ရှင်းလင်းတဲ့ သတင်းစကား

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့က သြဂုတ် ၂၇ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံကို မြန်မာစစ်တပ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ပေးပို့လိုက်လိုက်တဲ့ တချိန်တည်းမှာပဲ Facebook ကလည်း စစ်တပ်အပေါ် ပြစ်ဒဏ်လိုမျိုး ချမှတ်လိုက်ပါတယ်။

လူမှုမီဒီယာကွန်ယက်ကြီးက မြန်မာစစ်တပ်ရဲ့ သတင်းထုတ်ပေါက် မြဝတီနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂ဝ တို့နဲ့ ဆက်စပ်နေတဲ့ စာမျက်နှာ ခြောက်ခုနဲ့ အကောင့် ခြောက်ခုတို့ကို Facebook စင်မြင့်ပေါ်က ဖယ်ရှားလိုက်ပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ သတင်းနဲ့ သဘောထားစာမျက်နှာတွေယောင်ဆောင်ပြီး မြန်မာစစ်တပ်ရဲ့ စကားတွေကို လွှင့်တင်ပေးနေတဲ့ စာမျက်နှာ ၄၆ ခုနဲ့ အကောင့် ၁၂ ခု တို့ကိုလည်း ဖယ်ရှားလိုက်ပါတယ်။

Facebook က သူ့လုပ်ဆောင်မှုအတွက် အကြောင်းပြတာကတော့ ဒီပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြောင်း အထောက်အထားတွေကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က တွေ့ရှိခဲ့ကြောင်း၊ လူမျိုးနဲ့ ဘာသာရေးတင်းမာမှုတွေ မီးထိုးလျှို့ဆော်ပေးဖို့အတွက် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးချနေခြင်းမှ ကာကွယ် ဟန့်တားလိုသောကြောင့် အရေးယူ လုပ်ဆောင်ခြင်းပါလို့ ရှင်းလင်းချက်ပေးပါတယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် မူဆလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ မြန်မာဘာသာနဲ့ လွှင့်တင်နေတာတွေကို Facebook က အရေးမယူဘဲ မသိကျိုးကျွန်ပြုနေတယ်လို့ Facebook အပေါ် ဝေဖန်ပြစ်တင်မှုတွေ မကြာမီက အပြင်းအထန် ပေါ်ပေါက်ခဲ့ပါတယ်။

ဒီလိုဖြစ်နေတာ နှစ်တွေအတော်ကြာခဲ့ပြီဖြစ်ပြီး ဖေ့ဘုတ်လူမှုကွန်ယက်အသုံးပြုကာ အန္တရာယ်ရှိအောင် လုပ်နေကြတယ်ဆိုပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက Facebook ကို သတိပေးခဲ့ပါတယ်လို့ Wired က ရေးသားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလဲ သတိပေးမှုတွေ များစွာပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Facebook ရဲ့ တုံ့ပြန်မှုက အလွန်ကို နှေးကွေးလွန်းခဲ့ပါတယ်လို့ ပြောပါတယ်။

ဒီပြဿနာကို အလေးအနက်ကိုင်တွယ်ဖို့ Facebook အပေါ်ဖိအားတွေ ကျရောက်လာခဲ့ပါတယ်။ ဒီစာမျက်နှာတွေကို ဖယ်ရှားလိုက်တာဟာ အလွန်ရိုးရှင်းလှပေမဲ့ ရဲတင်းတဲ့ ခြေလှမ်းတစ်ခုပါ။ Facebook စင်မြင့်ကို ဒီလိုနည်းနဲ့ အသုံးချတာဟာ လက်ခံနိုင်စရာမရှိဘူးဆိုပြီး ကုမ္ပဏီကထားတဲ့ တန်ဖိုးတွေကို ရှင်းလင်းတဲ့ အမှာစကား ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ဒီနည်းကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ လွယ်ကူတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာစကား ကျွမ်းကျင်တဲ့သူတွေကို လေ့ကျင့်သင်တန်းပေးရတာကတော့ ဒီလောက် မလွယ်ကူပါဘူး။ ဒီလိုအရေးယူလိုက်တာဟာ သွယ်ဝိုက်တဲ့ သက်ရောက်မှုတွေလဲ ရှိလာနိုင်ပါတယ်။

Facebook ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း နေရာအနှံ့ကို ရောက်ရှိသွားစေနိုင်တာမို့ မြန်မာပြည်မှာ တကယ့်ကို ပြိုင်ဖက်မရှိပါဘူး။ Facebook ဟာ လူထုထံ ရောက်သွားနိုင်တဲ့ နည်းလမ်းပါပဲ။ ဒီမှာနေတဲ့လူတွေက ဒါကိုသတင်းလို့ ဘယ်သူကမှ မယူဆကြပါဘူး။ ဒါပေမယ့် ဒါကို အလေးထားသင့်ပါတယ်။ ပြည်တွင်းက အခြေအနေပြောရရင် ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်က အဖြစ်အပျက်တွေကြောင့် စစ်တပ်ရဲ့ အမှတ်တံဆိပ်ဟာ ပျက်ဆီးမသွားတဲ့အပြင် ပိုတောင် အားကောင်းလာခဲ့ပါသေးတယ်။ စစ်တပ်က ဒီလို ပြန်နေရာ ရလာတာမှာ Facebook ဟာ မရှိမဖြစ် နေရာက ပါဝင်နေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အများသိ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာအောင် ဒီစင်မြင့်ကိုပဲ အသုံးချခဲ့ပါတယ်။

သူ့ရဲ့အကောင့် ဖြုတ်ချခံရချိန်မှာ သူ့မှာ နောက်လိုက် (Follower) တစ်သန်းကျော် ရှိနေခဲ့ပါတယ်။ နိုင်ငံရေးကစားသူတွေကြား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သာ ယှဉ်နိုင်တာပါ။ 

Facebook အပြင် တခြားရွေးချယ်စရာတွေကတော့ အကန့်အသတ်ရှိပါတယ်။ လူကြိုက်များတဲ့အဆင့်ကို ရောက်တဲ့ တခြားအွန်လိုင်းပလက်ဖောင်း မရှိသေးပါဘူး။ စစ်တပ်ရဲ့ ပုံနှိပ်နဲ့ ရုပ်သံတွေဌာနတွေကတော့ ရှိနေဦးမှာပါ။ ဒါပေမယ့် ဒါတွေက အစားထိုးနိုင်တဲ့အရာ မဟုတ်ပါဘူး။ အထူးသဖြင့် ပိုပြီးများပြားတဲ့ လူတွေက မီဒီယာကိုသုံးစွဲဖို့ မိုဘိုင်းဖုန်းတွေပေါ် ခလုတ်နှိပ်ကြတဲ့ ခေတ်မှာပေါ့။ 

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်တပ်ရဲ့ အဲဒီဌာနကို ပိတ်ပင်ခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ပေးဖို့ မျှော်လင့်နိုင်တဲ့ ဘယ်အရာထက်မဆို ပိုမိုကြီးမားတဲ့ အပြစ်ပေးမှုတစ်ခု ဖြစ်နိုင်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အပိုင်းမှာတော့ သူတို့မှာ ထိခိုက်မှုမရှိသလောက်ပါပဲ။ စစ်တပ်ခေါင်းဆောင်ပိုင်းဟာ အမေရိကန်မှာ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး။ မကြာခင်အချိန်မှာ အဲဒီကို ခရီးလည်းသွားမှာလည်း မဟုတ်ပါဘူး။ တရားစွဲဆိုမှုအပိုင်းကို ပြောရင်လည်း ကွာလှမ်းတဲ့ အလားအလာတစ်ခု ဖြစ်ဟန်ရှိပါတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးလို အဖွဲ့တစ်ခုက ဝရမ်းတစ်ခု ထုတ်မယ်ဆိုရင်တောင် အဲဒီအပေါ် အရေးယူဆောင်ရွက်ဖို့က ဖြစ်နိုင်ဖွယ် မရှိပါဘူး။ 

တကယ့်စမ်းသပ်မှုက Facebook ဟာ သူ့ရဲ့ပေါ်လစီသစ်ကို ဘယ်လို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းတယ်ဆိုတာ ဖြစ်ပါလိမ့်မယ်။ စစ်တပ်ခေါင်းဆောင်ပိုင်းက သူတို့ရဲ့ သတင်းစကားကို ပြန့်နှံ့ဖို့ ဒီပလက်ဖောင်းကို ဆက်လက်ပြီး ကြိုးစား သုံးစွဲနိုင်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးရဲ့ စာမျက်နှာကို ဖယ်ရှားပြီးတဲ့နောက် ချက်ခြင်းပဲ အသစ်ပြန်ဖွင့်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ နောက်တစ်ကြိမ် ပျောက်သွားခဲ့ပါတယ်။ 

အခုချိန်ကစပြီး Facebook မှာ နောက်ထပ်အများကြီး ပိုခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ရှိပါလိမ့်မယ်။

ကာကွယ်ရေးဝန်ကြီးဌာနလို စစ်တပ်က ထိန်းချုပ်ထားတဲ့ တခြားစာမျက်နှာတွေကတော့ လှုပ်ရှားတက်ကြွနေဆဲပါ။ အပြင်ပန်းအားဖြင့် အရပ်ဘက်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ တခြားစာမျက်နှာတွေဟာ စစ်တပ်ရဲ့ ကိုယ်ပိုင်ဝါဒဖြန့်ချိမှုအတွက် သတင်းဌာနဖြစ်လာနိုင်ပါတယ်။ 

ဒါပေမယ့် ဒီလိုစာမျက်နှာတွေကို အသုံးပြုခြင်းက ထိရောက်မှုရှိဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီစာမျက်နှာတွေမှာ ဖယ်ရှားခံရတဲ့ စာမျက်နှာတွေလို တူညီတဲ့ ဖြန့်ချိခွင့် ရှိမှာမဟုတ်လို့ပါ။ နောက်ပြီး တကယ်လို့ ဒီစာမျက်နှာတွေမှာ နောက်လိုက်တွေ များသထက်များလာရင်လည်း ဖယ်ရှားခံရမယ့် ပစ်မှတ်တွေဖြစ်လာပါလိမ့်မယ်။

ဒါ့ကြောင့် Facebook ရဲ့ သြဂုတ် ၂၇ ရက်နေ့က ဆုံးဖြတ်ချက်ဟာ ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါဟာ အရိပ်အမြွက်သဘောထက်တော့ ပိုပါတယ်။ ဒါဟာ လူထုကို စည်းရုံးရာမှာ စစ်တပ်ရဲ့ ပါဝါ၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးရဲ့ ပါဝါကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.