လက်နက်ရောင်းချသည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး အစ္စရေးက မြန်မာသံအမတ်ကြီးကို အပြစ်တင်

အစ္စရေးနိုင်ငံက မြန်မာနိုင်ငံသို့ လက်နက်များ ရောင်းချခဲ့သည်ဟု ပြောကြားခဲ့သည့် မြန်မာ သံအမတ်ကြီးအား “ပြင်းထန်စွာ အပြစ်တင်ခဲ့သည်” ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း သတင်းများတွင် ရေးသားထားသည်။

အစ္စရေးအနေဖြင့် မြန်မာနိုင်ငံသို့ “လက်နက်များ ရောင်းချခဲ့ခြင်းမရှိ” ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ချက်တွင် ကြေညာထားသည်။ အဆိုပါနေ့အစောပိုင်းက အစ္စရေး Army Radio နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့မှုများကို သံအမတ်ကြီး ဦးမောင်မောင်လင်းက တောင်းပန်ကာ ပြန်လည် ရုပ်သိမ်းခဲ့သည်ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ အင်တာဗျူးတွင် ဦးမောင်မာင်လင်းက ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် သံအမတ်ကြီးအဖြစ် ၎င်း တာဝန်ယူပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချရန် အစ္စရေးနှင့် စာချုပ်သစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု ပြောကြားကြောင်း Jerusalem Post က ရေးသားထားသည်။

“၎င်း၏နိုင်ငံသို့ လက်နက်ရောင်းချခဲ့သည်ဟု ၎င်းက ပြောကြားမှုနှင့် ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက တောင်းပန်ခဲ့သလို ပြောကြားမှုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

“အလားတူ ပြောကြားခဲ့မှုတစ်ခုအတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သံအမတ်ကြီးအား ပြင်းထန်စွာ အပြစ်တင်ခဲ့သေးသည်။ အစ္စရေးအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်များ ရောင်းချခဲ့ခြင်း မရှိပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ လက်နက်များ ရောင်းချခဲ့သည်ဟု ပြောဆိုချက်များအား တစ်လအတွင်း ဒုတိယအကြိမ်မြောက် ငြင်းဆိုခြင်းလည်းဖြစ်သည်ဟု Jerusalem Post က ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မှ စိတ်မကောင်းဖွယ် ဖြစ်ရပ်များတွင် ပါဝင် ပတ်သက်နေသည်ဟု မီဒီယာများ၏ မှားယွင်းနေသည့် စွပ်စွဲရေးသားချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သေးသည်။

“ရိုဟင်ဂျာဆန့်ကျင်ရေး လူမျိုးစု ရှင်းလင်းရေးလုပ်ဆောင်မှုများအတွင်း အစ္စရေးက မြန်မာနိုင်ငံသို့ အဆင့်မြင့် လက်နက်များ ရောင်းချခဲ့သည်” ဟု အစ္စရေးနိုင်ငံထုတ် Haaretz သတင်းစာက ရေးသားခဲ့ပြီးနောက် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု Jeresalem Post က ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar