ရွှေတြိဂံဒေသတွင် လူကြိုက်အများဆုံး မျိုးသုဉ်းလု မျိုးစိတ် ၁၀ မျိုးစာရင်းကို WWF ထုတ်ပြန်

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ ထိစပ်နေပြီး တရားဥပဒေစိုးမိုးမှု မရှိသလောက်ဖြစ်နေသည့် ရွှေတြိဂံဒေသတွင် ကျား၊ ဆင်၊ ဝက်ဝံနှင့် သင်းခွေချပ်တို့သည့် ကျယ်ပြန့်စွာ ရောင်းဝယ်ခံရမှု အများဆုံး မျိုးစိတ်များဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ပြောကြားသည်။

၎င်းတို့နောက်တွင် ကြံ့၊ တောင်ဆိတ်၊ အောက်ချင်း၊ ပြောင်၊ ကျားသစ်နှင့် လိပ်တို့မှာလည်း အဆိုပါဒေသတွင် ပြောင်ပြောင်တင်းတင်း ရောင်းချခံရဆုံးသော မျိုးသုဉ်းလုနီးဖြစ်နေသည့် တိရိစ္ဆာန်များ ဖြစ်သည်ဟုဆိုသည်။

ရွှေတြိဂံဒေသ ဈေးကွက်များအတွင်း ကျယ်ပြန့်စွာ ရောင်းဝယ်ခံရမှု အများဆုံး မျိုးသုဉ်းလု မျိုးစိတ် ၁၀ မျိုးကို ဖော်ပြထားသည့် “လူကြိုက်အများဆုံး”စာရင်းကို WWF က နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ရာတွင် ဖော်ပြထားခြင်းဖြစ်သည်။

“တရားမဝင် ထိန်းချုပ် စိစစ်မှုမရှိဘဲ ရေရှည်အကျိုးကို မကြည့်တဲ့ ရောင်းဝယ်ပုံကြောင့် တောရိုင်းတိရိစ္ဆာန် မျိုးစိတ်ရာပေါင်းများစွာကို မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတစ်ခုတည်းမှာ မဟုတ်ပဲ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်နေတာပါ။ ရွှေတြိဂံလို နယ်စပ်ဒေသတွေမှာ ဒီလိုရောင်းဝယ်မှုတွေ စည်ကားတတ်လို့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ကြတဲ့ တိရိစ္ဆာန်တွေအတွက် အစွမ်းကုန် ကြိုးပမ်းကြဖို့ လိုတဲ့ ဒေသတွေလို့ ဆိုနိုင်ပါတယ်” ဟု WWF-မြန်မာ၏ သားငှက်တိရိစ္ဆာန် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ စီမံကိန်းမန်နေဂျာ ဒေါက်တာစံပယ်မင်းက ပြောကြားသည်။

လူကြိုက်အများဆုံး ၁၀ မျိုး စာရင်းသည် သားငှက်တိရိစ္ဆာန် တရားမဝင်ဈေးကွက်များ၊ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် WWF က ပြုလုပ်ခဲ့သော စာရင်းကောက်ယူမှုနှင့် သားငှက်ကုန်သွယ်မှု စောင့်ကြည့်ရေးကွန်ယက် (TRAFFIC) က ထုတ်ပြန်ထားသည့် အစီရင်ခံစာများကို အခြေခံထားခြင်း ဖြစ်သည်။ အဆိုပါ မျိုးစိတ်များသည် အာရှနှင့် အာဖရိကတွင်ပါ သားငှက်တိရိစ္ဆာန်များအပေါ် ခြိမ်းခြောက်နေသည့် တရားမဝင် ကုန်သွယ်မှုဖြစ်စဉ်တွင် အများဆုံးတွေ့ရသည့် မျိုးစိတ်များလည်း ဖြစ်သည်ဟု WWF က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုရောင်းဝယ်မှုဖြစ်စဉ်များ၏ အဓိက မောင်းနှင်အားမှာ မြန်မာနိုင်ငံ၏ မိုင်းလားနှင့် တာချီလိတ်မြို့များ၊ လာအိုနိုင်ငံ၏ ဘိုတန်မြို့နှင့် ရွှေတြိဂံ အထူးစီးပွားရေးဇုံများသို့ လာရောက်ကြသည့် တရုတ်နှင့် ဗီယက်နမ် ခရီးသွားများ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

အာရှ၏ အမဲလိုက်သတ်ဖြတ်ခံနှင့် ဖမ်းဆီးမွေးမြူသားဖောက်ခံ ကျားအများအပြားသည် ရွှေတြိဂံဒေသကို ဖြတ်ပြီး ရောက်ရှိလာကာ ဝိုင်ပုလင်းအတွင်း၊ ထမင်းစားပွဲပေါ် သို့မဟုတ်၊ တိုင်းရင်းဆေးဝါး သို့မဟုတ်၊ ဇိမ်ခံအလှဆင်ပစ္စည်းနှင့် ရတနာများအဖြစ် ဇာတ်သိမ်းသွားကြရသည်ဟု WWF က ပြောကြားသည်။ ဆင်သားရေ ရောင်းဝယ်မှု မြင့်မားလာပြီး ဝယ်လိုအား ဆက်လက်ရှိနေသည်နှင့်အမျှ အာရှဒေသမှ အာဖရိကဒေသအထိ ဆင်များအားလုံးကို ခြိမ်းခြောက်နေသည်။ မလေးဝက်ဝံနှင့် ဟိမဝန္တာဝက်ဝံများအား များသောအားဖြင့် တောတွင်းမှ ဖမ်းလာကာ သံလှောင်အိမ်ငယ်များအတွင်း ထည့်သွင်း၍ တိုင်းရင်းဆေးနှင့် ဆေးမြီးတိုများအတွက် သည်းခြေထုတ်ယူကြသည့် ဝက်ဝံမွေးမြူရေးခြံများသည် ဒေသတွင်း အနှံ့အပြား ပေါ်ပေါက်နေသည်ဟု သိရသည်။

“ရွှေတြိဂံဒေသရဲ့ပွင့်လင်းလှတဲ့ သားငှက်တိရိစ္ဆာန်ဈေးကွက်တွေနဲ့ ဝက်ဝံနဲ့ ကျားမွေးမြူရေးခြံတွေဟာ ဒီမျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်လို့ ပိတ်သိမ်းသင့်ပါတယ်။ ဒီဒေသက ကမ္ဘာ့ မျိုးသုဉ်းနိုင်ဖွယ် အမြင့်မားဆုံး မျိုးစိတ်များအား တင်ပို့ရာနှင့် ဝယ်ယူရာဒေသလို့ သတ်မှတ်နိုင်ပြီး ဒီအခြေအနေကို မရပ်တန့်နိုင်ရင် ဒီမျိုးစိတ်တွေကို ဆုံးရှုံးရပါလိမ့်မယ်” ဟု WWF မဟာမဲခေါင်ဒေသ၏ ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးချုပ် ဘီလ်ပေါ်ဆီက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ထို့ပြင် အာဖရိကကြံ့များ၊ သင်းခွေချပ်များ၊ အောက်ချင်းငှက်များ၊ တောင်ဆိတ်များ၊ ပြောင်နှင့် ကျားသစ်များမှာလည်း ဆေးဝါးဖော်စပ်ရန်အတွက်လည်းကောင်း၊ ပန်းပုထုလုပ်ရန်အတွက်လည်းကောင်း၊ အလှဆင်ရန်အတွက်လည်းကောင်း နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခံနေရသည်ဟု ဖော်ပြထားသည်။

ရွှေတြိဂံဒေသနှင့် ဝန်းကျင်ရှိ သားငှက်တိရိစ္ဆာန် တရားမဝင်ဈေးကွက်များကို ဖြေရှင်းနိုင်ရေးအတွက် WWF အနေဖြင့် အစိုးရများ၊ TRAFFIC နှင့် ပြည်တွင်း NGO များကဲ့သို့သော မိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဥပဒေစိုးမိုးရေး အာဏာပိုင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

အဆိုပါလုပ်ငန်းများတွင် ၂၀၂၀ ပြည့်နှစ်အရောက်၌ အာရှတစ်ဝှမ်းမှ ဈေး၊ စားသောက်ဆိုင်၊ ဈေးဆိုင် သို့မဟုတ် အွန်လိုင်းဈေးကွက်အစရှိသည့် ဈေးကွက်ပေါင်း အနည်းဆုံး ၂၀ ကို ပိတ်သိမ်းနိုင်ရေးအတွက် သိရှိသဘောပေါက်မှု မြှင့်တင်ခြင်းလည်း ပါဝင်သည်။

ထို့ပြင် သားငှက်တိရိစ္ဆာန်ဆိုင်ရာ တရားမဝင် ရာဇဝတ်မှုများ နှိမ်နင်းအရေးယူမှု မြှင့်တင်နိုင်ရေးအတွက် WWF အနေဖြင့် တွန်းအားပေးနေသလို အာဏာပိုင်များအနေဖြင့် မည်သည့်နေရာတွင် ကုန်သွယ်မှုများ အဓိက ဖြစ်ပွားနေသည်ကို သိရှိနိုင်ရေးအတွက်လည်း အချက်အလက်များ မျှဝေပေးလျှက်ရှိသည်ဟု WWF က ပြောကြားသည်။

“TRAFFIC ရဲ့ သားငှက်ကုန်သွယ်မှုပြဿနာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုက WWF နဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မာစေပြီး အထူးအရေးပါတဲ့ ဒေသတွင်းက နယ်စပ်ဖြတ်ကျော် သားငှက်တိရိစ္ဆာန် မှောင်ခိုကုန်သွယ်မှုတွေကို ဖြေရှင်းဖို့ ပြီးပြည့်စုံတဲ့ အားထုတ်မှုတစ်ခုကို သယ်ဆောင်လာပေးနိုင်မှာပါ” ဟု TRAFFIC ၏ အကြီးတန်းအစီအစဉ် ညွှန်ကြားရေးမှူး ဂျိမ်းစ် ကမ့်ပ်တန်ကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar