“လူမျိုးတုံးသတ်ဖြတ်မှုဟူသည့် အသုံးအနှုန်းကို ပရမ်းပတာ မသုံးသင့်”- ကိုဖီအာနန်

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲချက်များသည် အလွန်ပြင်းထန်ပြီး ဥပဒေကြောင်းဖြင့်သာ ပြန်လည်သုံးသပ်အတည်ပြုနိုင်မည်ဖြစ်သည်ဟု ကိုဖီအာနန်က ပြောကြားလိုက်သည်။

အောက်တိုဘာလက နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးနောက် မောင်တောဒေသတွင် စစ်တပ်က ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားကြသည်။

ပြည်နယ်တွင်းတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ သို့မဟုတ်၊ လူမျိုးစုကွယ်ပျောက်အောင် ရှင်းလင်းမှုများ ရှိနေသည်ဟု အချို့က ပြောကြားကြသည်။ သို့သော် အစိုးရက အဆိုပါအချက်များကို ငြင်းဆိုထားပြီး မမှန်မကန် ဆောင်ရွက်မှုများ မရှိသလို တပ်မတော်ကလည်း အင်အားကို လိုအပ်သလောက်သာ အနည်းဆုံး သုံးစွဲနေသည်ဟု တုန့်ပြန်ထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ခေါင်းဆောင်ဖြစ်သူ ကိုဖီအာနန်က အဆိုပါ စွပ်စွဲချက်များမှာ ပြင်းထန်သည့်စွဲချက်ဖြစ်သည်ဟု ပြောကြားသည်။

“ဒီစွဲချက်က ဥပဒေပိုင်းအရ ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို တရားစီရင်ရေးပိုင်းက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကို ပရမ်းပတာ လက်လွတ်စပယ် စွဲချက်တင်လို့မရပါဘူး” ဟု ၎င်းကပြောကြားသည်။

ကော်မရှင်စတင်ဖွဲ့စည်းပြီးချိန်က စတင်ကာ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်မြောက် ခရီးစဉ်သွားရောက်အပြီး ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် အောက်တိုဘာ ၉ ရက်နေ့က အစ္စလာမ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်သို့ ကော်မရှင်၏ ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

ကိုဖီအာနန်သည် ဒီဇင်ဘာ ၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုလည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

“ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးနဲ့ ရခိုင်ပြည်နယ်မှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ကျွန်တော်တို့ အလေးထား ဆွေးနွေးခဲ့ပါတယ်” ဟု ကိုဖီအာနန်ကပြောသည်။

၎င်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ တာဝန်ရှိသူများက ၎င်းနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့ကြသည်။ ရိုဟင်ဂျာဟူသည့် စကားလုံးကို ကိုဖီအာနန်က အသုံးပြုခြင်းမှာ ဘက်လိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောကြားကြသည်။ စစ်တွေနှင့် မြောက်ဦးတွင်မူ ဆန္ဒပြသူများက ကော်မရှင်အဖွဲ့ဝင်များကို ဆီးကြိုခဲ့ကြသည်။

မောင်တောဒေသတွင် စစ်ဆင်ရေးများ ဆောင်ရွက်ချိန်က စတင်ကာ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးအပါအဝင် အနည်းဆုံး လူ ၈၆ ဦးသေဆုံးခဲ့ကာ စစ်သွေးကြွများဟု သံသယရှိသူ ရာပေါင်းများစွာကိုလည်း ဖမ်းဆီးထားသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar