Yangon's Insein Prison is seen from an aerial view. (Frontier)
Yangon's Insein Prion is seen from an aerial view. (Frontier)

လူ ၆၆,၀၀၀ အတွက်သာ ဆောက်ထားသည့် အကျဉ်းထောင်များ၌ ၉၂,၀၀၀ အထိ လက်ခံထား

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကာလကြာရှည်စွာ ပြည့်ကြပ်နေခြင်းအား လျှော့ချခြင်းသည် ပြစ်မှုဆိုင်ရာ တရားရေးစနစ်အား ပြုပြင်ပြောင်းလဲရာတွင် မဖြစ်မနေလုပ်ရမည့် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာ)AAPP က ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် လုပ်အားပေးစခန်း ၉၃ ခုတွင် ပုံမှန်အားဖြင့် ၆၆,၀၀၀ ဦးသာ ဝင်ဆံ့သော်လည်း အကျဉ်းသား ၉၂,၀၀၀ ခန့်ရှိနေသည့်အတွက် ပြည့်ကြပ်နှုန်းက ၁၃၉ ရာခိုင်နှုန်းကျော်နေသည်ဟု ယခု ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် AAPP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အကျဉ်းထောင်များမှာ နိုင်ငံတစ်ခု၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစနစ်များကို တိုက်ရိုက်ရောင်ပြန်ဟပ်ကြောင်း စာမျက်နှာ ၄၈ မျက်နှာပါ “အကျဉ်းထောင်များ ပြည့်ကြပ်နေမှုနှင့် အဆောတလျင် ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်”ဟူသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင် ၃၀ အား စုံစမ်းစစ်ဆေးမှုတွင် အကျဉ်းထောင်များ၌ လူများပြည့်ကြပ်နေခြင်းကို တွေ့ရှိခဲ့ရသည်။ ထိုအကျဉ်းထောင်များတွင် အကျဉ်းသား ၃၁,၅၀၀ သာ ဆန့်သော်လည်း အကျဉ်းသား ၅၀,၀၀၀ ကျော်အထိရှိနေသည်ကို တွေ့ရှိခဲ့သည်။ ထိုအကျဉ်းထောင်များတွင် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံထောင်လည်း ပါဝင်သည်။ မြင်းခြံထောင်အား အကျဉ်းသား ၁,၀၀၀ အတွက်သာ ဆောက်ထားသော်လည်း အကျဉ်းသား ၂,၈၀၀ အထိ ရှီနေသည်ကို တွေ့ရှိခဲ့သည်။

အကျဉ်းသား ၅,၀၀၀ သာဆန့်သော အင်းစိန်အကျဉ်းထောင်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကျဉ်းသား ၁၂,၃၉၂ အထိ ရှိနေသည်ကို တွေ့ရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ တရားခွင်မတင်မီ ထိန်းသိမ်းခံထားရသူများကလည်း ပြည့်ကြပ်မှုကို ပိုမိုဆိုးဝါးစေခဲ့သည်။ မယုတ်မလွန်ခန့်မှန်းချက်များအရ ယင်းသို့ ထိန်းသိမ်းခံရသူအရေအတွက်မှာ ထောင်ကျနေသူအားလုံး၏ ၁၀ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရားခွင်မတိုင်မီ ချုပ်နှောင်မှုက ဝင်ငွေနည်းမိသားစုများမှ ရောက်ရှိလာသူများကို မျှတမှုမရှိစွာ ထိခိုက်စေသည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် အာမခံကြေးနှင့် ရှေ့နေရှေ့ရပ်များငှားရန် မတတ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့မှာ မှားယွင်းဝန်ခံခြင်း၊ အပြစ်ရှိကြောင်း ဝန်ခံခြင်းတို့ ဖြစ်စေပြီး မျှတသည့်တရားခွင်တွင် ပြည်သူများ ရင်ဆိုင်ခွင့်ကို အဟန့်အတားဖြစ်ကာ မလိုအပ်ဘဲ ထောင်ကြပ်ခြင်းကိုမြင့်မားစေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

တရားခွင်မတိုင်မီ ချုပ်နှောင်ခြင်းက အလွန်အမင်း ကုန်ကျစေပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ရဲလုပ်ငန်းများဆောင်ရွက်မှုတွင် သုံးစွဲမှု တိုးမြင့်ခြင်းကဲ့သို့ ငွေကြေးသုံးစွဲမှုအတွက် ကြီးမားသည့်အခွင့်အလမ်းဆုံးရှုံးမှုကို ဖြစ်စေသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။ မူးယစ်မှုဖြင့် အကျဉ်းကျသူ အရေအတွက်ကလည်း အလွန်များပြားနေသည်။

မူးယစ်မှုဖြင့်အကျဉ်းကျနေသူများမှာ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု အကျဉ်းဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး၏ ပြောကြားချက်ကိုလည်း အစီရင်ခံစာက ကိုးကားဖော်ပြထားသည်။ အချို့အကျဉ်းထောင်များတွင် မူးယစ်မှုဖြင့် ရောက်ရှိလာသည့် အကျဉ်းသားအရေအတွက်က ပိုမိုများပြားနေသည်။ မြစ်ကြီးနားထောင်တွင် မူးယစ်မှု အကျဉ်းသားက ၇၀ ရာခိုင်နှုန်းအထိရှိသည်ဟု အရာရှိများက ပြောသည်။

မူးယစ်ဥပဒေများက အဓိကအားဖြင့် သုံးစွဲသူများနှင့် အသေးစား ရောင်းဝယ်သူများကိုသာ ပစ်မှတ်ထားလျက်ရှိပြီး လက်ကြီးသမားများ အဖမ်းခံ ထောင်ကျခံရမှုမှာ ရှားပါးကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။ ယင်းဥပဒေများအရ ထောင်ကျခံရသည့်ဦးရေကို လျှော့ချခြင်းဖြင့် အကျဉ်းသားဦးရေကို လျော့ကျစေမည်ဖြစ်သည်။ ပြည်သူများ လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ခြင်းအားဖြင့် ကြိုတင်ကာကွယ်ရေးအတွက် အခွင့်အလမ်းများ ရရှိလာပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်သည်ဆိုသည်။

အကျဉ်းသားများအား ကျွေးမွေးစရိတ်အကြောင်းကိုလည်း အစီရင်ခံစာက အနည်းငယ်ဖော်ပြထားသည်။ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ အကျဉ်းသားတစ်ဦးကို တစ်နေ့လျင် ကျွေးမွေးစားရိတ် ၉၇၅ ကျပ် သတ်မှတ်ထားသည်။ ပုံမှန်ကိုက်ညီသည့် အနေအထားသို့ အကျဉ်းသားအရေအတွက် လျှော့ခြင်းဖြင့် အစိုးရအနေဖြင့် တစ်နေ့လျင် ကျပ်၂၅ သန်း၊ သို့မဟုတ် တစ်နှစ်လျှင် ကျပ် ၉ ဒသမ၂၅ ဘီလျံသက်သာမည်ဖြစ်ကာ လက်ရှိသုံးစွဲနေမှု၏ ၂၈ ရာခိုင်နှုန်းကို လျှော့ချနိုင်မည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

ထောင်ကြပ်ခြင်းကို ဖြေရှင်းရန် ကျယ်ပြန့်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲမှုလုပ်ရန် လိုအပ်နေပြီဟု AAPP က ပြောကြားသည်။ စနစ်ကျသည့် ပြုပြင်ပြောင်းလဲမှုအဖြစ် လူမှုဆိုင်ရာတရားမမျှတမှုနှင့် အချိုးအစားမမျှတသည့် အပြစ်ပေးမှုများနှင့် လုံလောက်သည့် အာဏာခွဲဝေမှုမရှိခြင်းစသည့် ပြဿနာများကို ကိုင်တွယ်ခြင်းဖြင့် ထောင်ကြပ်ခြင်းကို ဖြေရှင်းနိုင်သည့် ရေရှည်လုပ်ဆောင်စရာများဖြစ်သည့် ဖြေရှင်းမှုများ ပြုလုပ်နိုင်မည်အပြင် အကျဉ်းသားများအတွက် မြင့်မားသည့် လူမှုရေးနှင့် ဘဏ္ဍာရေးကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဟု အစီရင်ခံစာကဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.