ္ဂလိကကဏ္ဍက လိုလားနေသည်။ ထိုအခက်အခဲများမှာ ပိုင်ဆိုင်ခွင့်အာမခံပြဿနာနှင့် စွမ်းအင်ဝယ်ယူရေး စာချုပ်အတွက် ညှိနှိုင်းမှုများဖြစ်သည်။

စုစုပေါင်း မဂ္ဂါဝပ် ၃,၀၀၀ ထုတ်လုပ်မည့် စီမံကိန်းများအတွက် ကုမ္ပဏီ လေးခုအား ဆက်လက်လုပ်ဆောင်ရန် အစိုးရ၏ ကြေညာချက်ကို မှန်ကန်သည့် ခြေလှမ်းအဖြစ် အများက ယူဆထားကြသည်။ သို့သော် အကြောင်းအမျိုးမျိုးဖြင့် ရှေ့မတိုးနိုင်ဖြစ်နေသော အခြားစွမ်းအင်စီမံကိန်းများလည်း များစွာ ရှိနေသေးသည်။

“ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တချို့ကို ဝေဖန်နေကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်လို့ မဖြစ်တော့ဘူး။ နောက်ထပ်ဖြုန်းဖို့ အချိန်မရှိတော့ဘူး။ လျှပ်စစ်လိုအပ်ချက်က တစ်နှစ်ထက်တစ်နှစ် တိုးလာနေတာ၊ ရေတိုမှာ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ခုတည်းအားထားစရာက LNG ပဲရှိတယ်။ ဒါကို သဘောပေါက်ထားတဲ့ ပေါ်လစီ ချမှတ်သူတွေရဲ့ တွန်းအားကြောင့်ဆိုတာကိုတော့ ကျွန်တော်ဝန်ခံပါတယ်” ဟု ဦးဟန်ဇော်ကပြောသည်။

ခေါင်းစီးဓာတ်ပုံ- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်နေသည့် လျှပ်စစ်လုပ်သားတစ်ဦး။ ဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar