ရေကြီး မြေပြိုဒေသများ ပြန်လည်ထူထောင်ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၂၀၀ ချေးမည်

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးအပ်မည်ဟု ကမ္ဘာ့ဘဏ်က ဇူလိုင် ၁၄ ရက်နေ့က ကြေညာလိုက်သည်။

“ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း လမ်းတွေ ပြုပြင်ဖို့ လိုအပ်ချက်က အင်မတန် မြင့်မားလှပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ လမ်းတွေကို ပြုပြင်နိုင်ပြီး ပြည်သူတွေ ဈေးတွေ၊ ကျောင်းတွေကို သွားလာ ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီချေးငွေရဲ့ အကူအညီနဲ့ ရာသီဥတုဒဏ်ကိုခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်မှာဖြစ်ပြီး နောက်တစ်ခါ သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံလာခဲ့ရင် လမ်းတွေ ရေဒဏ်ကြောင့် မပျက်စီးရအောင် ကာကွယ်နိုင်ပါမှာ ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်တင်မိုးမြင့်က ပြောသည်။

ယခုချေးငွေဖြင့် သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်း ဒေသကြီးများ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါဒေသများတွင် အဓိက လမ်းမကြီးများနှင့် ကျေးရွာချင်းဆက်လမ်းများကို ပြုပြင်သွားမည့်အပြင် လမ်းဆောက်လုပ်ရေး လုပ်ငန်းများတွင် သဘာဝဘေးနှင့် ရာသီဥတုဘေးဒဏ်ကို ခံနိုင်ရည်ရှိသည့် နည်းလမ်းများ အသုံးပြုသွားရန် ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ရာတွင် ဒေသခံများကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ၊ ဒေသခံများအတွက် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများကိုလည်း ရရှိစေမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“လမ်းတွေကို ပြင်ဆင်ပြီး ပိုကောင်းအောင် ဆောင်ရွက်ပေးတာက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ဒေသက လူတွေအတွက် စာသင်ကျောင်းကို သွားနိုင်ဖို့၊ ဆေးရုံဆေးခန်းကို သွားနိုင်ဖို့၊ ဈေးသွားနိုင်ဖို့အတွက် အထောက်အကူဖြစ်မှာပါ။ အဲဒါအပြင် လမ်းပြင်တဲ့အလုပ်၊ လမ်းကို ထိန်းသိမ်းတဲ့အလုပ်တွေမှာ ဒေသခံတွေကို ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တဲ့အတွက် ဝင်ငွေတွေရရှိလာမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲဖို့ ဝင်ငွေတွေ ရလာနိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်နှင့် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းခန့် နေရာ ရွှေ့ပြောင်းခဲ့ရကာ သေဆုံးသူ ၁၃၂ ဦး ရှိခဲ့ရသည်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တိုင်းပြည် ဂျီဒီပီ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု ကမ္ဘာ့ဘဏ်အပါအဝင် အခြား ဖွံ့ဖြိုးရေး မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာအစိုးရက ပြုစုထားသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သသာဝဘေးအလွန်ကာလ လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ သိရသည်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး အစိုးရပိုင်ပစ္စည်း ၅၀ ရာခိုင်နှုန်းခန့်အထိ ပျက်စီးခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေးကဏ္ဍတွင် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက်ဆုံးရှုံးများကြောင့် လူပေါင်းများစွာ နစ်နာခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

သတင်း-ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar