လိပ်ကျွန်း (ကော့တောင်) လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား ကွင်းလုံးကျွတ်လွှတ်ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း (ကော့တောင်) ကျွန်း၌ ဗြိတိသျှနိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာလူမျိုးနှစ်ဦး၏ အမှုအား ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ်စီရင်ချက် ချမှတ်မည်ဖြစ်ရာ အမှုမှ ကွင်းလုံးကျွတ်လွှတ်ပေးရန် ရှေ့နေအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်တွင် သတင်း ထုတ်ပြန် တောင်းဆိုထားသည်။

ဟန်နာဝစ်ထာရစ်ချ် (၂၃နှစ်) နှင့် ဒေးဗစ်မီလ်လာ (၂၄နှစ်)တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ထိုင်းပင်လယ်အော်အတွင်းရှိ နာမည်ကျော်ကြားသော ကော့တောင်(လိပ်ကျွန်း)ပေါ်တွင် အသတ်ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် အသက်၂၂ အရွယ် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးလုံးကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု ပုဒ်မများတပ်၍ စွပ်စွဲခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးကလည်း ဖမ်းဆီးစစ်ဆေးခံနေရသည့် အစောပိုင်းကာလတွင် အပြစ်ကျူးလွန်မိကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာနေရာ၌ ပြစ်မှုကျူးလွန်ပုံကို အများပြည်သူရှေ့မှောက်၌ သရုပ်ဆောင်ပြခဲ့ပြီး စုံစမ်းစစ်ဆေးနေစဉ်တွင်လည်း သရုပ်ဆောင်ပြခိုင်းမှုများရှိခဲ့သည်။

ဖမ်းဆီးစစ်ဆေးခံရစဉ်က ၎င်းတို့ကို ညှင်းပန်းနှိပ်စက်ခဲ့၍ ဝန်ခံခဲ့ရခြင်းဖြစ်ကာ အပြစ်ကျူးလွန်ခြင်းမရှိကြောင်း ၎င်းတို့က တရားရုံးတွင် ထိုင်းရှေ့နေများကောင်စီမှလာသော ရှေ့နေအဖွဲ့ကို ဖွင့်ဟပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစွပ်စွဲခံရသူတို့က ဝန်ခံချက်ပေးခဲ့သည်ဟုဆိုရာတွင် မိမိသဘောနှင့်မဟုတ်ပဲ ညှင်းပန်းနှိပ်စက်၍ အသက် အန္တရာယ်ကို ခြိမ်းခြောက်ကြောက်ရွံ့စေခြင်းကြောင့်သာ ပေးခဲ့ရခြင်းဖြစ်သလို၊ ဤကဲ့သို့ နှိပ်စက် ခြိမ်းခြောက်မှုများမှာလည်း ကော့တောင်ကျွန်းပေါ်ရှိ မြန်မာအလုပ်သမားတို့အပေါ် အမြဲဖြစ်ပွားခဲ့သည့် သာဓကရှိခဲ့သည်။ အပြစ်ကျူးလွန်ကြောင်း ဝန်ခံချက်ကို စာဖြင့်ရေးသားပြီး လက်မှတ်ထိုးထားခြင်း၊ အခြား စာရွက်စာတမ်းများ၌ လက်မှတ်ထိုးထားခြင်းတို့သည်လည်း အတည်မယူသင့်ပေ။ အတင်းအကြပ် လက်မှတ်ထိုးခိုင်းခြင်းသာဖြစ်သလို မည်သည့်စာရွက်စာတမ်းဖြစ်ကြောင်း၊ မည်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်း ရှင်းပြခဲ့ခြင်းမျိုးလည်း မရှိခဲ့ပါ။ တရားရုံးတော်သို့ တင်ပြခဲ့သော ဗွီဒီယိုမှတ်တမ်းတင်ထားသည့် ဝန်ခံနေပုံ၊ သရုပ်ပြနေပုံတို့မှာလည်း ခြိမ်းခြောက် နှိပ်စက်ခံထားရခြင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် တရားရုံးအနေဖြင့် ၎င်းမှတ်တမ်းကို အသိအမှတ်မပြုသင့်ကြောင်း တင်ပြလိုသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစွပ်စွဲခံတို့ကို အမှုစွဲချက်တင်သည့် သက်သေအထောက်အထားများတွင် အခင်းဖြစ်ပွားရာနေရာကိုပြသောဓါတ်ပုံများ၊ အလောင်းခွဲစိတ် မှတ်တမ်းများ၊ ဒီအန်အေစစ်ချက် ဖေါ်ထုတ်သည့်အဆင့်များ၊ မှုခင်းသိပ္ပံဆိုင်ရာ လုပ်ထုံးလုပ်နည်းအဆင့်များကို ထိန်းချုပ်သည့် စာရွက်စာတမ်းများ၊ ဒီအန်အေအသေးစိတ် စစ်ဆေးဖေါ်ထုတ်သည့် ဓါတ်ခွဲခန်းမှတ်တမ်းများ စသည်တို့ ပြည့်စုံအောင်မပါရှိပါ။ ထို့အပြင် ကျူးလွန်သည့်သူ၏ ဒီအန်အေရှိနိုင်သော သေဆုံးသူအမျိုးသမီး၏ အဝတ်အစားများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများပေါ်တွင် စစ်ဆေးမှုမရှိခြင်း (သို့မဟုတ်) စစ်ဆေးမှုရှိခဲ့သော်လည်း အမှုတွဲတွင် သက်သေအဖြစ် မတင်ပြခြင်းတို့သည် သံသယဖြစ်ဖွယ် ကောင်းသည်။ စီစီတီဗွီမှတ်တမ်းများ တင်သွင်းရာတွင် မပြည့်စုံသည့်အပြင် လက်ဗွေရာနှင့် ခြေရာများယူဆောင် တင်သွင်းလာခြင်းလည်း မရှိပေ။
အစီရင်ခံစာကို အကျဉ်းချုပ်ရလျှင် မိမိတို့အစွပ်စွဲခံများ၏ အထက်ပါတင်ပြချက်အကြောင်းအရာများကို ထောက်ရှု၍ အစွပ်စွဲခံရသူများကို ကွင်းလုံးကျွတ်လွှတ်ပေးသင့်ကြောင်း ရုံးတော်သို့တင်ပြအပ်ပါသည်” ဟု ဖော်ပြထားသည်။

အမှုကို ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်တွင် စတင်ကာ စုစုပေါင်း ၂၁ ရက် တိုင် ကော့စမွေ တရားရုံးတွင် စစ်ဆေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ရုံးချိန်းများ ပြီးဆုံးခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (Migrant Worker Rights Network-MWRN) နှင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူအဖွဲ့များက အမှုတွင် ကောင်းမွန်လုံလောက်စွာ ခုခံကာကွယ်ခွင့်၊ တသော မျှတသည့် တရားစီရင်မှုနှင့် မတရားပြုလုပ်ခံရခြင်းများ မရှိစေရန်အတွက် ထိုင်းနိုင်ငံ၊ ရှေ့နေများကောင်စီအနေဖြင့် ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုခဲ့ပြီး ရှေ့နေများကောင်စီက အစွပ်စွဲခံရသူများဖက်မှ ခုခံလျှောက်လဲ လိုက်ပါဆောင်ရွက် ပေးခဲ့ကြသည်။

သတင်း- Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar