ရန်ကုန်၊ မတ် ၁
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်မှုဖြင့် စွပ်စွဲခံထားရသူ ဝင်းနှင့်ဇော်အမှုကို အယူခံတရားရုံးက ၎င်းထက်တစ်ဆင့်နိမ့် တရားရုံးက ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်အတိုင်းသာ ပြန်လည် ချမှတ်လိုက်သည်။
“အယူခံရုံးဆုံးဖြတ်ချက်ကို ဒီမနက် သတင်းတွေမှာ ပါလာမှသိရတယ်။ အမှုလိုက်ရှေ့နေလည်း ဒီမနက်မှပဲ သိရတာ။ အဲဒီဆုံးဖြတ်ချက်က ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးတာမဟုတ်လို့ ကျွန်တော်တို့ လုပ်နိုင်တာတွေကို ထိုင်းအစိုးရထံ တောင်းဆိုသွားဦးမယ်” ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ယက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားများဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ချ်တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည့် ကိုဝင်းဇော်နှင့် ကိုဇော်လင်းတို့ကို ဖမ်းဆီး၍ လူသတ်မှု အပါအဝင် အမှု ခုနစ်မှုဖြင့် ကော့စမွီတရားရုံးက တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက်၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သေဒဏ်အမိန့်ချမှတ်ခဲ့မှုကို တရားခံရှေ့နေများဘက်က စာမျက်နှာပေါင်း ၁၈၉ မျက်နှာပါ အယူခံ လျှောက်လဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဝင်းနှင့် ဇော်အမှုကို ထိုင်းနိုင်ငံရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေ ခုနစ်ဦးက အဓိက ဦးဆောင်ကာ အမှုကို ကိုင်တွယ် ဆောင်ရွက်နေခြင်းလည်ဖြစ်သည်။ ၎င်းရှေ့နေများသို့ပင် အသိပေးခြင်းမရှိပဲ၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အယူခံရုံးအဆုံးအဖြတ်ကို ဝင်းနှင့်ဇော်ရှေ့တွင် ဖတ်ပြခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ရေးသားချက်ကို ကိုးကားကာ ဦးစိန်ဌေးကပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအဖွဲ့ဝင်များကမူ အယူခံရုံးသို့ တင်ပြသည့် အမှုအခြေအနေမှာ ၎င်းတို့တရားခံဟု ယူဆရသူများဖက်မှ အားသာမှုများရှိပြီး ကော့စမွေတရားရုံးက ချမှတ်ထားသည့် သေဒဏ်ကို လျော့ပေါ့ပေးနိုင်သည်ဟု မျှော်မှန်းထားကြသည်။
ထိုင်းရှေ့နေများကောင်စီမှ အမှုလိုက်ရှေ့နေများက ယင်းအမှုကို အမြင့်ဆုံးတရားရုံးဖြစ်သည့် ဗဟိုတရားရုံးချုုပ်အထိ တက်ကာ အယူခံဝင်သွားမည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြကြကြောင်း ဦးစိန်ဌေးကဆိုသည်။
သတင်း-ဟိန်းကိုစိုး