လူမျိုးရေး ပဋိပက္ခနဲ့ စိန်ခေါ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အိမ်နီးနားချင်းကို ဆဲဆိုတယ်လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက် လူအုပ်စုရဲ့ ဝိုင်းဝန်း ရိုက်နှက်တာ ခံရတဲ့အပြင် သူ့ရဲ့နေအိမ်နဲ့ ကျေးရွာက ဗလီလည်း ဖျက်ဆီးခံလိုက်ရပါတယ်။

နောက်ပိုင်း ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုကြောင့် အခြေအနေတွေ ပြန်တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ နေအိမ်နဲ့ ဗလီကို အကြမ်းဖက် ဖျက်ဆီးခဲ့သူ ဘယ်သူမှ အရေးယူ မခံရပါဘူး။ အခုဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်ပေမဲ့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘာမှ ကွဲပြားခြားနားတာမျိုး မရှိပါဘူး။

ဖြစ်စဉ်၊ စ၊ လယ်၊ ဆုံး အားလုံး ဆင်တူယိုးမှားတွေပါပဲ။ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပွားလာဦးမလား၊ ဒီ ပြဿ      နာနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရအတွက် ဖိအားတွေ ဖြစ်စေမလား၊ ပြဿ  နာတွေ ပြေလည်အောင် ဘယ်လို ဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အရင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေမှာတော့ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ် ဘာသာဝင် ရွှေဆိုင်မှာ အရောင်းအဝယ် လုပ်တာကနေ စပြီး စကားများကြတယ်၊ အစ္စလာမ် ဘာသာဝင်တစ်ယောက်ရဲ့ စက်ဘီးနဲ့ ဗုဒ္ဓဘာသာ ကိုရင်လေး တိုက်မိကြတယ်၊ အစ္စလာမ် ဘာသာဝင် ဆိုင်ရှေ့မှာ ဆိုင်ကယ်ပါကင် ထိုးရင်း စကားများကြတယ် စတဲ့ သာမန် အဖြစ်အပျက်လေးတွေကနေ အစ ပြုပါတယ်။

အခု သူရဲသမိန်က ဖြစ်စဉ်မှာလည် မူဆလင် တစ်ယောက်က အိမ်နီးနားချင်းကို ဆဲတာကနေ အစ ပြုပါတယ်။ အရင် ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေတုန်းကလိုပဲ လူတစ်ယောက်က ဆဲဆိုတဲ့ ပြဿ  နာကနေ လူအုပ်စုကြီးက အဲဒီ လူကို ဝိုင်းရိုက်၊ နောက်တော့ အဲဒီလူရဲ့ နေအိမ်ကို လူအုပ်နဲ့ အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးရုံမက ဗလီကိုပါ ဝင်ဖျက်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ်။

ထုံးစံအတိုင်း နောက်ပိုင်း ရဲတပ်ဖွဲ့ ရောက်လာပြီး ပဋိပက္ခ ပိုမကြီးထွားအောင် ထိန်းသိမ်းပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း တိုင်ကြားသူ မရှိလို့ ဆိုပြီး နေအိမ်နဲ့ ဗလီ အကြမ်းဖက် ဖျက်ဆီးသူတွေကို စစ်ဆေး၊ အရေးယူ ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ နောက်ဆက်တွဲအဖြစ် အဲဒီကျေးရွာမှာ လူနည်းစု မူဆလင် တချို့ မနေရဲတော့ပါဘူး။ ပဋိပက္ခ ဖြစ်ပွားပြီး ရက်ပိုင်းမှာပဲ မူလဆင် ၄၄ ယောက် ရွာကနေ တခြား နေရာတွေဆီ ရွှေ့ပြောင်းသွားပါတော့တယ်။

သူရဲသမိန် ကျေးရွာက ဖြစ်စဉ်ဟာ ရှေ့ပိုင်းက အဖြစ်အပျက်တွေလို သာမန်ပြဿနာကို ဥပဒေအတိုင်း မဖြေရှင်းဘဲ လူအုပ်စုနဲ့ အကြမ်းဖက် ဖြေရှင်းရာကနေ အခုလို ပြဿ      နာမျိုး ပေါ်ပေါက်လာတာပါ။ အခုဖြစ်စဉ်ကိုကြည့်ရင် သူရဲသမိန်ရွာမှာ အိမ်ခြေ တစ်ထောင်ကျော်၊ လူဦးရေ ၆ ထောင်ကျော်ရှိတဲ့အနက် မူဆလင်က အိမ်ခြေ ၅၀၊ လူဦးရေ ၁၅၀ လောက်ပဲ ရှိတာမို့ တကယ့်ကို လူနည်းစုလေးပါ။ ဒါကြောင့် အဲဒီ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အပြန်အလှန် အကြမ်းဖက်မှု ဖြစ်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ လူများစုကနေ လူနည်းစုကို အကြမ်းဖက်ဖို့ ဖြစ်နိုင်သလို တကယ်လည်း အဲဒီလိုပဲ ဖြစ်သွားခဲ့တာပါ။

လက်ရှိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာရော၊ အရင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် အမုန်းတရား ပျံ့ပွားမှုက အရင် ရှိနေနှင့်ပြီး သာမန် ပဋိပက္ခ ဖြစ်လိုက်တာနဲ့ အကြမ်းဖက်မှုအဖြစ် အလွယ်တကူ အသွင်ကူးပြောင်းသွားတာ တွေ့ကြရမှာ ဖြစ်ပါတယ်။

အမုန်းတရား ဖြန့်ဖြူးနေတဲ့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့ ပါဝင်နေတာ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြဿ     နာ ဖြစ်နေတာမို့ အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်မယ့် ပြဿ     နာမျိုးတော့ မဟုတ်ပါဘူး။

ဒီအတွက် ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး မဖြစ်ပွားဖို့၊ လျော့နည်း ပပျောက်ဖို့ ဆိုရင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့၊ တရားဥပဒေ စိုးမိုးရေးကို ကောင်းကောင်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို ဥပဒေနဲ့အညီ အရေးယူဖို့ လိုပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ နည်းပေါင်းစုံနဲ့ အမုန်းတရား ဖြန့်ဖြူးမှု လုပ်နေတာတွေကို ကာကွယ်၊ တားဆီး၊ အရေးယူ၊ ပညာပေးကြဖို့ ဖြစ်ပါတယ်။

၂၀၁၂ လောက် စခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပျောက်ကွယ် မသွားတာဟာ တရားဥပဒေ စိုးမိုးမှုကို ကောင်းကောင်း အကောင်အထည် မဖော်လို့ပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် လူစုလူဝေးနဲ့ အကြမ်းဖက်တာကို ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်ခဲ့တဲ့အတွက် လူအများစုကြီးဟာ တစ်ဦးချင်း တစ်ယောက်ချင်း အကြမ်းဖက်မှု မလုပ်ရဲရင်သာ ရှိမယ်၊ လူအုပ်စုနဲ့ အကြမ်းဖက်ဖို့ကိုတော့ ဝန်မလေးကြတာ၊ မကြောက်ရွံ့ကြတာ တွေ့နိုင်ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အကြမ်းဖက်သူတွေကို အဲလို တိတိကျကျ အရေးမယူခဲ့လို့ အကြမ်းဖက်မှုတွေ ထပ်ကာ ထပ်ကာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒုတိယ တစ်ချက်ကတော့ အကြမ်းဖက်ဖို့ လှုံ့ဆော်တာကို အရေးယူဖို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် ပြဿ      နာ ဖြစ်လိုက်ပြီဆိုတာနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကို တွေ့ရမှာဖြစ်သလို တချို့ ဖေ့စ်ဘွတ်ခ် Facebook လို လူမှုကွန်ရက် စာမျက်နှာကနေ အကြမ်းဖက်ဖို့ လှုံ့ဆော်ကြတာမျိုးလည်း ရှိပါတယ်။

တချို့ ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးဆိုင်ရာ အစည်းအဝေးတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးလည်း လုပ်ကြပါတယ်။ အဲလို အကြမ်းဖက်ဖို့ လှုံ့ဆော်လို့ဆိုပြီး တစ်စုံတစ်ယောက် အရေးယူခံရတယ် ဆိုတာမျိုးလည်း ဒီကနေ့ အချိန်ထိ မကြားမသိကြရပါဘူး။

တတိယ အရေးကြီး အချက်ကတော့ အမုန်းတရား ဖြန့်ဖြူးနေမှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်က စပြီး ဘုန်းတော်ကြီး တချို့နဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းအကြားမှာ မူဆလင် မုန်းတီးရေး လှုပ်ရှားမှုတွေ လုပ်ကိုင်လာကြပါတယ်။ တရားပွဲတွေမှာ အမုန်းတရား ဖြန့်ဖြူးတာ လုပ်သလို၊ အဲဒီ တရားပွဲမှာ ပြောဆိုတာတွေကို စီဒီဓာတ်ပြားတွေနဲ့ ဖြန့်တာ၊ အွန်လိုင်းကနေ ဖြန့်တာမျိုးလည်း လုပ်ကြပါတယ်။

တချို့နေရာတွေမှာတော့ အမုန်းတရား ဖြစ်စေတဲ့ စာသားနဲ့ ဓာတ်ပုံတွေကို မိတ္တူကူးပြီး ဖြန့်ဝေတာ ရှိသလို ဗီနိုင်းပိုစတာတွေ ကပ်ပြီး ဖြန့်ဖြူးလှုံ့ဆော်တာလည်း ရှိပါတယ်။ တချို့နေရာတွေမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လေးတွေကို ယဉ်ကျေးလိမ္မာ သင်တန်းဆိုပြီး အမုန်းတရား ဖြန့်ဖြူးနေတာမျိုးလည်း ရှိနေပါတယ်။

လက်ရှိ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကတော့ ဒီလို အမုန်းတရား ဖြန့်ဖြူးနေတာကို ဥပဒေရေးဆွဲ အရေးယူဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးနေတဲ့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့ ပါဝင်နေတာ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ပြဿ      နာ ဖြစ်နေတာမို့ အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်မယ့် ပြဿ      နာမျိုးတော့ မဟုတ်ပါဘူး။

ခုလို အမုန်းတရား ဖြန့်ဖြူးတာ အပါအဝင် အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာတွေကို အရေးယူ ကိုင်တွယ်လို့ မရနိုင်သေးမချင်း မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားဖို့ အခြေအနေ ရှိနေဦးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေ စိုးမိုးရေး ကြွေးကြော်သံဟာလည်း စိန်ခေါ်ခံနေရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ခေါင်းစီးဓာတ်ပုံ- သူရဲသမိန် ကျေးရွာတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar