မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ပြည်သူ ထောင်ပေါင်းများစွာမှာ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူများနှင့် မျက်မြင်သက်သေများက မတ် ၁၃ ရက်နေ့တွင် ပြောကြားခဲ့ကြသည်။
စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာလွှဲပြောင်းပေးရန် ပြင်ဆင်နေစဉ် ရှမ်းပြည်နယ်တွင် ယခုလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်ရှိသည့် ပြည်နယ်ကြီးတစ်ခုဖြစ်သော ရှမ်းပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ်၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အစိုးရကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိနေသည်။
ယခု အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသောအဖွဲ့မှာ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဖြစ်သည်။
“တစ်ရက်ကို လေးကြိမ်လောက် တိုက်ပွဲဖြစ်နေကြပြီး ဒုက္ခသည် စခန်းမှာလည်း လူ ၈,၀၀၀ လောက်ရှိနေပါပြီ”လို့ နေအိမ်မှ စွန့်ခွာလာသူများကို ကူညီနေသည့် တအာင်း ဒေသခံ မိုင်မျိုးအောင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
TNLA အဖွဲ့သည် အစိုးရမှ တွန်းအားပေးလျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသည့် အဖွဲ့ဖြစ်သည်။
မြန်မာအစိုးရကို နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိသည့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးရရှိရန် ပြုလုပ်ခြင်းသည် ၎င်းတို့အစိုးရအဖွဲ့၏ အရေးကြီးဆုံးအလုပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
တပ်မတော်ထံမှ ထွက်ပြေးခဲ့ရပုံကို မျက်မြင်သက်သေများက ယခုလို ပြောကြားခဲ့ကြသည်။
“တပ်မတော်က ရွာထဲကိုဝင်လာပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်တဲ့အချိန်မှာပဲ ကျွန်တော်တို့ ထွက်ပြေးခဲ့ကြတယ်။တစ်ချို့က အနားမှာရှိတဲ့ တောအုပ်ထဲ ဝင်ပြေးသွားကြပါတယ်။ သူတို့တွေရှိနေကြတုန်းပဲ”လို့ မုံလရွာက အသက် ၃၅ နှစ်အရွယ်ရှိ အားလှက ကွတ်ခိုင်မြို့နယ်ရှိ ဒုက္ခသည် ၁၅၀ ခန့်ခိုလှုံနေကြသည့် ဘုန်းကြီးကျောင်းမှ အေအက်ဖ်ပီကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
တပ်မတော်က ပေါ်တာဆွဲခြင်း သို့မဟုတ်၊ လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်းခံရမည်ကို အမျိုးသားများက ကြောက်ရွံ့နေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း တိုက်ပွဲများပြင်းထန်လာခဲ့ပြီး တပ်မတော်ကလည်း တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအသုံးပြုခဲ့ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
“ဒီလအတွင်း ကျွန်တော်တို့ မြန်မာစစ်တပ်နဲ့ ၂၅ ကြိမ်လောက် တိုက်ပွဲဖြစ်ပြီးသွားပါပြီ။ ဒီလကတော့ အပြင်းထန်ဆုံးပါပဲ။ အဖွဲ့နှစ်ဖွဲ့ကြားက အခြေအနေတွေ တော်တော် တင်းမာလာပါပြီ”လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က အေအက်ဖ်ပီကို ပြောကြားသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သတင်း- အေအက်ဖ်ပီ