ရှမ်းပြည်နယ်လွှတ်တော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် သဝဏ်လွှာကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် ဝန်ကြီးဌာန ဖွဲ့စည်းရေးအဆို ရှုံးနိမ့်သွားသည်။
ယနေ့ ဇူလိုင် ၈ ရက်တွင်ခေါ်ယူသည့် ရှမ်းပြည်နယ် လွှတ်တော်အထူးအစည်းအဝေး၌ ပြည်နယ်ဝန်ကြီးဌာန အသစ်ဖွဲ့စည်းရေးကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ ၈၇ မဲ၊ ထောက်ခံ ၃၂ မဲ၊ ကြားနေ ၁ မဲ နှင့် မဲမပေးသူ တစ်ဦးရှိခဲ့သည်။
မဲခွဲဆုံးဖြတ်ပြီးနောက် ကန့်ကွက်မဲများသဖြင့် ရှမ်းပြည်နယ်တွက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းရေးကို ရှမ်းပြည်နယ်လွှတ်တေ်ာက သဘောမတူကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်က ကြေညာသည်။
ပြည်နယ်နှင့်တိုင်းအလိုက် ဝန်ကြီးဌာနသစ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဖွဲ့စည်းရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုက သဘောတူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကမူ သဘောမတူခဲ့ချေ။
လက်ရှိတွင် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ မန္တလေးနှင့် ပဲခူးတိုင်း၊ ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနသစ်များကို ဖွဲ့စည်းပြီးဖြစ်သည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦးရှိပြီး ယနေ့ခေါ်ယူသည့် ၁/၂၀၁၉ လွှတ်တော် အထူးအစည်းအဝေး၌ ၁၂၂ ဦးတက်ရောက်ကာ ၁၈ ဦး ခွင့်ယူခဲ့သည်။