လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြန်လည်ပေါ်ပေါက်လာ

ပြန်လည်စတင်တော့မည်ဟု တရုတ်ကုမ္ဗဏီက ကြေညာထားသည့် လက်ပံတောင်း ကြေးနီးစီမံကိန်းကို ဒေသခံရွာသူ ရွာသား ရာပေါင်းများစွာက မေ ၇ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် မြေယာသိမ်းဆည်းမှုများ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ကန့်ကွက်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းမှုကြောင့် ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပြီး လုပ်ငန်းများလည်း ရပ်တန့်ထားရသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းသည့် အစိုးရ အာဏာရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေသခံရာပေါင်းများစွာသည် ပြီးခဲ့သည့် ရက်များက စုရုံးပြီး သတ္တုမိုင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“ဒီနေ့ ကျွန်မတို့ လူ ၂၀၀ လောက် စုဝေးပြီး ကျွန်မတို့အတွက် အခွင့်အရေးတွေ ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်” ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် မခင်လဲ့က အေအက်ဖ်ပီကို မေ ၇ ရက်က ပြောကြားသည်။

“ဒီနေ့တော့ ဘယ်သူမှ ထိခိုက်မှု မရှိပါဘူး။ မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်ဝမ်ပေါင်ကုမ္ဗဏီက ကြေးနီသတ္တုတွင်းတွင် ထုတ်လုပ်ရေး လုပ်ငန်းများကို မေလတွင် စတင်ရန် မျှော်မှန်းထားသည်ဟု ယခုနှစ်အစောပိုင်းက ပြောကြားထားသည်။

ဆန္ဒပြသူများအား ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ဝင် အမြောက်အမြားအား စေလွှတ်ထားပြီး ဆန္ဒပြပွဲများမှာ ဗုဒ္ဓဟူးနေ့မှ စတင်ကာ အရှိန်မြင့်လာသည်ဟု ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သည့် မအမာချိုက အေအက်ဖ်ပီကို ပြောသည်။

၂၀၁၂ ခုနှစ်ကလည်း ဆန္ဒပြသူများ၏ သပိတ်စခန်းများကို မီးလောင်ဗုံးများဖြင့် ဖြိုခွင်းခဲ့သည့်အတွက် သံဃာတော်များအပါအဝင် ဆန္ဒပြသူများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်အတွက် ရဲတပ်ဖွဲ့အား ပြည်သူများက ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း သတ္တုမိုင်းတည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည့်အတွက်လည်း လှုပ်ရှားတက်ကြွသူများက ဝေဖန်ခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြမှုများမှာ နှစ်ပေါင်းများစွာ ဆက်လက် ဖြစ်ပေါ်ခဲ့သလို အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။

သတင်း- အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar