စိုးသန်းလင်း ရေးသားသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နေပြည်တော်ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း)
နေပြည်တော်။ ။ ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းဝင်ရောက်ယှဉ်ပြိုင်သော ရှမ်းပြည်နယ်လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်ဖြစ်ပွားနေသည့် မဲအငြင်းပွားမှုမှာ မသာမာမှုမဟုတ်ဘဲ အထင်လွဲနေခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကော်ရုံးချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ ၏ မေးခွန်းများအပေါ် ဒေါသထွက်နေပုံရသည့် ဦးတင်အေးက “လားရှိုးကိစ္စက ခင်ဗျားတို့အထင်လွဲနေတာ”ဟု အားနှင့်မာန်နှင့် ရှင်းပြခဲ့သည်။
“လေ့လာစောင့်ကြည့်သူတွေကရှိတယ် အဲဒီနားမှာ”ဟု သူက သက်သေထူခဲ့ပြီး၊ ယခု အငြင်းပွားနေသည့် ကြိုတင်မဲများမှာ မဲရုံရှိမဲပုံးထဲသို့ ကနဦးကတည်းက ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း ပုံးကို ယူငင်လာသည့်အချိန်မှာ ညနေလေးနာရီကျော်မှ ယူငင်လာခြင်းဖြစ်သဖြင့် အငြင်းပွားနေခြင်းသာဖြစ်ကြောင်း၊ ‘နောက်ကျကြိုတင်မဲ’ဆိုသည်မှာ မဲရုံရှိမဲပုံးထဲကို ထည့်နှင့်ပြီးသား၊ မဲရုံကိုရောက်နှင့်ပြီးသားမဲကို မဆိုလိုကြောင်း၊ ညနေလေးနာရီကျော်မှ စာအိတ်ဖြင့် ရောက်လာသည့်ကြိုတင်မဲကိုသာ ဆိုလိုကြောင်း ဆက်ရှင်းပြခဲ့သည်။
ရွေးကောက်ပွဲနေ့ မဲရုံသို့လာရောက်ပေးကြသည့် မဲအရေအတွက်အားဖြင့်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ကိုယ်စားလှယ်လောင်း ဦးထွန်းရွှေက ၄၉ မဲအသာဖြင့် နှာတစ်ဖျား ဦးဆောင်နေခဲ့သော်လည်း ကြိုတင်မဲများ ရေတွက်သည့်အခါတွင်မူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းက မဲပေါင်း ၄၀၀၀ ကျော်ပြန်ရသွားခဲ့သဖြင့် ရလဒ်မှာပြောင်းပြန်ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ရွေးကောက်ပွဲနေ့တွင် သူ မသာ၊ ကိုယ် မသာထောက်ခံမဲရရှိရှိသည့်ကိုယ်စားလှယ်နှစ်ဦးအကြား ကြိုတင်မဲတွင် အလွန်ကွာခြားနေသည်ကို သံသယဝင်ကာ အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကော်အဖွဲ့ဝင် ဦးမြင့်လှိုင်ကမူ အဆိုပါကြိုတင်မဲကိစ္စကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများက စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ရလဒ်ကြေငြာပြီး ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းမည်ဆိုပါက ရွေးကော်က ခုံဖွဲ့စစ်ဆေးသွားမည်ဟုဆိုသည်။
ဦးတင်အေးကမူ သတင်းစာရှင်းလင်းပွဲတွင် “လားရှိုးကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ဘာထပ်မေးချင်သေးလဲ။ မေး မေး” ဟု သတင်းထောက်များကို ခွန်နှင့်အားနှင့်ပြောကာ သူ့ရှင်းလင်းပွဲကို အဆုံးသတ်ခဲ့သည်။