ရွှေတီဂုံစေတီတော်၏ အလှူငွေ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၆၇ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းကျော်ဖြစ်ကာ မြန်မာ့စီးပွားရေးဘဏ်အသီးသီး၌ အပ်နှံထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောကြားသည်။
ထို့ပြင် ငွေစုစာအုပ်များမှ အတိုးရရှိမှု အခြေအနေမှာ ၂၀၁၇ ခုနှစ်တွင် အတိုးနှုန်း ကျပ် ၄,၇၆၄ သိန်းကျော် ဖြစ်သည်ဟုလည်း တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ယနေ့ပြောကြားသည်။
ထိုငွေများကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်းပါ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာ ဂေါပကအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
ထို့ပြင် အစိုးရဝန်ကြီးဌာနများနည်းတူ နှစ်စဉ်ဘတ်ဂျက်လျာထားရေးဆွဲ အတည်ပြု သုံးဆွဲနေသလို ရွှေတိဂုံစေတီတော် ဘဏ္ဍာငွေစာရင်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကာလအတွင်း ရန်ကုန်မြို့ရှိ အခြားစေတီတော်များဖြစ်သည့် ဆူးလေစေတီတော်က အလှူငွေ ကျပ်သိန်း ၁၆ဝ ကျော်နှင့် အမေရိကန်ဒေါ်လာ ၈,၇၃၆၊ စင်ကာပူဒေါ်လာ ၃၈၊ ကမ္ဘာအေးစေတီတော်က ကျပ်သိန်း ၈၉ဝ ကျော်နှင့် အမေရိကန်ဒေါ်လာ ၂၁,၄၁၂ ဒသမ ၀၇၊ ဗိုလ်တထောင်စေတီတော်က ကျပ် ၁၄၅ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂ သန်းကျော်နှင့် စွယ်တော်မြတ်စေတီတော်က ကျပ် ၁၅၈ သိန်းကျော် ရရှိခဲ့သည်ဟု ဦးနိုင်ငံလင်းက ပြောကြားသည်။
ဂေါပကအဖွဲ့များက ရရှိသော အလှူငွေများကို သက်ဆိုင်ရာ စေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ သုံးစွဲလျက်ရှိပြီး ရရှိသုံးစွဲမှု အခြေအနေကို ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး သာသနာရေးမှူးရုံးများသို့ လစဉ် အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီအပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေ သုံးစွဲမှုအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိသည်ဟု ၎င်းကပြောကြားသည်။