နန္ဒ
၂၀၂၀ရွေးကောက်ပွဲအနိုင်ရလဒ်အား ညွန့်ပေါင်းပုံစံမလိုချင်ကြောင်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီခေါင်းဆောင်များကိုတပ်လှန့်လိုက်သည်။
စက်တင်ဘာ ၂၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ကျင်းပခဲ့သော ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးသဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်ထူထောင်ရေးအစပြုကာလ(၂၀၁၅ အထွေထွေရွေးကောက်ပွဲ)တွင် ဒီချုပ်ကအများစုအနိုင်ရခဲ့ခြင်းကြောင့်ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးတွင်ဟန်ချက်ညီစွာဆောင်ရွက်နိုင်ပြီးထိုက် သင့်သည့်တိုးတက်မှုများရရှိခဲ့ကြောင်း သဘာပတိမိန့်ခွန်းကဆိုသည်။
“ဒီလိုမဟုတ်ဘဲညွန့်ပေါင်းပုံစံသာဖြစ်ခဲ့ရင် တိုင်းပြည်ရှေ့မတိုးနောက်မဆုတ်ဖြစ်လိမ့်မယ်ဆိုတာ သတိပြုဖို့လိုပါတယ်”ဟုသဘာပတိအဖြစ်ဆောင်ရွက်သူ ဦးတင်ထွဋ်ဦးကဖတ်ကြားသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ခိုင်မာစွာအုတ်မြစ်ချနိုင်သည်အထိ အားကောင်းသည့်အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ်မျိုး ကာလတစ်ကန့်အထိလိုနေသေးကြောင်း ပြည်သူလူထုအများစု နားလည်လက်ခံနိုင်ရန်ကြိုးစားကြရမည်ဖြစ်ကြောင်း သဘာပတိကဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲရလဒ်နှင့် အတွေ့အကြုံများအရ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် အမတ်လောင်းများတစ်အိမ်တက်ဆင်းမဲဆွယ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညွန်ကြားထားသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်ပါတီဦးဆောင်မှုခံယူနိုင်မည့်သူ၊ပြည်သူကိုအမှန်တကယ်ကိုယ်စားပြုမည့်သူ၊ထူးချွန်ထက်မြက်သူများရရှိ ကောင်းမွန်သည့်မူများချမှတ်သွားမည်ဟု ကြေညာသည်။
အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်အချက်များ ဆွေးနွေးသွားကြမည်ဖြစ်သည်။
နိုင်ငံအဝှမ်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါသည်။
Frontier ရေးသားသည်။