လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ

ကုလသမဂ္ဂအဖွဲ့ချုပ်၏ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ငြင်းခုံမှုများမှာ လေးနက်မှုနှင့် လက်ခံယုံကြည်နိုင်မှုများ မရှိသလောက် နည်းပါးနေသည်။

ခင်ဇော်ဝင်း ရေးသားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲပြောဆိုချက်များအတွက် သက်သေပြဆိုချက်မှာ တာဝန်ရှိသူများနှင့် အိမ်ရှင်နိုင်ငံသားများ အကြိုက်တွေ့သောအရာမျိုး မဟုတ်ပေ။ အမှန်တကယ် ကျူးလွန်သူများအတွက်မူ ပြောဖွယ်ရာပင် မရှိတော့ပေ။ သို့သော် မနှစ်လိုဖွယ်ရာများ ဖြစ်ပွားနေခြင်းကို ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ကျွနု်ပ်တို့က မည်သို့ဂရုတစိုက် စောင့်ကြည့်နိုင်ပါမည်နည်း။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ နိုင်ငံတကာ တရားရုံး တစ်ရုံး မဟုတ်သကဲ့သို့ စီရင်ဆုံးဖြတ်မှု၊ သို့မဟုတ် ဒဏ်ခတ်အရေးယူမှုများ မပြုလုပ်နိုင်ပေ။ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်ရန် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ခြင်းအပေါ် မြန်မာအစိုးရက တုံ့ပြန်ခဲ့သည်များကို နားလည်ပေးနိုင်ဖွယ် ရှိသော်လည်း ခွင့်လွှတ်ပေးနိုင်ဖွယ် မရှိပေ။ အထူးသဖြင့် မိမိ၏ ဒီမိုကရေစီအပေါ် ယုံကြည်သက်ဝင်မှုများကို ကြွားလုံးထုတ်လိုသော အရွေးချယ်ခံ အစိုးရတစ်ရပ်၏ တုံ့ပြန်ပြောဆိုမှုမှုများကို ဖြစ်သည်။ တကယ်တမ်းတွင် လက်ရှိအစိုးရ၏ ဝေါဟာရများအနက် “လူ့အခွင့်အရေး” ဟူသော အသုံးအနှုန်းမှာ အနည်းငယ်မျှသာ ပါဝင်ဖွယ်ရှိသည်။

ကျွနု်ပ်ပြောလိုသည့် ဆန္ဒအမှန်မှာ မြန်မာအစိုးရနှင့် ခေါင်းဆောင်များကို ဝေဖန်လိုရင်း မဟုတ်ချေ။ လက်ငင်းရင်ဆိုင်နေရပြီး လွယ်လင့်တကူ ဖျောက်ဖျက်၍ မရနိုင်သကဲ့သို့ ထိုသို့လည်း မကြိုးပမ်းသင့်သည့် ကိစ္စရပ်အပေါ် ကြောင်းကျိုးမှန်ကန်သော ချဉ်းကပ်မှုကို ထောက်ခံအားပေးလိုသော ဆန္ဒဖြင့်သာ ပြောဆိုခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုးရွားနေသော အခြေအနေတစ်ရပ်က ပို၍ဆိုးရွားသွားသည်ကို ကျွနု်ပ် မမြင်တွေ့လိုခြင်းပင် ဖြစ်သည်။

အစိုးရတစ်ရပ်သည် ခက်ခဲသော အခြေအနေတစ်ရပ်ကို ဝေ့ဝိုက်ရှောင်ရှားရန် နည်းလမ်းများ ရှာဖွေခြင်းထက် ရေရှည်အမြင်သဘောထားများဖြင့် ချဉ်းကပ်သင့်ပေသည်။ ၁၉၈၈ ခုနှစ်မှစ၍ ဆယ်စုနှစ် သုံးစုနီးပါးကြာ ကာလတစ်လျှောက် ဖြစ်ပုံပျက်ပုံများအတွက် မှန်ကန်သင့်လျော်သော သဘောထားများ မရှိခဲ့ပေ။ ကျူးလွန်ခဲ့သူများနှင့် ခံစားခဲ့ရသူများတွင် သူတို့ကိုယ်ပိုင် ပြန်ပြောင်းပြောပြချက်များ ရှိနေပေသည်။ ၁၉၈၈ မတိုင်မီနှစ်များကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက အရေအတွက် ပိုများသွားပေလိမ့်မည်။ အတိတ်ကို မေ့ပျောက်ရန် အတင်းအကျပ် ကြိုးပမ်းလာခဲ့ပါက ရှုပ်ထွေးသည့် အကျိုးဆက်များ ရှိလာပေလိမ့်မည်။

စစ်အာဏာရှင်စနစ်များနှင့် ဖိနှိပ်ချုပ်ချယ်သည့် အစိုးရများမှာ ကမ္ဘာတစ်လွှား ကျရှုံးသွားသည့်အလျောက် လက်တစ်ဆုပ်စာမျှသော နိုင်ငံများသည်လည်း နာကျည်းဖွယ် အတိတ်ကို ရှာဖွေဖော်ထုတ်ရန် အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်များကို ဖွဲ့စည်းခဲ့ကြသည်။ ရံဖန်ရံခါတွင် ထိုကော်မရှင်များအား အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ဖြင့် လွှမ်းမိုးထားသည်။ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ အတိုင်းအတာ ပမာဏအပေါ် မူတည်ကာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများသို့လည်း ဆင့်ခေါ်လေ့ရှိသည်။

ယင်းကြိုးပမ်းဆောင်ရွက်မှုအားလုံးတွင် အသုံးများသော ဝေါဟာရတစ်ရပ်မှာ နိုင်ငံတစ်နိုင်ငံ၏ အတိတ်က ဖုံးကွယ်အမှောင်ချထားသည့် အခန်းများကို အလင်းရောင် ဆောင်ကြဉ်းယူလာသည်ဟု အဓိပ္ပာယ်ရသည့် “အပြစ်ကင်းရှင်းကြောင်း ဖော်ပြသော လုပ်ငန်းစဉ်” ပင် ဖြစ်ပေသည်။

ကုလသမဂ္ဂအဖွဲ့ချုပ်၏ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ငြင်းခုံမှုများမှာ လေးနက်မှုနှင့် လက်ခံယုံကြည်နိုင်မှုများ မရှိသလောက် နည်းပါးနေသည်။ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လေးနက်သော စည်းမျဉ်းဥပဒေသများကို ဖော်ထုတ်သူတစ်ဦးအတွက် သတိပေးမှုမှာ ဆိုးကျိုးခံစားရသော လူမှုအသိုင်းအဝိုင်းများက ၎င်းတို့သည် တရားဥပဒေစိုးမိုးမှု လုံးဝမရှိခြင်း၏ သားကောင်များ ဖြစ်နေသလော၊ သို့မဟုတ် ၎င်းတို့တွင် တရားဥပဒေစိုးမိုးမှုှု အလွန်အမင်း ဖိစီးနေသလောဟု သိလိုဖွယ်ရှိနေခြင်းပင် ဖြစ်ပေလိမ့်မည်။

ယင်းအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့သည် မြန်မာနိုင်ငံက နိုင်ငံအမည်ခံ၍ မလုပ်ဆောင်လိုသော၊ သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းမရှိသော ကိစ္စရပ်များကို ဆောင်ရွက်သွားပေလိမ့်မည်။ ယင်းအဖွဲ့၏ ရှာဖွေတွေ့ရှိချက်များကို မဖြစ်မနေ လက်ခံရန် မလိုအပ်သော်လည်း ယင်းတို့က မြန်မာနိုင်ငံကို ပိုမိုခိုင်မာတောင့်တင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် အထောက်အကူ ပြုပေလိမ့်မည်။

အပြန်အလှန်အားဖြင့် ယင်း၏ဆောင်ရွက်ချက်များကို ဟန့်တားခြင်း၊ သို့မဟုတ် ကြားဝင်စွက်ဖက်ခြင်းများ ပြုပါက မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေများ ပျက်ပြယ်မသွားဘဲ ဆက်လက်တည်တံ့စေလိမ့်မည်ဖြစ်သည်။ သို့ဖြင့် အက်ကြောင်းများလည်း ပိုမိုကျယ်ပြန့်သွားစေလိမ့်မည်။ ယင်းမှာ ကျွနု်ပ်တို့အတွက် ရွေးချယ်စရာပင် ဖြစ်တော့သည်။

အန္တရာယ်မှာ ရိုဟင်ဂျာအရေး ဆိုသည်ထက်ပင် သိသိသာသာ ပိုနေသေးသည်။ မြန်မာနိုင်ငံသည် ချောက်ကမ်းပါးစွန်းမှ ပြန်လှည့်လာခဲ့သော နိုင်ငံဖြစ်သည်။ အာဏာရှင်စနစ်မှ အဆုံးအရှုံးများစွာဖြင့် ပြန်လှည့်လာခဲ့ပြီးဖြစ်သော်လည်း များစွာအောင်မြင်နေပြီဖြစ်သည်။ ထို့အတူ ဒေသတွင်း၌ တမူထူးခြားသည့် အခြေအနေကို ဖန်တီးနိုင်စွမ်းရှိသော အလားအလာရှိသည့် အလယ်အလတ်အဆင့်ရှိ အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ရှုမြင်ခြင်းခံထားရသည်။ အလားတူပင် အင်အားကြီး အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံနှင့် ရင်ဆိုင်ရပ်တည်နေရသေးသည်။

ထိုအခြေအနေများကြောင့် လူ့အခွင့်အရေးပိုင်းကို အရေးမပါလေဟန် သဘောထားခြင်းမှာ ပို၍ပင် လျော်ကန်မှု မရှိချေ။ ယင်းအနေအထားတွင် အဓိက စိုးရိမ်ပူပန်မှုမှာ (ဒီမိုကရေစီအစိုးရတစ်ရပ်ပင် ဖြစ်နေသည့်တိုင်) အစိုးရစနစ် ရှင်သန်မှုကို ထိခိုက်စေပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ဘေးအန္တရာယ်များ ထပ်မံဆိုးရွားသွားဖွယ် ရှိနေခြင်းဖြစ်သည်။

အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ကို အနှုတ်သဘောဆောင် ထင်မြင်သုံးသပ်ချက်များ၏ ဆုံမှတ်သဖွယ် သဘောထားတုံ့ပြန်ခြင်းသည် အလွန်ထိတ်လန့်ဖွယ်ရာ အမှားအယွင်းတစ်ရပ် ဖြစ်နိုင်ပေသည်။ ယင်းသည် ထိုနိုင်ငံ၏ ဆုံးရှုံးမှုများဆီအထိ ကိုယ်စားပြုနိုင်ပေသည်။ ယင်းတို့ကို အရှိအတိုင်း အသိအမှတ်ပြုခြင်းသည် မြန်မာနိုင်ငံသားများအား ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် အားလုံးပါဝင်နိုင်သည့် ပိုမို၍ လိုက်လျောညီထွေရှိသော အနာဂတ်ကို ဖန်တီးမြှင့်တင်ယူနိုင်ပေသည်။ အမှန်တကယ်လည်း ယင်းမှာ တစ်ခုတည်းသော အနာဂတ် ဖြစ်ပေသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.