ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်အဝေးပြေးလမ်းမပေါ်က ဂုတ်တွင်းတံတားကို လုံခြုံရေးယူနေသည့် တပ်မတော်သားများကို ၂၀၁၉၊ ဩဂုတ်၂၀ရက်က မြင်တွေ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

တပ်မတော်မဲနှင့် ပြည်ခိုင်ဖြိုးအနိုင်

၂၀၁၅ကထက်စာလျှင် မဲရလဒ်များ အနည်းငယ်ဆိုးရွားသည့်တိုင် ပြည်ခိုင်ဖြိုးသည် ယခုနှစ်ရွေးကောက်ပွဲတွင်လည်း တပ်မဲများဖြင့် နေရာအချို့တွင် ဆက်လက်အနိုင်ရရှိခဲ့သည်။

ကောင်းဆက်နိုင် ရေးသားသည်။

တပ်မတော်ကရေးဆွဲသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသည့်၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပါအဝင် ကျင်းပခဲ့ပြီးသည့် ရွေးကောက်ပွဲသုံးခုတွင် တပ်မတော်သားများ၏ မဲပေးမှုကို လေ့လာသူများက သံသယများနှင့်စောင့်ကြည့်နေခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ကသပိတ်မှောက်သည့်၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် အငြိမ်းစားစစ်ဗိုလ်ချုပ်များဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအများစုတွင် အနိုင်ရခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲတွင်မူ တပ်မတော်နှင့်၎င်းတို့၏ မိသားစုဝင်များသည် ပြည်ခိုင်ဖြိုးပါတီကိုဆက်လက်ထောက်ခံ အားပေးခဲ့သော်လည်း အင်န်အယ်လ်ဒီကသာ အပြတ်အသတ် အနိုင်ပိုင်းခဲ့သည်။

တပ်တွင်းမဲရုံများကို စောင့်ကြည့်ခွင့်ရခဲ့သော်လည်း စစ်သားများသည် လွတ်လပ်စွာမဲပေးခွင့်မရှိဟု တပ်တွင်းမဲရုံများကို လေ့လာခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် စောင့်ကြည့်လေ့လာသူများကဆိုသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သားများ၏ ဆန္ဒမဲများသည် ပြည်ခိုင်ဖြိုးပါတီသို့သာ တညီတညွတ်တည်း ရောက်ရှိသွား၍ဖြစ်သည်။

ရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသည် အခြားပါတီများကိုလည်း ဆန္ဒမဲပေးလိမ့်မည်ဟု ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ လေ့လာသူအချို့က ယူဆခဲ့ကြသည်။ ၂၀၂၀၊ ဖေဖော်ဝါရီတွင် လွှတ်တော်အတွင်း တပ်မတော်သားများနှင့် ၎င်းတို့၏မိသားဝင်များအားလုံး တပ်ဧရိယာပြင်ပတွင် မဲပေးခွင့်ရရေး ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ခဲ့သည်။ နည်းဥပဒေပြင်ဆင်ချက်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည့်တိုင် အင်န်အယ်လ်ဒီအမတ်အများစုရှိသည့် လွှတ်တော်များက ပြင်ဆင်အတည်ပြုခဲ့သည်။

တပ်မတော်သားများ၏မဲပေးမှုပုံစံကို ပြောင်းလဲခဲ့သည့်တိုင် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင်စစ်သားများ၏ ဆန္ဒမဲများကို ထုံးစံအတိုင်း ပြည်ခိုင်ဖြိုးပါတီကသာ ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးအမတ်လောင်းများကို ရှုံးနိမ့်ခဲ့သည့် ပြိုင်ဘက်အမတ်လောင်းများကမူ တပ်မဲများဖြင့် အနိုင်ပိုင်းခြင်းသည် မျှတသည့်ရလဒ်မဟုတ်ဟု ဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းသည် ဆွမ်ပရာဘွမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီက တပ်မတော်သားများ၏ဆန္ဒမဲဖြင့် အနိုင်ရခဲ့သည်ဟု ယူဆသည်။

၎င်းသည် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (ကချင်-၂)တွင် ယှဉ်ပြိုင်ခဲ့ရာ မဲပေါင်း၁၉,၀၀၀ကျော် ရရှိခဲ့သော်လည်း ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို မဲပေါင်း၂၃,၀၀၀ကျော်ဖြင့် ရှုံးနိမ်ခဲ့သည်။ ထိုစဉ်ကပင် ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်သားများ၏ ကြိုတင်မဲများဖြင့် ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့သည်ဟုဝေဖန်ခံခဲ့ရသည်။

၂၀၂၀ရွေးကောက်ပွဲတွင် ကွမ်ဂေါင်အောင်ခမ်းသည် ဆွပ်ပရာဘွမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

၂၀၁၈ကြားဖြတ်တုန်းက အတိုင်းပါပဲ။ သိပ်မကွာပါဘူး။ ရလဒ်ကဒီတိုင်းပဲ၊ ဒီပုံစံနဲ့ပဲ ဖြစ်ခဲ့တယ်။ ဒါတွေက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ထားတယ်လို့ပဲ မြင်တယ်ဟု ၎င်းကပြောသည်။

ဆွမ်ပရာဘွမ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မဲရုံ၁၂ခုတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ(ကေအက်စ်ပီပီ)၊ အင်န်အယ်လ်ဒီနှင့်ပြည်ခိုင်ဖြိုးပါတီတို့ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် ဆွမ်ပရာဘွမ်၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် မဲပေးသူ ၁,၆၂၅ဦးရှိခဲ့ပြီး ကေအက်စ်ပီပီက ၅၆၂မဲ၊ အင်န်အယ်လ်ဒီက ၅၃၄မဲနှင့် ပြည်ခိုင်ဖြိုးက ၄,၄၆မဲအသီးသီးရရှိခဲ့သည်။ သို့သော်ရရှိထားသောမဲများကို ကြိုတင်မဲများနှင့် ပေါင်းလိုက်သည့်အခါပြည်ခိုင်ဖြိုးပါတီက ၈၅၆မဲဖြင့် အနိုင်ရခဲ့သည်။ ကွမ်ဂေါင်အောင်ခမ်းသည်၇၈၇မဲသာရရှိ၍ ရှုံးနိမ့်ခဲ့သည်။

ဖရွန်းတီးယားမြန်မာက ရရှိထားသည့် ပုံစံ-၁၉အရ ဆွမ်ရာဘွမ်မြို့နယ်တွင် မဲရုံပေါင်း ၁၂ရုံရှိသည်။ တပ်မတော်သားမဲဆန္ဒရှင်များသည် မဲဆန္ဒနယ်(၁)အတွင်းရှိ ဖုန်အင်ယန်ကျေးရွာအုပ်စု မဲရုံ၊ ကဘရန်ခူးရပ်ကွက်မဲရုံ၊ မြို့မရပ်ကွက်မဲရုံနှင့် မဲဆန္ဒနယ်(၂)ရှိ ခကရန်းယန်း ကျေးရွာအုပ်စု မဲရုံတို့တွင် အရပ်သားများနှင့်အတူ မဲပေးခဲ့ကြသည်။

အင်န်အယ်လ်ဒီက မဲရုံငါးခု၊ ကေအက်စ်ပီပီက မဲရုံလေးရုံနှင့် ပြည်ခိုင်ဖြိုးက မဲရုံသုံးခုစီတို့တွင် အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သော မဲရုံသုံးရုံစလုံးသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် တည်ရှိပြီး တပ်မတော်သားမဲဆန္ဒရှင်များ မဲပေးသော မဲရုံများဖြစ်ကြောင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(ဆွမ်ပရာဘွမ်-၁)၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ဆိုသည်။

“အဲဒီမဲရုံတွေမှာ ပြည်ခိုင်ဖြိုးပါတီက ကြိုတင်မဲတွေ အများအပြားရပြီး အနိုင်ရခဲ့တယ်”ဟု ၎င်းက ပြောသည်။ ၎င်းသည် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

တပ်မတော်သားများမဲပေးခဲ့သည့် မဲရုံများအနက်မှ ဖုန်အင်ယန်ကျေးရွာအုပ်စုမဲရုံ၊ ပြည်သူ့လွှတ်တော်မဲရလဒ်များတွင် ပြည်ခိုင်ဖြိုးပါတီသည် အများဆုံးအဖြစ် ၁၅၆မဲရရှိခဲ့ပြီး ၇၇ မဲမှာ ကြိုတင်မဲဖြစ်သည်။ ဒုတိယမဲအများဆုံးအဖြစ် အင်န်အယ်လ်ဒီက ၁၂၂ မဲရရာတွင် ကြိုတင်မဲ ၂၀မဲသာ ရခဲ့သည်။ တပ်မတော်သားများမဲပေးခဲ့သည့် အခြားမဲရုံသုံးခုတွင်လည်း ပြည်ခိုင်ဖြိုးသည် ကြိုတင်မဲများ အများဆုံးရရှိခဲ့ကြောင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ပုံစံ-၁၉ မဲရလဒ်များအရ သိရသည်။

အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ ဆွမ်ပရာဘွမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ပုံစံ(၃က)နှင့် ပြောင်းရွှေ့လာသည့် မဲဆန္ဒရှင်အမျိုးအစားနှင့် ၎င်းတို့၏ အရေအတွက်ကို မေးမြန်းခဲ့သော်လည်း တိကျသည့်အဖြေ မရရှိခဲ့ပေ။

“ပုံစံ-၃(က) နဲ့ ပြောင်း ရွှေ့မဲထည့်တဲ့သူတွေက တော့ရှိတယ်။ တပ်မတော်သားတွေရော၊ အခြားသူတွေရော ပြောင်းပြီးမဲထည့်ကြတယ်။ တပ်မတော်သားဘယ်လောက်၊ ဘယ်သူက ဘယ်လောက် ဆိုတာမျိုးတော့ သီးခြားစာရင်းခွဲထားတာမျိုး မရှိပါဘူး”ဟု ဆွမ်ပရာဘွမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံက ရရှိသည့်အချက်အလက်အရ ဆွမ်ပရာဘွမ်မြို့နယ်တွင် တပ်မတော်သားမဲဆန္ဒရှင် ၄၁၃ဦးရှိခဲ့ပြီး ထိုမဲများအားလုံးသည် ပြည်ခိုင်ဖြိုးအတွက်သာ ဖြစ်ခဲ့သည်ဟု ကေအက်စ်ပီပီနှင့် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများက ဖရွန်တီးယားမြန်မာသို့ပြောသည်။ ကြိုတင်မဲရလဒ်တွင် ပြည်ခိုင်ဖြိုးပါတီသည်၄၁၀မဲ ရရှိခဲ့သော်လည်း ထိုမဲများအားလုံးသည် တပ်မတော်ကပေးခဲ့သည့် ကြိုတင်မဲများဟုတ်၊ မဟုတ် အတည်မပြုနိုင်ပေ။

တပ်မတော်၏မဲများဖြင့်ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့သည်မှာ ဆွပ်ပရာဘွမ်မြို့နယ် တစ်ခုတည်းမဟုတ်ပေ။ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ပြည်ခိုင်ဖြိုး အနိုင်ရခဲ့သည့်မြို့နယ်အချို့တွင်တပ်မတော်သားများ၏ ဆန္ဒမဲများက အဓိက အထောက်အပံ့ဖြစ်ခဲ့ကြောင်း မဲရလဒ်များကဖော်ပြနေသည်။ အထူးသဖြင့် တပ်မတော်သားများသာ ပေးရသည့်မဲရုံများ၏ ရလဒ်တိုင်းသည် ပြည်ခိုင်ဖြိုးအတွက်သာ ဖြစ်ခဲ့သည်။

ကချင်ပြည်နယ်ဆွမ်ပရာဘွမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)၊ တနိုင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တို့ရှိ တပ်မတော်မဲရုံများတွင် ပြည်ခိုင်ဖြိုးသာ အနိုင်ရခဲ့ကြောင်း ကိုယ်စားလှယ်လောင်းများက အတည်ပြုခဲ့ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ မိုင်းဖြတ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)နှင့် ပြည်သူ့လွှတ်တော်နေရာ၊ ကွတ်ခိုင်မြို့နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင်လည်းတပ်မတော်သားများ၏ ဆန္ဒမဲများနှင့် ဒေသခံပြည်သူ့စစ်များ အားကောင်းခြင်းကပြည်ခိုင်ဖြိုးပါတီအနိုင်ရရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ယင်းဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ၎င်းတို့ပါတီအနေဖြင့် “မှန်မှန်ကန်ကန်လုပ်ခဲ့”သည့်အတွက် ယင်းသို့စွပ်စွဲချက်များနှင့်ပတ်သက်၍ “ဘာမှမပြောစရာမရှိဘူး”ဟု ဆိုသည်။

ထို့ပြင်ရှမ်းပြည်နယ်အတွင်း မိုင်းဖြတ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် ပြည်သူ့စစ်များကို မဲဆန္ဒရှင်များကို ဖိအားပေး၍ ပြည်ခိုင်ဖြိုးကို ဆန္ဒမဲပေးစေခဲ့သည်နှင့်ပတ်သက်၍ ဆက်လက်မေးမြန်းရာ ယင်းစွပ်စွဲချက်များ မမှန်ကန်ကြောင်း ၎င်းက ငြင်းဆန်ခဲ့သည်။

“ဘာအထောက်အထားနဲ့ ပြောတာလဲ၊ ဘာလို့ပြောတာလဲဆိုတာ ပြောတဲ့သူတွေကို မေးပါ။ ကျွန်တော်တို့ကတော့ ပြောစရာမရှိဘူး။ ကျွန်တော်တို့ပါတီက အကုန်လုံးကို ဥပဒေနဲ့အညီပဲဆောင်ရွက်ခဲ့တာပါ”ဟု ဒေါက်တာနန္ဒလှမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မဲရုံတစ်ခုတွင် မဲပေးရန် တန်းစီစောင့်ဆိုင်းနေသည့် တပ်မတော်မိသားစုဝင် မဲဆန္ဒရှင်များကို နိုဝင်ဘာ၈ရက်က မြင်တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

တိုးပွားလာသောတပ်မဲများ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဗျူဟာအရ ချထားသည့် တပ်ရင်းတစ်ရင်းရှိသည်။ သို့သော် သြဂုတ်လဆန်းပိုင်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် တပ်မတော်သားများ ရာဂဏန်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာခဲ့သည်ဟု ဒေသခံအမတ်လောင်းများကဆိုသည်။ ၎င်းတို့ကိုစာသင်ကျောင်းများတွင် စခန်းချထားခဲ့ပြီး ရွေးကောက်ပွဲနီးမှ အခြားနေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဆွမ်ပရာဘွမ်မြို့တွင် ဝင်ပြိုင်ခဲ့သည့် အင်န်အယ်လ်ဒီနှင့် ကေအက်စ်ပီပီ ကိုယ်စားလှယ်လောင်းများက ဆိုသည်။

တံတားဆောက်ဖို့ စခန်းထိုင်တာရှိတယ်။ ဗျူဟာတပ်ရှိတယ်။ ရွေးကောက်ပွဲနီးမှ စစ်သည်တွေဆင်းလာတယ်။ ဆွမ်ပရာဘွမ်မြို့မှာက လူဦးရေကနည်းတယ်တော့သူတို့ ရောက်လာတယ် သိနေတယ်ဟု ကွမ်ဂေါင်အောင်ခမ်းကပြောသည်။

ဒေသခံကိုယ်စားလှယ်လောင်းများသည် တပ်မတော်သားများ ဆွပ်ပရာဘွမ်မြို့နယ်တွင် မဲပေးမည့်ကိစ္စကို ရွေးကောက်ပွဲမတိုင်ခင်ကပင် ကန့်ကွက်ခဲ့သည်။

သို့သော်ကော်မရှင်က ယခုနှစ်တွင်ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်တစ်ခုတွင် ရက်ပေါင်း၉၀ နေထိုင်သူတိုင်း ထိုမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသည်ဆိုသည့် သတ်မှတ်ချက်နှင့် အကျုံးဝင်သည့်အတွက် အပြောင်းအလဲမရှိခဲ့ပေ။

ကိုယ်စားလှယ်လောင်းများ၏ ပြောဆိုချက်အရ တာဝန်လာရောက်ထမ်းဆောင်သည့် တပ်မတော်သားများသည် ဆွမ်ပရာဘွမ်တွင်သာ မဲပေးခဲ့ပြီး ထိုမဲကြောင့်ပင်ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည်။

တခြားဒေသက တပ်ရင်းသုံးရင်းလောက်က စစ်သည်တွေဒီကိုပြောင်းရွှေ့လာပြီးမဲပေးခဲ့ကြတယ်။ ဒါတွေက မဲရလဒ်အတွက် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ထားတယ်လို့ပဲမြင်တယ်ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ဆွမ်ပရာဘွမ်ကဲ့သို့ပင် တနိုင်းမြို့နယ်ရှိ ကိုယ်စားလှယ်လောင်းများကလည်း တပ်မတော်၏ ဆန္ဒမဲများသည် ရွေးကောက်ပွဲရလဒ်အပေါ် အကျိုးသက်ရောက်နိုင်သည်ကို ကြိုတင်တွက်ဆမိခဲ့ကြသည်။ တနိုင်းမြို့နယ်တွင် မဲရုံ၂၃ခုရှိပြီး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် မဲရုံ၁၀ရုံရှိသည်။ တနိုင်းမြို့တွင် အခြေစိုက်တပ်ရင်း ၁၁ခုရှိပြီး တပ်ရင်းအားလုံးသည် ပြည်နယ်မဲဆန္ဒနယ်(၁)၏ ဧရိယာအတွင်းတည်ရှိသောကြောင့် ၎င်းတို့သည်မဲရုံသုံးခုတွင် မဲပေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရလဒ်များအရ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် အင်န်အယ်လ်ဒီသည် ကနဦးတွင် ၃,၀၈၆မဲ ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက၂,၆၉၂မဲဖြင့် ဒုတိယလိုက်နေသည်။ သို့သော်ကြိုတင်မဲတွင် အင်န်အယ်လ်ဒီက ၈၀၃မဲသာ ရရှိချိန်တွင်ပြည်ခိုင်ဖြိုးက ၁,၈၄၈မဲရရှိခဲ့ရာ နောက်ဆုံးရလဒ်တွင် ပြည်ခိုင်ဖြိုးသည် မဲပေါင်း၄,၅၄၀ဖြင့်အနိုင်ရရှိသွားခဲ့သည်။

မဲ၆၀၀ အကွာနဲ့ကပ်ရှုံးတာပေါ့ဟု တနိုင်းမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်(၁)တွင် အင်န်အယ်လ်ဒီကိုကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမုန်မာန်လက ပြောသည်။ “အရပ်သားတွေပေးတဲ့မဲတွေမှာ ကျွန်တော်နိုင်တယ်လို့ပဲ ခံယူထားတယ်ဟု ၎င်းကပြောသည်။

တနိုင်းမြို့နယ်တွင် တပ်မတော်သား မဲဆန္ဒရှင်အရေအတွက်သည် မူလက ၁,၉၉၀ကျော်အထိသာရှိသည်။ ပုံစံ-၃ကဖြင့် မဲဆန္ဒရှင်၁၀၀ ကျော်ထပ်မံပြောင်းရွှေ့လာရာ စုစုပေါင်းအင်အား ၂,၁၀၀ နီးပါးရှိလာခဲ့သည်ဟု တနိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။ ၎င်းသည် ကျန်မဲရုံများတွင် အနိုင်ရခဲ့သည့်တိုင် တပ်မတော်သားများ မဲပေးရသည့် မဲရုံများတွင်မူ ရှုံးနိမ့်ခဲ့သည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် တနိုင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည့် ပုံစံ-၁၉အရ တပ်မတော်သားများမဲပေးခဲ့သည့် မဲရုံများတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ကျန်ပါတီများ၏ ကိုယ်စားလှယ်လောင်းများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဥပမာအားဖြင့် ကင်ဆားရွာ၊ ရပ်ကွက် မဲရုံအမှတ်(၅)တွင် ပြည်ခိုင်ဖြိုးက ၃၅၁မဲ၊ အင်န်အယ်လ်ဒီက ၁၄၄ မဲသာရရှိခဲ့သည်။ ဒူးကောင်းရပ်ကွက် မဲရုံတွင် ပြည်ခိုင်ဖြိုးက ၉၅၈ မဲ၊ အင်န်အယ်လ်ဒီက၅၆၃မဲနှင့် နမ့်ဖျက်ယန်းမဲရုံတွင် ပြည်ခိုင်ဖြိုးက ၃၁၂မဲ၊ အင်န်အယ်လ်ဒီက ၅၈မဲသာ ရခဲ့သည်။ ထို့ပြင် မဲဆန္ဒနယ်ပြင်ပရောက်သူများ၏ ကြိုတင်မဲများတွင်လည်း ပြည်ခိုင်ဖြိုးက ၈၈၉မဲအထိရရှိခဲ့ပြီး အင်န်အယ်လ်ဒီနှင့် အခြားပါတီများရရှိခဲ့သည့် ဆန္ဒမဲသည် ဆယ်ဂဏန်းပင် မပြည့်ခဲ့ပေ။

မဲတွေအများစုက တပ်မတော်ကလာတယ်။ အားလုံးပြည်ခိုင်ဖြိုးက ရတာပဲ။ ကျွန်တော်တို့ အပြတ်အသတ်ကိုရှုံးတယ်ဟု ဦးလင်းလင်းဦးက တပ်မတော်သားများ မဲပေးသည့် မဲရုံများတွင် ၎င်းရှုံးနိမ့်ခဲ့သည်ကို ပြောသည်။ သို့သော် ကျန်မဲရုံများက မဲများဖြင့်နောက်ဆုံးတွင် ၎င်းသည် တနိုင်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။

ဦးလင်းလင်းဦးသည် ထောက်ခံမဲအားလုံး၏ ၃၈ဒသမ၇ရာခိုင်နှုန်းဖြစ်သော ၈,၄၈၉မဲဖြင့် ၎င်း၏အဓိကပြိုင်ဘက်ဟုဆိုနိုင်သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးကေဆမ်အောန်သည် ၃၄ဒသမ၇ရာခိုင်နှုန်းဖြစ်သော ၇,၆၁၃မဲ ရရှိခဲ့သည်။

လူဦးရေနည်းပါးသည့် မြို့နယ်များတွင် တပ်မဲများသည် ပါတီတစ်ခုခုကို ပုံပေးလိုက်ပါက မဲရလဒ်ကို အပြောင်းအလဲဖြစ်စေသည်အထိ ကြီးမားသည့် သက်ရောက်မှုရှိမြဲဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုနှစ်တွင် လုံခြုံရေးအကြောင်းပြ၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ကိုးခု (တစ်မြို့နယ်လုံးအတိုင်းအတာ)နှင့် အခြားမြို့နယ်လေးခုရှိ ကျေးရွာအုပ်စုအများအပြားတွင် ရွေးကောက်ပွဲမကျင်းပခဲ့ပေ။ အမ်းမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စုလေးခုတွင်သာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ကျန်ကျေးရွာအုပ်စုအများအပြားတွင် ရွေးကောက်ပွဲမကျင်းပခဲ့ပေ။ ယင်းကြောင့် ၂၀၁၅က အမ်းတွင် မဲပေးခွင့်ရှိသူ ၇၃၀,၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၂၂,၀၀၀ကျော်သာ ရှိတော့သည်။

ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် အမ်းမြို့ပေါ်ရပ်ကွက်လေးခုတွင် မဲပေးခွင့်ရှိသူ ၉,၃၇၅ဦးနှင့် တပ်မတော်သား မဲဆန္ဒရှင်၃၀၀ကျော်သာ ရှိခဲ့သည်။ ထို့နောက် ကော်မရှင်က ကျေးရွာအုပ်စုလေးခုတွင် ရွေးကောက်ပွဲကျင်းပရန် ပြန်လည်ကြေညာသောအခါ မဲဆန္ဒရှင်ပေါင်း၂၂,၉၄၅ဦးအထိ တိုးမြင့်သွားပြီး တပ်မတော်သားမဲဆန္ဒရှင်အရေအတွက်မှာ ၄,၀၀၀ကျော် အထိရှိခဲ့သည်။

ကျေးရွာအုပ်စုတွေ ထပ်တိုးလိုက်တာက တပ်မတော်သားတွေ မဲပေးပိုင်ခွင့်ရအောင် ပြန်ထည့်လိုက်တဲ့သဘောပဲဟု ရခိုင်အမျိုးသားပါတီ၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်က ပြောသည်။

အမ်းမြို့နယ်တွင် မဲရုံ၂၆ခုအထိရှိသည်။ တပ်မတော်သားများ မဲပေးခွင့်ရသည့် မဲရုံငါးခုအနက် လေးခုမှာ တပ်မတော်သားများသာ သီးသန့်မဲပေးရသည့် မဲရုံဖြစ်သည်။ ထုံးစံအတိုင်း အဆိုပါမဲရုံလေးခုတွင် ပြည်ခိုင်ဖြိုးကသာ အောင်ပွဲခံခဲ့သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ထုတ်ပြန်သည့် မဲရလဒ်များအရ တပ်မတော်သား သီးသန့်မဲရုံဖြစ်သည့် အမ်း(တောင်)မဲရုံအမှတ်(၄)တွင် ပြည်ခိုင်ဖြိုးပါတီက ၂၈၅မဲ၊ အင်န်အယ်လ်ဒီကငါးမဲ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကသုံးမဲ၊ ရခိုင်အမျိုးသားပါတီနှင့် ရခိုင့်ဦးဆောင်ပါတီက နှစ်မဲစီ​သာ အသီးသီးရရှိခဲ့ကြသည်။

အလားတူ အမ်း(မြောက်)ကျေးရွာအုပ်စုရှိ တပ်မဲရုံတစ်ခုဖြစ်သော မဲရုံအမှတ်(၅)တွင်လည်း ပြည်ခိုင်ဖြိုးက ၉၃၆မဲနှင့် အင်န်အယ်လ်ဒီက၃၁မဲ၊ မဲရုံ အမှတ်(၆၊ တပ်မဲရုံ) တွင် ပြည်ခိုင်ဖြိုးက ၅၄၅မဲ၊ အင်န်အယ်လ်ဒီက ၂၂မဲသာ ရရှိသည်။ လုံးကောက်ကျေးရွာအုပ်စုရှိ တပ်မဲရုံဖြစ်သည့် အမှတ်(၆) မဲရုံတွင်လည်း ပြည်ခိုင်ဖြိုးက၄၄၀မဲအထိ ရရှိခဲ့ပြီး အင်န်အယ်လ်ဒီက ခုနှစ်မဲသာ ရရှိခဲ့သည်။

ကျန်တဲ့အရပ်သား မဲရုံတွေမှာလည်း ပြည်ခိုင်ဖြိုးက မဲ၁၀၀၀၊ ၂၀၀၀ထောင်တော့ ရပါတယ်။ သူတို့ ထောက်ခံတဲ့သူရှိသေးတယ်”ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ကော်မရှင်ရုံးသို့ ပေးပို့ထားသည့် ကြိုတင်မဲများ ရေတွက်ရာတွင် ၁,၁၇၉ မဲအထိ ရရှိခဲ့ပြီး ကျန်ပါတီများ လိုက်မမီအောင် ရွေးကောက်ပွဲပြေးလမ်းကို အနိုင်ဖြင့် ပိုင်းဖြတ်ထားနိုင်ခဲ့သည်။

“ရွေးကောက်ပွဲမလုပ်ခင် တစ်ရက်အလိုမှာ တပ်မတော်က အရာရှိတစ်ယောက်လာပြီးတော့ ကော်မရှင်ရုံးကို ပေးသွားတယ်။ အဲဒီမဲတွေကလည်း အကုန်လုံးနီးပါးက ကြံ့ခိုင်ရေးပဲ”ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

မဲဆန္ဒနယ်ပြင်ပမှ ပေးပို့လာသည့် တပ်မတော်သားများ၏ ကြိုတင်မဲ ၁,၁၀၀ကျော်အထိ ရှိသည်ဟု ဦးထွန်းထွန်းနိုင်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှရရှိသည့် အချက်အလက်များကို ကိုးကား၍ ပြောဆိုသည်။

“တကယ်လို့ တပ်မတော်မဲတွေမပါရင်တော့ အခုအခြေအနေအတိုင်းဆို အင်န်အယ်လ်ဒီက နိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးသည် ခိုင်လုံမဲ ၆,၅၂၇မဲ ရရှိခဲ့ပြီး အင်န်အယ်လ်ဒီက ၅,၀၄၉မဲ၊ ရခိုင်အမျိုးသားပါတီက ၁,၉၀၅ မဲ၊ ရခိုင့်ဦးဆောင်ပါတီက ၉၄၂မဲနှင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၇၅၉မဲ အသီးသီး ရရှိခဲ့ကြသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင်မူ ကိုယ်စားလှယ်လောင်းခုနှစ်ဦး ယှဉ်ပြိုင်ရာတွင်လည်း ပြည်ခိုင်ဖြိုးက ခိုင်လုံမဲ၆,၀၅၄ မဲ၊ အင်န်အယ်လ်ဒီက ၃,၄၈၇မဲ အသီးသီးရရှိခဲ့ရာ ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီကို မဲ၂,၅၀၀အသာဖြင့် အနိုင်ယူခဲ့သည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လောင်ဇာကျေးရွာတွင် ကင်းလှည့်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုကို ၂၀၁၆၊ ဇန်နဝါရီ၂၄ရက်က မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပြည်သူ့စစ်ရဲ့ ဖိအား

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၂၂,၅၅၂ဦး ရှိခဲ့သည်။ အဆိုပါစာရင်းတွင် ဒေသအခြေစိုက်တပ်ရင်း၁၁ရင်းမှ တပ်မတော်သားမဲဆန္ဒရှင် ၂,၁၀၀ကျော်လည်း ပါဝင်သည်ဟု အင်န်အယ်လ်ဒီပါတီ၏ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁) ကိုယ်စားလှယ်လောင်း ဦးအက်စ်မာကမ်က ပြောဆိုသည်။

“တပ်မဲရုံလေးရုံရှိတယ်။ အားလုံးပြည်ခိုင်ဖြိုးပဲနိုင်တယ်”ဟု သူကပြောသည်။

တပ်၏ကြိုတင်မဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီကသာ အများဆုံးရရှိခဲ့ကြောင်း သူကဆိုသည်။ ထို့ပြင် ပြည်သူ့စစ်အဖွဲ့များအခြေစိုက်သည့် ပြည်နယ်မဲဆန္ဒနယ်(၂)တွင် ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ရန် မဲဆန္ဒရှင်များကို ဖိအားပေးမှုရှိခဲ့သည်ဟု ဦးအက်စ်မာကမ်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“မိုင်းဖြတ်‌အမှတ်(၂) မှာက ပြည်သူ့စစ်က သူတို့ထည့်ခိုင်းတဲ့ ပါတီကိုမဲထည့်။ တစ်ခြားပါတီကို မထည့်နဲ့၊ ထည့်လို့ တစ်ခြားပါတီနိုင်သွားရင် ဒီရွာမှာမနေနဲ့လို့ ခြိမ်းခြောက်ထားတယ်”ဟု ဦးအက်စ်မာကမ်က ပြောသည်။

“သူတို့ထည့်ခိုင်းတဲ့ ပါတီမထည့်ရင် အမေစုဆီသွားနေလို့ ပြောတဲ့အထိပါ ပါတယ်။ အဲဒီလိုပြောတာတွေ ကျွန်တော်တို့မှာ ဗီဒီယိုဖိုင်တွေပါရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မိုင်းဖြတ်ဒေသတွင် နမ်းယွန်းပြည်သူ့စစ်အဖွဲ့ အုပ်ချုပ်သည့်နေရာဒေသ အများအပြား ပါဝင်နေသည်။ လွန်ခဲ့သည့် ရွေးကောက်ပွဲများတွင်လည်း ထိုဒေသတွင်ပြည်ခိုင်ဖြိုးက နိုင်ခဲ့သည်။

၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးသည် မိုင်းဖြတ်တွင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်(၁)နှင့်(၂)၊ သုံးနေရာလုံးတွင်အနိုင်ရရှိခဲ့သည်။ အနိုင်ရသွားသည့် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းသည် ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ပြီး အငြိမ်းစားမယူခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက်အရာအရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့စစ်အဖွဲ့များ၏ ဖိအားကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ကိုယ်စားလှယ်လောင်းများက ထောက်ပြဝေဖန်နေသည့် မြို့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့လည်း ပါဝင်သည်။

ကွတ်ခိုင်မြို့၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ပြည်သူ့စစ်အဖွဲ့များ အားကောင်းခြင်းက ပြည်ခိုင်ဖြိုးအနိုင်ရရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း တအောင်း(ပလောင်)အမျိုးသားပါတီဝင် ဦးကြာထွန်းက သုံးသပ်သည်။ ၎င်းသည် ကွတ်ခိုင်မြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်(၁)တွင် အနိုင်ရရှိခဲ့သူဖြစ်သည်။

“မဲဆန္ဒနယ်အမှတ်(၂)မှာက ပြည်သူ့စစ်တွေ အားကောင်းတယ်။ ပြည်သူတွေက နီးရာဓားကြောက်ရတယ်။ အဲဒီတော့ သူတို့က ပြည်သူစစ်တွေ ကျောထောက်နောက်ခံပြုတဲ့ ပါတီကို အကြောက်တရားနဲ့ မဲပေးရတယ်”ဟု ဦးကြာထွန်းက ပြောသည်။

၂၀၁၆က အာရှဖောင်ဒေးရှင်းကထုတ်ပြန်ခဲ့သည့် “မြန်မာနိုင်ငံမှ ပြည်သူ့စစ်များ”အစီရင်ခံစာအရ ကွက်ခိုင်မြို့နယ်တွင် ကွတ်ခိုင်အထူးပြည်သူ့စစ်၊ ပန်စန်းအထူးပြည်သူ့စစ်၊ တာမိုးညဲပြည်သူ့စစ်၊ ရှောက်ဟော်ပြည်သူ့စစ်အဖွဲ့တို့ အပါအဝင် ပြည်သူ့စစ်အဖွဲ့ရှစ်ခုခန့် အခြေစိုက်သည်။

“ပြည်သူ့စစ်တွေက ပြည်ခိုင်ဖြိုးကိုပဲ ကျောထောက်နောက်ခံပေးတယ်။ ဥပမာ တာမိုးညဲဒေသမှာဆို မဲရုံ ၁၀ရုံရှိတယ်။ အဲဒီဒေသမှာ မဲရုံ၁၀ရုံလုံး ပြည်ခိုင်ဖြိုးပဲ နိုင်တယ်။ ကျန်တဲ့ပါတီတွေရတဲ့ မဲအားလုံးပေါင်းရင် သူရတာရဲ့ ၁၀ပုံတစ်ပုံတောင်မရှိပါဘူး”ဟု ဦးကြာထွန်းက ပြောသည်။

ကွတ်ခိုင်မြို့တွင်လည်း မဲရုံပေါင်း ၁၃၄ခုရှိရာတွင် တပ်မတော်သား သီးသန့်မဲရုံသုံးခုအထိ ရှိပြီး ယင်းမဲရုံများတွင်လည်း ပြည်ခိုင်ဖြိုးသာ အနိုင်ရသည်။

“တစ်ကယ်တော့ ကျွန်တော်တို့ဒေသရဲ့ တပ်မတော်နဲ့ ပြည်သူ့စစ်အားကောင်းတဲ့ နေရာတွေမှာပြည်ခိုင်ဖြိုးအနိုင်ရတာ အစဉ်အလာလိုတောင် ဖြစ်နေပါပြီ။ နောက်လည်း ဒီလိုပုံစံပဲ ဖြစ်နေမှာပါပဲ”

ဦးကြာထွန်း၊ တအာင်း(ပလောင်)အမျိုးသားပါတီဝင်နှင့်
ရှမ်းပြည်နယ်မဲဆန္ဒနယ်(ကွတ်ခိုင်-၁)တွင် အနိုင်ရရှိခဲ့သူ

“တစ်ကယ်တော့ ကျွန်တော်တို့ဒေသရဲ့ တပ်မတော်နဲ့ ပြည်သူ့စစ်အားကောင်းတဲ့ နေရာတွေမှာပြည်ခိုင်ဖြိုးအနိုင်ရတာ အစဉ်အလာလိုတောင် ဖြစ်နေပါပြီ။ နောက်လည်း ဒီလိုပုံစံပဲ ဖြစ်နေမှာပါပဲ”ဟုဦးကြာထွန်းက သုံးသပ်သည်။

မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးက ၆,၁၀၅မဲဖြင့် အနိုင်ရရှိခဲ့ပြီး အင်န်အယ်လ်ဒီက ၅,၁၃၉မဲသာ ရခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁,၉၀၃မဲနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ၁,၄၉၀မဲသာ ရရှိခဲ့သည်။

မိုင်းဖြတ်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင်လည်း ပြည်ခိုင်ဖြိုးပါတီက ၃,၂၅၅မဲဖြင့် အနိုင်ရခဲ့ပြီး အင်န်အယ်လ်ဒီက ၂,၂၂၀မဲ ရရှိခဲ့သည်။ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင်မူ ပြည်ခိုင်ဖြိုးက ၂,၇၃၉ မဲဖြင့်‌ ၂,၄၇၁မဲသာရသည့် အင်န်အယ်လ်ဒီကို အနိုင်ရခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်မဲဆန္ဒနယ်(၂)တို့တွင် အနိုင်ရခဲ့သည်။ ပြည်နယ်မဲဆန္ဒနယ်(၁)ကိုမူ တအာင်း(ပလောင်) အမျိုးသားပါတီက အနိုင်ရခဲ့သည်။

တပ်တွင်း လွတ်လပ်စွာမဲပေးခွင့်

ယခုနှစ်တွင် တပ်မတော်သားနှင့်မိသားစုဝင်များအားလုံး တပ်ပရဝဏ်ပြင်ပတွင် ပထမဆုံးအကြိမ်မဲပေးကြရသည်။ တပ်မတော်အကြီးအကဲများက တပ်မတော်နှင့် ပတ်သက်သည့်မဲဆန္ဒရှင်များအားလုံး လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိကြောင်း သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ပြောလေ့ရှိသည်။

သို့သော် ရွေးကောက်ပွဲမတိုင်မီ ပခုက္ကူမြို့နယ် အမှတ်(၂၃၅) ခြေလျင်တပ်ရင်းတွင် တပ်မတော်သား မိသားစုဝင်များနှင့် အတူနေထိုင်သူ မသဉ္ဇာသန်းမင်းက ပြည်ခိုင်ဖြိုးပါတီကိုသာမဲပေးရန် တပ်တာဝန်ရှိသူက ၎င်းတို့မိသားစုအား ဖိအားပေးခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ယင်းသို့ရေးသားခဲ့သဖြင့် တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သည်ဆိုကာ အမှတ် (၁၀၁)၊ ခြေမြန်တပ်မဌာနချုပ်နှင့် အမှတ်(၂၃၅)၊ ခြေလျင်တပ်ရင်းက တပ်မတော်အရာရှိနှစ်ဦးက မသဉ္ဇာသန်းမင်းအား ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။ ၂၀၂၀၊ ဒီဇင်ဘာ၄ရက်တွင် ပခုက္ကူမြို့နယ်တရားရုံးက မသဉ္ဇာသန်းမင်းအား ထောင်ဒဏ်ကိုးလ ချမှတ်ခဲ့သည်။

ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းသည့် လွှတ်တော်အမတ်လောင်းများကမူ တပ်မတော်မိသားစုဝင်များ လွတ်လပ်စွာမဲပေးခွင့်ရှိ၊ မရှိကိုမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သည့် နေရာများတွင် တပ်မတော်၏ ဆန္ဒမဲများက အဓိက အထောက်အပံ့ပေးခဲ့သည်ကိုမူ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသည်။

တနိုင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ဝင်ပြိုင်ခဲ့သည့် ဦးမုန်မာန်လသည် ရွေးကောက်ပွဲနေ့တွင် တပ်မတော်သားများမဲပေးသည့် နမ့်ဖျက်ယန်ကျေးရွာအုပ်စု မဲရုံတွင် သွားရောက်စောင့်ကြည့်ခဲ့သည်။

“အဲဒီနေ့မှာ ကားသုံးစီးနဲ့ တပ်မတော်က ၂၀၀လောက် မဲပေးတယ်။ အဲဒီမဲရုံမှာ ရွာသားမဲက နည်းနည်းပဲပါတယ်။ မနက်ပိုင်းမှာ တပ်မတော်သားတွေက မဲပေးတော့ ရွာသားတွေက နေ့ခင်းလောက်မှလာပေးကြတယ်”ဟု ၎င်းက ပြောသည်။

“မဲရေတာ ကြာလာတာနဲ့အမျှ နောက်ပိုင်းမှာ အားလုံးက ပြည်ခိုင်ဖြိုး မဲတွေချည်းပဲ။ ကြားထဲမှာ ကျွန်တော့်အတွက် တစ်မဲတောင် ဖြတ်မဝင်လာတော့ဘူး။ နောက်ပိုင်းဆို စိတ်ကုန်လို့ အပြင်တောင်ထွက်သွားလိုက်တယ်”ဟု ဦးမုန်မာန်လက ပြောသည်။

ဦးထွန်းထွန်းနိုင်ကမူ တပ်မဲရုံများကို ပြင်ပထုတ်လိုက်သည့်တိုင် အမ်းမြို့နယ်တွင် တပ်မဲရုံများမှာ တပ်စခန်းများ၏ အနီး၌သာရှိပြီး အရာရှိများက တပ်သားများ မဲထည့်နိုင်ရေး မဲရုံများသို့လိုက်လံပို့ဆောင်သည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

“မဲရုံဆိုတာလည်း တပ်ပြင်ပဆိုပေမဲ့တပ်ရှေ့မှာပဲလုပ်ထားတာပဲ”ဟု သူကပြောသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့သို့ ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

တပ်မတော်သည် မဲရုံများကို ပြင်ပသို့ထုတ်ပေးခဲ့သော်လည်း ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဒေသတွင်မူ ပြည်နယ်မဲဆန္ဒနယ်(၂)အတွင်း မဲရုံများကို လုံခြုံရေးအကြောင်းပြ၍ ပြည်သူ့စစ်အဖွဲ့များရှိသော နေရာများတွင်သာ အခြေစိုက်ခဲ့ကြောင်း ဦးကြာထွန်းက ဆိုသည်။

“မြို့နယ်ကော်မရှင်ကလည်း ကြီးကြပ်မှုအားနည်းတယ်။ အဲဒီတော့ နယ်မြေဒေသမှာ အာဏာရှိတဲ့သူတွေပဲ စိတ်တိုင်းကျခြယ်လှယ်သွားတဲ့သဘောမျိုးတွေရှိတယ်”ဟု ၎င်းက ပြောသည်။

မိုင်းဖြတ်တွင်လည်း ရွာနှင့်မဲရုံသည် ဝေးလံသဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ရွာသားများကို မဲရုံများသို့ ကားများဖြင့် ပို့ဆောင်ပေးခဲ့ပြီး လမ်းတွင်၎င်းတို့ မဲပေးစေချင်သည့် ပါတီကို မဲပေးရန် ပြောဆိုခဲ့သည်ဟု ဦးအက်စ်မာကမ်က ပြောသည်။

“တောင်ပေါ်ဒေသဆိုတော့ ရွာတွေဝေးတယ်။ ရွာတွေဝေးတော့ သူတို့ပြည်သူ့စစ်တွေက ကားတွေနဲ့ အကြိုအပိုလုပ်တယ်။ အဲဒီလို ကိစ္စတွေဖြစ်ကုန်တာပေါ့”ဟု ၎င်းက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်က တပ်မတော်အရာရှိများ နိုဝင်ဘာ၈ရက်၊ ရွေးကောက်ပွဲနေ့က မဲပေးရန် စောင့်ဆိုင်းနေကြစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အားမတန်လို့ မာန်လျှော့ကြသူများ

မိုင်းဖြတ်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီ၏ ပြည်နယ်လွှတ်တော်အမတ်လောင်းများသည် ရွေးကောက်ပွဲကာလတွင် ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ၁၈ရက်ကအတည်ပြုသည်။

ပြည်သူ့စစ်များက မဲဆန္ဒရှင်များကို ပါတီတစ်ခုအား မဲပေးရန် ဖိအားပေးခြင်း၊ တပ်မတော် ကြိုတင်မဲကိစ္စများအပါအဝင် အကြောင်းရင်း၁၆ချက်အပေါ် အခြေခံ၍ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းကြမည်ဖြစ်သည်။

“ကျွန်တော်တို့ကို မတရားတဲ့နည်းနဲ့ အနိုင်ယူထားတယ်။ မဲရုံတွေမှာ ပြည်သူ့စစ်အင်အားနဲ့ အမျိုးမျိုးခြိမ်းခြောက်တဲ့ ပုံရှိတာပေါ့။ အဲဒါတွေပါတယ်”ဟု အက်စ်မာကမ်က ပြောသည်။

ထို့ပြင် မိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များကိုလည်း မဲရလဒ်ဖြည့်စွက်မှုများနှင့်ပတ်သက်၍ မကျေနပ်သဖြင့် အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းများက ရဲစခန်းတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ၅၉(ခ)ဖြင့် အမှုဖွင့်ထားသည်။

တပ်မတော်၏ ပုံစံ(၃-က)ဖြင့် စစ်သည်အင်အာများရွှေ့ပြောင်း၍ မဲပေးခဲ့သည်ဆိုသော ဆွမ်ပရာဘွမ်မြို့နယ်တွင် ယှဉ်ပြိုင်ခဲ့သည့် ကွမ်ဂေါင်အောင်ခမ်းကမူ ကန့်ကွက်လွှာတင်ရန် အစီအစဉ်မရှိပေ။ အထူးသဖြင့် ယခုရွေးကောက်ပွဲတွင် မဲဆန္ဒတစ်နယ်မှ တစ်နယ်သို့ ရွှေ့ပြောင်း၍ မဲပေးသည့် အခြေအနေများမှာလည်း ဥပဒေအရ ခွင့်ပြုထားသော ရက်ပေါင်း၉၀သတ်မှတ်ချက်နှင့် အကျူံးဝင်နေကြောင်း သူက ထောက်ပြသည်။

“အခုအခြေနေက သူတို့က ၂၀၀၈ရဲ့အခြေခံဥပဒေအရရော၊ ရွေးကောက်ပွဲဥပဒေအရပါ တရားဝင်ပဲဖြစ်နေအောင် လုပ်နေတော့ ကျွန်တော်တို့ ကန့်ကွက်လွှာလုပ်လည်း ဘာမှ အကျိူးရှိမှာမဟုတ်ဘူး။ ပြီးတော့ရေရှည်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ကျွန်တော်တို့ကလိုလားတယ်”ဟု ကွမ်ဂေါင်အောင်ခမ်း ပြောသည်။

သို့သော် ဆွမ်ပရာဘွန်မြို့နယ်အတွက် ရွေးကောက်ပွဲရလဒ်မှာမူ လွတ်လပ်ပြီး တရားမျှတသည့်ရလဒ်မဟုတ်ဟုသူက အခိုင်အမာဆိုသည်။

“ဒီနေရာတွေမှာ တစ်ပတ်တစ်ခါ ရွေးကောက်ပွဲလုပ်လည်း ကျွန်တော်တို့ ဒေသခံတွေက နိုင်မှာမဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

ဦးထွန်းထွန်းနိုင်ကလည်း ဦးအောင်ခမ်းကဲ့သို့ပင် ယူဆပြီး အမ်းမြို့နယ်၏ ရွေးကောက်ပွဲရလဒ်မှာ လွတ်လပ်ပြီးတရားမျှတမှုရှိသည်ဟု မထင်မှတ်ပေ။ ထို့ကြောင့် မဲရလဒ်အနိုင်အရှုံး အတည်ပြုသည့် ပုံစံ(၁၉) တွင် လက်မှတ်မထိုးခဲ့သော်လည်း ကန့်ကွက်လွှာတင်သွင်းရန် အစီအစဉ်မရှိပေ။

“အစကတည်းက စနစ်တကျ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။ ကန့်ကွက်လွှာတင်လည်း အချိန်တွေ၊ ငွေတွေ ကုန်တာပဲရှိမယ်။ တင်ရမှာလည်း တပ်မတော်ကိုတင်ရမှာဆိုတော့ ထူးမှာမဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး တရားမျှတမှုလည်း ရမယ်မထင်ဘူး။ အဲဒီတော့ မတင်တာက ကိုယ့်အတွက်ပိုကောင်းတယ်”ဟု ထွန်းထွန်းနိုင်က ပြောသည်။

ကွတ်ခိုင်တွင်မူ ရွေးကောက်ပွဲအကြိုကာလကပင် မဲဆန္ဒရှင်များ စာရင်းတွင် အမည်မပါဝင်ခြင်း၊ ကြိုတင်မဲကိစ္စများ၌ပင် ကော်မရှင်အဆင့်ဆင့်ထံ စာတင်သော်လည်း အကြောင်းမပြန်ခဲ့ရာ ကွတ်ခိုင်မဲရလဒ်များနှင့် ပတ်သက်၍ ကန့်ကွက်လွှာတင်လျှင်ပင် အပြောင်းအလဲမဖြစ်နိုင်ဟု ဦးကြာထွန်းက ယူဆသည်။

“ရိုးရိုး စာတင်တာတောင်မှ ဘာမှပြောင်းလဲမှုမရှိဘူးဆိုရင် ကန့်ကွက်လွှာတင်လည်း မထူးတော့ဘူးထင်တယ်”ဟု သူက ပြောသည်။

“တစ်ခုပဲ။ လာမယ့်ရွေးကောက်ပွဲတွေ ကျရင်သာ ကော်မရှင်အဖွဲ့မှာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့သူတွေကို ခန့်ထားစေချင်တယ်”ဟု ၎င်းကပြောသည်။

ဦးမုန်မာန်လကလည်း ပါတီက မညွှန်ကြားလျှင် မဲရလဒ်အတွက် ကန့်ကွက်လွှာတင်မည် မဟုတ်ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်းများသည် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင်လည်း တပ်မတော်မဲများကြောင့် ၎င်းတို့၏ မဲဆန္ဒနယ်များတွင် အနိုင်ရရှိရန် မလွယ်ကူကြောင်း နားလည်လက်ခံထားကြသည်။ ထိုအခြေအနေများကို မပြောင်းလဲနိုင်သေးသရွေ့ ရွေးကောက်ပွဲတိုင်း ၎င်းတို့မှာ အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဟု ၎င်းတို့ကဆိုသည်။

“ဒီအတိုင်းပဲဆို တပ်မတော်မဲတွေနဲ့ လာမယ့် ၂၀၂၅လည်း ဒီလိုပဲဖြစ်နေဦးမှာပဲ။ သူတို့အင်အားတွေ တိုးလာလေ စိန်ခေါ်မှုပိုကြီးလေပဲ ဖြစ်နေမှာပါ”ဟု မုန်မာန်လက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar