လိင်ပိုင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးတို့တွင် သတင်းမှားများ ဖြန့်ချိခြင်း

မမျှော်လင့်ဘဲရရှိသော ကိုယ်ဝန်များအကြောင်း ဖော်ပြထားသည့် လူမှုကွန်ရက်မီဒီယာ တစ်ခုမှ သတင်းမှားများက သားဆက်ခြား ကလေးရယူခြင်းဆိုင်ရာ တိကျမျှတသော သတင်းအချက်အလက်များနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အမျိုးသမီးများ ရရှိဖို့လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြလိုက်သည်။

ဖီအိုနာ မက်ဂရီဂေါ ရေးသားသည်။

ဒီလို မလုပ်နဲ့။ တကယ်ပြောနေတာ၊ တကယ်ပါ။ မြန်မာ့လူမှုကွန်ရက် မီဒီယာများပေါ်တွင် မကြာသေးမီက ပျံ့နှံ့ခဲ့ပြီး အမျိုးသမီးငယ်များအား မမျှော်လင့်ဘဲ ရရှိသော ကိုယ်ဝန်များနှင့် ကိုယ်ဝန်ဖျက်ချခြင်းများဆိုင်ရာ မှားယွင်းသော သတင်းအချက်အလက်များဖြင့် ကြောက်လန့်အရှက်ရစေရန် ကြိုးပမ်းခဲ့သည့် “ဒီလိုမလုပ်နဲ့” ဟု အမည်ပေးထားသော ဗီဒီယိုသည် အလွန်အမင်း ဆိုးရွားလှသည်။

နာမည်ကျော် အားဖြည့်အချိုရည် ကုမ္ပဏီတစ်ခုက ကူပံ့ပေးထားပြီး Myanmar Media 7 မှ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရုပ်သံဇာတ်လမ်းအတိုတွင် အမျိုးသမီးငယ်တစ်ဦး၏ ဇာတ်ကြောင်းကို ပုံဖော်ထားသည်။ ထိုအမျိုးသမီးငယ် နိုက်ကလပ်တစ်ခုတွင် ကခုန်နေပုံများနှင့် ကိုယ်ဝန်မရမီက အမျိုးသားများစွာနှင့် ချိန်းဆိုအိပ်စက်ခဲ့ပုံများကို သရုပ်ဖော် ပြသထားသည်။

ပညာပေးရန် ရည်ရွယ်သည်ဆိုပါက ယင်းမှာ အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်ရာ ကောင်းလှပေသည်။

မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိရသည့် အကြောင်းတရားများကို ညွှန်းဆိုဖော်ပြမှု အနည်းငယ်သာ ပြုလုပ်ခဲ့သည်။ ရုပ်သံပြကွက်ပါ အမျိုးသမီးငယ်က ရေကူးကန်တွင် ဖျော်ရည်ကို ညှို့ချက်ပြင်းပြင်းဖြင့် သောက်သုံးခြင်းကြောင့် ဖြစ်ခဲ့ပါသလား။ ကားတစ်စီး၏ ခေါင်မိုးပေါက်မှ ခေါင်းထုတ်ကာ ရန်ကုန်မြို့အနှံ့ ညအခါ သွားလာချိန်တွင် ဖြစ်ခဲ့ပါသလား။ သို့မဟုတ် ရုပ်သံပြကွက်တွင် ခိုင်ခိုင်မာမာ ညွှန်းဆိုပြသထားသကဲ့သို့ တင်းကြပ်သော လူမှုအစဉ်အလာ ဓလေ့ထုံးတမ်းများကို လိုက်နာရန် ပျက်ကွက်သည့် အမျိုးသမီးတစ်ဦး ဖြစ်နေခြင်း၏ အကျိုးဆက်သက်သက်ကြောင့်လား။

သို့သော် ယင်းဗီဒီယို၏ “လျှပ်ပေါ်လော်လီ ဝတ်စားနေထိုင်ခြင်းကို ရှုတ်ချသော” သတင်းစကားကိုယ်တိုင်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဆိုပါက (ထိုအထဲ၌ အမျိုးသားများမှာမူ အလားတူ အကဲဖြတ်ခံရခြင်း မရှိပေ) ကိုယ်ဝန်ဖျက်ချခြင်းအပေါ် သရုပ်ဖော်ပြသခြင်းမှာ အလွန်တုန်လှုပ်ဖွယ်ရာ ပြသမှုတစ်ခုပင် ဖြစ်လာခဲ့သည်။ ဆေးဝါးအသုံးပြု သန္ဓေတားမြစ်မှု (သန္ဓေတားဆေး သောက်သုံးခြင်း) နှင့် ခွဲစိတ်မှုပါဝင်နေသော ကိုယ်ဝန်ဖျက်ချမှုတို့၏ ခြားနားချက်များကို ဇဝေဇဝါဖြစ်စေပြီး အမျိုးသမီးငယ်မှာ ဖျက်ချလိုက်သော သန္ဓေသားကို ကြည့်ရှုရန် ဖိအားပေးခြင်း ခံရပြီးနောက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ မချိတင်ကဲ ဝေဒနာများခံစားနေရသော အနေအထားဖြင့် အဆုံးသတ်ခဲ့သည်။

ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်မပြုသည့် မြန်မာကဲ့သို့ နိုင်ငံများရှိ အမျိုးသမီးများအတွက် အဖြစ်မှန်မှာ အမျိုးသမီးငယ်များသည် သင့်လျော်မှန်ကန်သော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကိုယူ၍ ကိုယ်ဝန်မရှိအောင် ရှောင်ရှားနိုင်ပါလျက် အခန့်မသင့်ပါက အသက်ပင် ဆုံးပါးစေနိုင်သည့်၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ရရှိနိုင်သည့် ကိုယ်ဝန်ဖျက်ချမှုကို မကြာခဏ ကျူးလွန်နေကြကြောင်း ဝမ်းနည်းဖွယ် တွေ့နေရခြင်း ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းကို ဆွေးနွေးငြင်းခုံမှုများမှာ ကမ္ဘာ့နေရာများစွာ၌ ဆက်လက်၍ သဘောထား ကွဲလွဲနေသေးပါက တိကျမျှတသော သတင်းအချက်အလက်များ ရယူခွင့်၊ သားဆက်ခြား ကလေးယူခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ခွင့်တို့ကို အမျိုးသမီးများ အစဉ်အမြဲ ရရှိအောင် ကာကွယ်ပေးသင့်ပေသည်။

ထို့ပြင် ကမ္ဘာ့အမျိုးသမီးထုအတွက် သားဆက်ခြား ကလေးယူခြင်းနှင့် သားသည်မိခင် ကျန်းမာရေး ဝန်ဆောင်မှုများ ဖော်ဆောင်ပေးခြင်းအပြင် သားသည်မိခင် သေဆုံးမှုများ မဖြစ်စေရန် ကြိုတင်ကာကွယ်ပေးခြင်းတို့အတွက် အလွန်တရာ အရေးပါသော ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ကို ဘဏ္ဍာငွေပံ့ပိုးမှု ရပ်ဆိုင်းတော့မည်ဟု အမေရိကန်အစိုးရက ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။ တနည်းအားဖြင့် UNFPA ၏ လုပ်ငန်းများကို အမျိုးသမီးနှင့် ကလေးငယ်များအား ကယ်တင်ခြင်းအပေါ် တိုက်ရိုက်ဇောင်းပေး လုပ်ဆောင်လျက်ရှိသည်။

ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ဝန်ဆောင်မှု၊ သို့မဟုတ် အကြံဉာဏ်ပေးမှု စသည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုခုအတွက် အမေရိကန် ရန်ပုံငွေထောက်ပံ့မှု ပိတ်ပင်ခြင်းကို သမ္မတ ဒေါ်နယ်ထရမ့်က ယခုနှစ် အစောပိုင်းတွင် ပြန်လည်အသက်သွင်းခဲ့ပြီးနောက် ယင်းဘဏ္ဍာငွေဖြတ်တောက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရန်ကုန်မြို့ အထူးကုဆေးခန်းတွင် ကိုယ်ဝန်ဆောင်တစ်ဦး စစ်ဆေးကုသမှု ခံယူစဉ်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ရန်ကုန်မြို့ အထူးကုဆေးခန်းတွင် ကိုယ်ဝန်ဆောင်တစ်ဦး စစ်ဆေးကုသမှု ခံယူစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

အမေရိကန် ပြည်ထောင်စုသည် ယခင်အဆင့်များရှိ အမျိုးသမီးများ၏ မျိုးဆက်ပွား ကျန်းမာရေး လုပ်ဆောင်ချက်များကို ထောက်ပံ့ရန် ပျက်ကွက်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ပေ။ ပြီးခဲ့သည့်နှစ်ကလည်း ဒိန်းမတ်နိုင်ငံက UNFPA ကို ထောက်ပံ့ငွေ သိသိသာသာ လျှော့ချမည်ဟု ကြေညာခဲ့သည်။ ကမ္ဘာတလွှားရှိ အလှူရှင်များက ကမ္ဘာ့ဒုက္ခသည် အကျပ်အတည်းအပေါ် ပိုမိုအာရုံပြုလာသည့်အလျောက် အဓိကကျသော အမျိုးသမီးများဆိုင်ရာ ဝန်ဆောင်မှုများကို လက်လွတ်ဆုံးရှုံးမည့်အရေးကို စိုးရိမ်ရလျက်ရှိသည်။ ယင်းသို့သော ထောက်ပံ့မှုကို ရွှေ့ပြောင်းအခြေချသူ အမျိုးသမီးများက အထူးလိုအပ်သည်ဟူသော လွဲမှားစွာ ယူဆနေခြင်းကြောင့်ပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွေးဖွားမှုပေါင်း ၁၀၀,၀၀၀ တွင် မိခင် ၂၈၂ ဦးသေဆုံးရခြင်း၊ သို့မဟုတ် နေ့စဉ် လူရှစ်ဦးခန့် သေဆုံးနေခြင်းကို တွေ့နေရသည်။ ယင်းနှုန်းထားမှာ ဒေသတွင်း နှုန်းထားများထက် နှစ်ဆပိုများနေသကဲ့သို့ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ မွေးဖွားမှုပေါင်း ၁၀၀,၀၀၀ တိုင်းတွင် မိခင်သေဆုံးမှု ၂၀ ထက် ဆယ်ဆကျော် ပိုများနေသည်။ ပိုမိုကောင်းမွန်သည့် သားဆက်ခြား ကလေးယူခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လိုအပ်နေခြင်းမှာ ခိုင်မာလှပေသည်။

“ဒီလိုမလုပ်နဲ့” ဟု အမည်ပေးထားသော ပညာပေးဗီဒီယိုတွင် အပြုသဘောဆောင်မှု တခုတလေ ပါရှိပါသေးသည်ဆိုပါက ကျား/မခွဲခြားဆက်ဆံခြင်းနှင့် သတင်းအချက်အလက်မှားများကို ငြင်းပယ်သည့် အမျိုးသမီးများ၏ ဖေ့စ်ဘွတ်ပေါ်မှ တုံ့ပြန်ရေးသားချက်အချို့သာ ဖြစ်ပေသည်။

“ဒီလိုအကြောင်းအရာအစား အမျိုးသမီးတွေနဲ့ အမျိုးသားတွေအတွက် မျိုးဆက်ပွား ထိန်းချုပ်ရေးဆိုင်ရာ ရွေးချယ်စရာ နည်းလမ်းတွေကို ဘာလို့မတင်ပြသလဲ။ SDT (လိင်မှတဆင့် ကူးစက်သော ရောဂါများ) အကြောင်းကို ပညာပေးပါလား။ ဒါက ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်ဖို့ ကျွန်မ လက်ခံလာအောင် မဆွဲဆောင်နိုင်ပါဘူး” ဟု အမျိုးသမီးတစ်ဦးက ရေးသားထားသည်။

အခြားတစ်ဦးကလည်း “ဒီမှာ သတင်းအမှားတွေ အများကြီး ပါနေတယ်။ ကလပ်သွားတဲ့ အပေါင်းအသင်းဆံ့တဲ့ မိန်းကလေးတိုင်း ကိုယ်ဝန်ရတာမျိုး မဟုတ်ပါဘူး။ (တကယ်တမ်းမှာ ဆင်းရဲနွမ်းပါးပြီး ပညာချို့တဲ့တဲ့ မိန်းကလေးအများစုသာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတာပါ။) ပြီးတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးတွေ သောက်တာက လက်နဲ့နှိပ်ချတာနဲ့ ကွာပါတယ်။ ပြီးတော့ ဒါက ‘ပညာပေး’ အကြောင်းအရာ ဖြစ်တာကြောင့် မမျှော်လင့်ဘဲရရှိတဲ့ ကိုယ်ဝန်တွေကို ကြိုတင်ကာကွယ်ဖို့ သားဆက်ခြားကိရိယာတွေ၊ လိင်ဆက်ဆံပြီးပြီးချင်း သောက်ရတဲ့ တားဆေးတွေ အစရှိတာတွေလို ရွေးချယ်နိုင်တဲ့ နည်းလမ်းတွေကို ချပြအသိပေးလိုက်ဖို့ ကောင်းပါတယ်” ဟု ရေးသားဖော်ပြထားသည်။

အမျိုးသမီးငယ်များက မိမိတို့ကိုယ်တိုင်နှင့် အခြားသူများအတွက် မားမားမတ်မတ် ရပ်တည်ကာ အငြင်းပွားဖွယ်ရာနှင့် စိတ်ထိခိုက်ဖွယ်ရာ အခိုက်အတန့်မှာပင် ကျားမခွဲခြားမှုမရှိ၊ ဘက်လိုက်မှုကင်းကင်းဖြင့် တိကျသော သတင်းအချက်အလက်များ ရရှိရန် ၎င်းတို့အခွင့်အရေးအတွက် ခုခံကာကွယ်နေသည်များကို တွေ့မြင်ရသည်မှာ အလွန်အားရစရာကောင်းလှသည်။

သို့သော် ယင်းသို့ စိတ်ဓာတ်ခိုင်မာ၍ အသိကြွယ်သော အမျိုးသမီးများအကြားမှာပင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ရွေးချယ်မှုများနှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာဗဟုသုတများတွင် မြင်သာသည့် ကွာဟချက်များ ရှိနေခဲ့သည်။

တုံ့ပြန်ရေးသားသူ နောက်တစ်ဦးကမူ အရေးပေါ်တားဆေးနှင့် ယင်း၏ အလုပ်လုပ်ပုံတို့ကို သိရှိထားကြောင်း ရှင်းရှင်းလင်းလင်း ပြောနိုင်သော်လည်း “သန္ဓေသားအား ဆေးတစ်လုံးသောက်လိုက်မျှဖြင့် ဖျက်ချနိုင်ခြင်းကို သံသယဝင်မိကြောင်း” ဆိုသည်။

နောက်တစ်ဦးကလည်း လိင်ကိစ္စ ဆွေးနွေးကြတိုင်း အမျိုးသမီးငယ်များ ရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံခံရမှုများနှင့် စိန်ခေါ်မှုများကို မီးမောင်းထိုးပြခဲ့ပြီး ပညာပေးဗီဒီယိုပါ သရုပ်ဆောင်အမျိုးသမီး၏ ဂုဏ်သတင်းမှာ ယင်းဇာတ်ရုပ်ကို သရုပ်ဆောင်ခြင်းအားဖြင့် ကျဆင်းခဲ့ရသည်ဟု သူယုံကြည်ကြောင်း ရေးသားခဲ့သည်။

“ကျွန်မက အပျိုစစ်စစ်တစ်ယောက်ပါ။ ဒါပေမဲ့ လူတိုင်းက တစ်ညတာအတွက် ကွန်ဒုံးတွေ သုံးနေကြမှန်း ကျွန်မသိပါတယ်။ [ဒီဗီဒီယိုကို] ရှင်တို့တင်ပြတဲ့ပုံစံက အဲဒီမိန်းကလေးရဲ့ သရုပ်ဆောင်ဘဝကို လုံးဝဥဿုံ ဖျက်ဆီးပစ်ခဲ့တာပါ” ဟု ရေးသားဖော်ပြခဲ့သည်။

ပိုမိုနက်နဲသော လူမှုပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းပေးမည့်အစား အမျိုးသမီးများ၏ ခံစားတွေးခေါ်မှုနှင့် လွတ်လပ်မှုတို့ကို ဆန့်ကျင်လိုခြင်းသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းအများစုတွင် စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုနှစ် သြင်္ကန်မဏ္ဍပ်များအနီးတွင် ယမကာ သောက်သုံးခြင်းကို အရေးယူရန် ကြေညာခြင်းမှာ သာဓကတစ်ခုပင် ဖြစ်ပေသည်။

“မိဘတွေက မဏ္ဍပ်တွေပေါ်မှာ သူတို့သမီးတွေကို မြင်တွေ့ပြီး ထိတ်လန့်တုန်လှုပ်ရမယ့် အခြေအနေမျိုးကို ကျွန်တော်တို့ အဆုံးသတ်ပစ်ပါတော့မယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏မှတ်ချက်မှာ သားသမီးများ၏ ဟီရိသြတ္တပတရားထက် မိမိတို့၏ ဟိရိသြတ္တပတရားကို ဦးစားပေးသော အစဉ်အလာ ယဉ်ကျေးမှုတန်ဖိုးကို ထင်ဟပ်ဖွယ်ရှိသော်လည်း ယင်းအချက်ကပင် ရှိရင်းစွဲ ကျား/မခွဲခြားဆက်ဆံမှုတစ်ရပ်ကို ထုတ်ဖော်ပြသနေပေသည်။

သြင်္ကန်ပွဲတော်အတွင်း ရေကစားထွက်သည့် အမျိုးသားများက မဖွယ်မရာပြုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ကျူးလွန်သည်ဟူသော လူပြောများသည့် သတင်းများကို မျက်ကွယ်ပြုကာ အများသူငှာမြင်ကွင်းတွင် ပျော်မွေ့နေကြသည်ဟု အမြင်ခံရသည့် “အပြစ်” မျှသာ ကျူးလွန်သည့် အမျိုးသမီးငယ်များ၏ အပြုအမူအပေါ် အာရုံပြုကာ “မျက်နှာမပျက်စေရန် ကြိုးပမ်းခြင်း” သည် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ခြင်းထက် ပိုမိုအရေးကြီးသည်ဟူသော အတွေးအခေါ်ကို အားပေးမြှင့်တင်ရာရောက်ပေသည်။

ယင်းအပြုအမူမျိုးသည် အိမ်တွင်းအကြမ်းဖက်မှုများကို အမျိုးသမီးများက လျှို့ဝှက်ဖုံးဖိထားစေခြင်း၊ လိင်ပိုင်းအနိုင်ကျင့်မှုများကို အသိမပေးဘဲထားခြင်းနှင့် လူမှုအသိုင်းအဝိုင်းအချို့၌ အဓမ္မပြုကျင့်ခံရသူများအား “မိသားစုဂုဏ်သိက္ခာကို ကာကွယ်ရန်” အဓမ္မပြုကျင့်သူနှင့် ဖိအားပေးလက်ထပ်စေသော အလေ့အထများ ကျင့်သုံးခြင်းတို့ဆီသို့ ဦးတည်သွားစေသည်။

လွန်ခဲ့သော နှစ်များအတွင်းက သားဆက်ခြားခြင်းကို ပိတ်ပင်၍ “အကျင့်သိက္ခာ” ထိန်းချုပ်သည့် ဉာဏ်အမြော်အမြင်မဲ့သော ကြိုးပမ်းမှုတစ်ခုတွင် သြင်္ကန်ကာလအတွင်း ရန်ကုန်အာဏာပိုင်များက ဈေးဆိုင်များ၏ စင်များပေါ်မှ ကွန်ဒုံးများ ဖယ်ရှားရန် တောင်းဆိုခဲ့သည်။

“ဒီလို မလုပ်နဲ့” ဟု အမည်ပေးထားသော ဗီဒီယိုအပေါ် တုံ့ပြန်ချက်များအရ အမျိုးသမီးငယ်များသည် မိမိကိုယ်မိမိ ကာကွယ်ခွင့် ရှိစေရမည့်ပြင် သန္ဓေတားခြင်းနှင့် ၎င်းတို့လူမှုဘဝကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်စေနိုင်မည့် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲလိုလျက်ရှိသည်။

ကမ္ဘာ့နေရာအများစုမှာကဲ့သို့ပင် ဤနိုင်ငံရှိ နိုင်ငံရေး၊ ဘာသာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကြီးစိုးထားသူတို့မှာ အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုများနှင့် တောင်းဆိုချက်များကို အလေးအနက် နားထောင်လိုစိတ် သိပ်မရှိသူ အများစုပါဝင်သည့် အသက်ကြီးရင့်သူ အမျိုးသားများသာ ဖြစ်သည်။

အားလုံးထက်ပို၍ အရေးပါသော အချက်မှာ အမျိုးသမီးများအတွက် တိကျမျှတသော သားဆက်ခြား ကလေးယူခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများအတွက် ရန်ပုံငွေကူပံ့မှုများ ဆက်လက် ရှိနေစေရေးပင် ဖြစ်သည်။

နေရာအနှံ့၌ အမျိုးသမီး အခွင့်အရေးများကို ထောက်ခံနေကြသူများသည် အမျိုးသမီးငယ်များ၏ လိုအပ်ချက်များနှင့် တောင်းဆိုချက်များကို အသေအချာ ဖြည့်ဆည်းပေးရန်နှင့် အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ဝါရှင်တန်တွင်ဖြစ်စေ၊ နေပြည်တော်၌ဖြစ်စေ အမျိုးသားများစွာ ပြည့်နှက်နေသော အခန်းများတွင် ဆုံးဖြတ်ချက် ချမှတ်ခြင်းကို အဆုံးသတ်ရန် ဆောင်ရွက်ကြရပေမည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar