ဒေသအချို့မှာ မှုခင်းသတင်းထောက် အမည်ခံပြီး ငွေတောင်းခံမှုတွေနဲ့ ဥပဒေချိုးဖောက်မှုတွေ ရှိနေတာကို တားဆီးနိုင်ဖို့ ခက်ခဲနေပါသေးတယ်
ထွန်းခိုင် ရေးသားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့တုန်းက သတင်းထောက်လေးယောက်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတွေက ခေါ်ဆောင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း ဧရာဝတီနဲ့DVB သတင်းဌာနတွေက သတင်းထောက်သုံးယောက်ကို ရှမ်းပြည် မြောက်ပိုင်းမှာပဲ အာဏာပိုင်တွေ ကဖမ်းဆီးခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီတခေါက်ဖမ်းဆီးခံခဲ့ရတဲ့ သတင်ထောက် လေးယောက်ကတော့ အရင်ဖြစ်စဉ်တွေနဲ့မတူဘဲ ကွဲပြားနေပါတယ်။
တာချီလိတ်သတင်းဌာနရဲ့အဆိုအရ အဲဒီသတင်းထောက်လေးယောက်ဟာ သိန္ဒီနဲ့လားရှိုးမြို့နယ်တွေအတွင်း ပြည်ထောင်စုလမ်းမပေါ်ကနေ ဖြတ်သန်းနေကြတဲ့ မော်တော်ယာဉ်တွေကို မီဒီယာကတ်ပြပြီး မီဒီယာရန်ပုံငွေလို့ အမည်ခံကာ ငွေကြေးတောင်းခံနေတာကြောင့် အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ နေပြည်တော်က အထူးသတင်းထောက်အဖွဲ့လို့သူတို့ကိုယ် သူတို့ အမည်ပေးထားကြပါတယ်။ ပြီးတော့ ဖြတ်သန်းသွားတဲ့ မော်တော်ယာဉ်တစ်စီးကို ကျပ်တစ်သိန်းနှုန်း တောင်းခံခဲ့တယ်လို့ တာချီလိတ်သတင်းဌာနက ရေးသားထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ သတင်းထောက်အမည်ခံပြီး ပြည်သူတွေဆီက ငွေကြေးတောင်းခံတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။
“လားရှိုးမှာ အစကတည်းက မှုခင်းသတင်းထောက်လို့ အမည်ခံပြီး လောင်းကစားဝိုင်းတွေ၊ သစ်မှောင်ခိုတွေဆီမှာ ငွေတောင်းတာတွေ ရှိတယ်။ မြေယာကိစ္စတွေမှာ ငွေယူပြီး နှုတ်ပိတ်တာတွေရှိတယ်၊ သက်သေမပြနိုင်သေးလို့ မဖေါ်ပြသေးတာ” လို့ အဲဒီသတင်းကိုရေးသားတဲ့ တာချီလိတ်သတင်းဌာနက သတင်းထောက် ကိုနေဖြိုးမြင့်က ပြောပါတယ်။
သတင်းထောက်လို့ သူတို့ကိုယ်သူတို့ အမည်ခံထားကြတဲ့သူ ရာပေါင်းများစွာဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ သတင်းထောက်ကျင့်ဝတ်တွေ ချိုးဖောက်ပြီး ပြည်သူတွေဆီက ခြိမ်းခြောက် ငွေကြေးတောင်းခံနေကြတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေပါတယ်။
သူတို့ထဲကအချို့ကတော့ သူတို့ကိုယ်သူတို့ မှုခင်းသတင်းသတင်းထောက်လို့ အမည်ခံပြီး ပြည်သူတွေဆီကနေ ငွေကြေး တောင်းခံနေကြတာ ဖြစ်ပါတယ်။
ငွေကြေးတောင်းခံတာအပြင် ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့လည်း ပတ်သတ်နေတယ်လို့ သူတို့အပေါ် စွပ်စွဲချက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။
အဲဒီအထဲမှာ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေနေတဲ့ မှုခင်းရှုထောင့် သတင်းဂျာနယ်က သတင်းထောက် ဆိုသူတွေလည်း ပါဝင်ကြပါတယ်။။
သူတို့မှာ ကိုယ်ပိုင် တူညီဝတ်စုံတွေ ရှိကြပါတယ်။ ရဲအရာရှိတွေဆောင်းတဲ့ ဦးထုတ်မျိုးလည်း သူတို့ ဆောင်းကြပါတယ်။ အနက်ရောင်ဘက်သန်းတဲ့ တူညီဝတ်စုံတွေ ဆင်မြန်းထားတဲ့ အဲဒီသတင်းထောက်တချို့ဟာ ပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေအပြင် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သတ်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေပါတယ်။
အဲဒီဂျာနယ်ရဲ့ ဂုဏ်ထူးဆောင်နာယကကတော့ ပြည်ထဲရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ ဦးတင်လှိုင်ဖြစ်ပြီး နာယကနဲ့ ဥပဒေအကြံပေးအဖွဲ့ထဲမှာတော့ အစိုးရအရာနဲ့ရဲအရာရှိဟောင်း တစ်ဒါဇင်ကျော် ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ ၂၁ နှစ်ကတည်းက စတင်ထုတ်ဝေတဲ့ ဒီဂျာနယ်ဟာ တစ်နိုင်ငံလုံးမှာ ရုံးခွဲပေါင်း ၃၈ဝ လောက်ရှိပြီး သတင်းထောက်အင်အားက ၂ဝဝဝ ကနေ ၃ဝဝဝ ကြားရှိတယ်လို့ ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဦးသက်လွင်ဦးက ပြောပါတယ်။
မှုခင်းရှုထောင့် ပရဟိတအမည်နဲ့အဖွဲ့တစ်ခုလည်း ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့မှာတော့ လူဦးရေ ၂ဝ,ဝဝဝ လောက်ရှိတယ်လို့ ဦးသက်လွင်ဦးက Frontier ကို ပြောပါတယ်။
ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
သူတို့ဂျာနယ်က မှုခင်းသတင်းထောက် ထောင်ပေါင်းများစွာထဲမှာ ကျင့်ဝတ်ဖောက်ဖျက်တာ၊ ပြည်သူတွေဆီက ငွေကြေး တောင်းခံတာနဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သတ်တာတွေ ရှိတယ်ဆိုတာကို မှုခင်းရှုထောင့်ရဲ့ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ ဦးသက်နိုင်ဦးက ဝန်ခံပါတယ်။
“တချို့က ငွေတောင်းဖို့ သက်သက်အတွက်ဘဲ လုပ်ကြတာ။ ဘခြောက်လုံး တတ်လားဆိုတော့ မတတ်ကြဘူး” လို့ မေ ၁၄ ရက်နေ့တုန်းက ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်မှာ Frontier နဲ့တွေ့ဆုံစဉ် ဦးသက်နိုင်ဦးက ပြောပါတယ်။
ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတဲ့ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေကို ပြည်မထဲ တရားမဝင်ခေါ်ဆောင်လာတဲ့ ဖြစ်စဉ် အနည်းဆုံးနှစ်ခုမှာ မှုခင်းရှုထောင့် သတင်းထောက်တွေ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် မေလအတွင်းကလည်း ဧရာဝတီတိုင်းဝန်ကြီးချုပ် လက်မှတ်အတုထိုးပြီး မြေကွက်တွေရောင်းဖို့ ကြိုးစား ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မှုခင်းသတင်းထောက်ဆိုသူ တစ်ယောက်ကလည်း သူတို့ဆီမှာ သတင်းထောက်လုပ်နေသူဖြစ်တယ်လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။
လူပြောများလာတဲ့ မှုခင်းသတင်းထောက်တွေ အကျင့်ပျက်ခြစားမှုကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံအနှံ့က မှုခင်းသတင်းထောက်တွေကို တွေ့ဆုံပြီး ဆော်သြတာ တွေလုပ်မယ်လို့လည်း သူကကတိပြုခဲ့ပါတယ်။
အရင်က သူ့သတင်းထောက်တွေ သတင်းစာကျင့်ဝတ်နဲ့ မညီတဲ့ကိစ္စတွေ လုပ်ဆောင်နေတာတွေကို နှုတ်နဲ့ သတိပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့ အဖွဲ့တစ်ခုဖွဲ့လိုက်တယ်လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။
“ဒီနှစ်ကစပြီးတော့ ခြိမ်းခြောက် ငွေတောင်းတယ်ဆိုတာ သက်သေရှိရင် သူ့ဟာသူ တရားရုံးရောက်ရောက်၊ မရောက်ရောက် ထုတ်ပြီ” လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။
နောက်ပြီး အဖွဲ့ဂုဏ်သိက္ခာ ထိခိုက်အောင်လုပ်တဲ့အတွက် အဲဒီ သတင်းထောက်ကို တရားစွဲတာမျိုးလည်း လုပ်မယ်လို့ သူက ပြောပါတယ်။
ဒီလိုအရေးယူမှုတွေ ဆောင်ရွက်မယ်လို့ သူက Frontier ကို ပြောကြားခဲ့သလို ဇွန် ၇ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒိယာကောင်စီရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာလည်း ဦးသက်နိုင်ဦးက ကတိပြုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှုခင်း သတင်းထောက်အသင်း(ဗဟို) MCRA နဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက်တစ်ခုကို ဇွန် ၄ ရက်နေ့ ထုတ်ပြန်ခဲ့ပြီးနောက် အသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသက်လွင်ဦးကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။
အဲဒီသဘောထား ထုတ်ပြန်ချက်ထဲမှာတော့ “ဦးသက်နိုင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ ၉(ဈ) တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကျင့်ဝတ်နှင့် စည်းကမ်းအချက်များဖြစ်သည့် ၈-၁ ၊ ၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာခြင်းမရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက စစ်ဆေး ဆုံးဖြတ်ခဲ့ပါသည်”လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိသော အသင်းအဖွဲ့ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီလိုကြေညာခဲ့တဲ့အတွက် ဦးသက်နိုင်ဦးက အဖွဲ့ရဲ့ ရည်ရွယ်ချက်များအနက် သတင်းမီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် အချက်များကို ပယ်ဖျက်မည်ဖြစ်ကြောင်းနဲ့ အဖွဲ့ဝင်များအနေဖြင့် ကျင့်ဝတ်နှင့် မကိုက်ညီသည့် လုပ်ဆောင်မှုများ မရှိစေရန် ကြပ်မတ်ထိန်းသိမ်း၊ အပြစ်ပေးသွားမယ်လို့ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူများထံ ကတိပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
ဒါပေမယ့် မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိနေကြတဲ့ သတင်းထောက်ဆိုသူ ထောင်ပေါင်းများစွာရဲ့ လုပ်ရပ်တွေကို ဘယ်လောက်အထိ ကြပ်မတ်နိုင်မလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မှုခင်းသတင်းထောက်အမည်ခံသူတွေကြောင့် ပင်မရေစီးကြောင်းက သတင်းထောက်တွေဟာ ပြဿနာတွေ အတော်များများ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ဖြစ်ပါတယ်။
အလှမ်းဝေးတဲ့အရပ်ဒေသက ပြည်သူတွေဟာ သတင်းထောက်တွေလာရင် ကြောက်နေကြတယ်လို့ လားရှိုးမြို့က သတင်းထောက် ကိုကံသာက ပြောပါတယ်။
“မှန်မှန်ကန်ကန်လုပ်နေတဲ့ သတင်းထောက်တွေကိုပါ လူထုမျက်စိက သတင်းထောက်လာပြီဆိုရင် ပိုက်ဆံပေးရ မယ်ဆိုပြီး လူတွေထင်လာကြတယ်”လို့ ကိုကံသာကပြောပါတယ်။
မှုခင်းသတင်းထောက်တွေက ငွေကြေးတောင်းခံတဲ့အတွက် အရေးယူပေးဖို့ လွှတ်တော်အမတ်တွေက အစိုးရထံ အကူအညီ တောင်းတာတွေလည်း ရှိပါတယ်။
မှုခင်းသတင်းထောက်တွေ ငွေညှစ်တဲ့ကိစ္စကို အခြားသတင်းထောက်တွေက ဝိုင်းပြီး ဖော်ထုတ်ကြဖို့ ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာတုန်းက မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတာက သတိပေးခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း မှုခင်းသတင်းထောက်တွေ ကျင့်ဝတ်ဖောက်ဖျက်တဲ့ကိစ္စကို မတားဆီးနိုင်သေးပါဘူး။
“ပြည်သူတွေကိုလည်း မှာချင်တာက မီဒီယာသမားဆိုတိုင်း မကြောက်ဘဲနဲ့ အထောက်အထား ပြသခိုင်းစေချင်တယ်၊ မသင်္ကာရင် ဗွီဒီယိုလို သက်သေဖိုင်ယူထားပြီးတော့ သက်ဆိုင်ရာကို တိုင်ကြားစေချင်တယ်” လို့ တာချီလိတ်သတင်းဌာနက သတင်းထောက် ကိုနေဖြိုးမြင့်က ပြောပါတယ်။
ဦးသက်နိုင်ဦးကတော့ အကျင့်ပျက် မှုခင်းသတင်းထောက်တွေဟာ သူတို့ဂျာနယ်တိုက်က မူလရည်ရွယ်ထားတဲ့ မှုခင်းသတင်း စုဆောင်းရေးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ရေးဆိုတဲ့ ခေါင်းစဉ်ကို သွေဖယ်တာကြောင့် အဖွဲ့ထဲက ထုတ်ပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် သတင်းထောက်အမည်ခံပြီး ဥပဒေမဲ့လုပ်ရပ်တွေ လုပ်ဆောင်ကြတာကိုတော့ တားဆီးဖို့ ခက်ခဲပါတယ်။
သူတို့ ဂျာနယ်ကထုတ်ပစ်ခဲ့ပေမယ့် သတင်းစာလောကကတော့ ထွက်အောင် သူမလုပ်နိုင်ခဲ့ဖူးလို့ ဦးသက်နိုင်ဦးက ဆိုပါတယ်။
“အဲဒီလူဟာ နောက်ရက်မှာ အခြားမှုခင်း သတင်းဂျာနယ်တစ်ခုကို ရောက်သွားတယ်” လို့ သူက ပြောပါတယ်။
ဒီလိုနဲ့ သတင်းထောက် အမည်ခံထားတဲ့သူတွေဟာ အလုပ် တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့သွားကြပေမယ့် သတင်းစာကျင့်ဝတ် ဖောက်ဖျက်ပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတာတွေကတော့ မပြောင်းလဲဘဲ ဆက်ရှိနေဆဲပါ။
ခေါင်းစီးဓာတ်ပုံ- မြန်မာနိုင်ငံမှုခင်း သတင်းထောက်အသင်း(ဗဟို) ဥက္ကဋ္ဌနဲ့ မှုခင်းရှုထောင့်ဂျာနယ်အယ်ဒီတာချုပ် ဦးသက်လွင်ဦး။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး