ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ တိုက်တွန်းလိုက်သည်။
ယနေ့ကျရောက်သည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထိုကဲ့သို့ ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့် မူများအပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိပေသည်ဟုလည်း သမ္မတ၏ သဝဏ်လွှာတွင် ပြောကြားထားသည်။
“ဒီမိုကရေစီအခြေခံအုတ်မြစ်များ ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမိုမြင့်မားလာစေရေးကိုလည်း ဦးတည်ဆောင်ရွက်လျက် ရှိပါသည်” ဟု ဆက်လက် ပြောကြားထားသည်။
ယခုနှစ် လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များထဲတွင်လည်း “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့်အချက်ကို ထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။