ရန်ကုန်၊ ဇွန် ၁၆
လူပေါင်း ၁၂၀ ကျော် လိုက်ပါသွားသည့် တပ်မတော်ကုန်တင်လေယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်းအား သိရှိပါက အမှန်အတိုင်း ထုတ်ပြန်ပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့ ဇွန် ၁၅ ရက်၊ ညနေ ၅ နာရီကျော်ခန့်တွင် ပျက်ကျလေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ် နောက်ပိုင်းတွင် Black Box ပါရှိသဖြင့် ယင်းကိုရရှိပါက အဖြေတစ်ခုရရှိ နိုင်မည်ဖြစ်ကြောင်းနှင့် ရရှိသည့်အဖြေကိုလည်း အမှန်အတိုင်း ထုတ်ပြန်ပေးမည်ဟု ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌ ပျက်ကျလေယာဉ်အား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီလုပ်ဆောင်ခဲ့ကြသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအား ယနေ့တွေ့ဆုံရာ၌ ၎င်းက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
အဆိုပါလေယာဉ် ရေဒါပုံရိပ် ပျောက်ကွယ်သွားသည့် နေရာတစ်ဝိုက်တွင် တွေ့ရှိခြင်းဖြစ်ပြီး လွန်စွာအပြောကျယ်သည့် ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ) သင်္ဘောများ၊ ငါးဖမ်းစက်လှေများစွာဖြင့် ပိုက်စိပ်တိုက်ပြီး ခက်ခဲစွာဖြင့် ရှာဖွေခဲ့ရကြောင်းနှင့် ယင်းနေရာ၌ လေယာဉ်ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
ရေဒါပေါ်မှ ပုံရိပ်မပျောက်ဆုံးမီ လေယာဉ်မှာ ရုတ်တရက် အောက်သို့ နိမ့်ဆင်းသွားခဲ့သည်ဟု ၎င်းက ပြောကြားသည်။
၎င်းလေယာဉ်သည် ဇွန် ၇ ရက်၊ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်တွင် ရေဒါမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆုံးရရှိသည့် ရေဒါပုံရိပ်များအရ ၁ နာရီ ၂၉ မိနစ်ခန့်တွင် လေယာဉ်သည်အမြင့်ပေ ၁၈,၀၀၀ ခန့်တွင် ပျံသန်းနေရာမှ အကြောင်းတစ်ခုခုကြောင့် တစ်မိနစ်ခန့်အတွင်း အောက်သို့ ရုတ်တရက် နိမ့်ဆင်းသွားပြီး အပေါ်သို့ ပြန်ဆွဲတင်သည့် အနေအထားတွေ့ရသော်လည်း နောက်တစ်မိနစ်ခန့်အတွင်း အောက်သို့ ပြန်လည်ထိုးဆင်း၍ ဘယ်ဘက်သို့စောင်းပြီး ပုံရိပ်ပျောက်ကွယ်သွားသည်ကို တွေ့ရပါကြောင်း ၎င်းကပြောကြားသည်။
လေယာဉ်ပျောက်ဆုံးခဲ့သည့်နေရာ၌ ရာသီဥတုဆိုးရွားသည်ဟု ဒေသခံများက ပြောကြားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
လေယာဉ်ပျောက်ဆုံးချိန်က စတင်ကာ ယမန်နေ့ညနေပိုင်းအထိ ရုပ်အလောင်း ၉၀ ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၄ ဦး လိုက်ပါသွားသည့် Y8 အမျိုးအစား တပ်မတော်လေယာဉ်သည် ဇွန် ၇ ရက်နေ့တွင် မြိတ်မြို့လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာ၌ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ်ပါရှိသွားသည့် ခရီးသည်များ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။
ယခုပျက်ကျခဲ့သည့် လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီသာ ပျံသန်း အသုံးပြုရသေးသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။