မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုများကြောင့် ရှစ်ဦးသေဆုံးခဲ့ကာ လူပေါင်း ၄၃၀,၀၀၀ ကျော် နေအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဇူလိုင် ၃၀ ရက်နေ့က စတင်ကာ ဆက်တိုက်ရွာသွန်းခဲ့သည့် မိုးကြောင့် ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးသုံးခုတစ်လျောက်တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
“ဒီမှာမှာ မကွေးနဲ့ ဧရာဝတီက အဆိုးဆုံး ခံရတာပဲ” ဟု ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးစိုးအောင်က တူရကီနိုင်ငံပိုင် Andolu Agency သတင်းဌာနကို သြဂုတ် ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
နေအိမ်စွန့်ခွာခဲ့ရသူ ထက်ဝက်ကျော်မှာ အဆိုပါ တိုင်းဒေသကြီးနှစ်ခုမှ ဖြစ်သည်ဟု ၎င်းကပြောကြားသည်။
မြန်မာအစိုးရပိုင် သတင်းဌာနများ၏ အဆိုအရ ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ် ၁၉ ခုမှာ ရေလွှမ်းမိုး ခံနေရပြီး လူ ၁၂၀,၀၀၀ ကျော် နေအိမ်စွန့်ခွာခဲ့ရသည်ဟု ဆိုသည်။
အချို့သောဒေသများတွင် ရေကျသွားပြီဖြစ်သဖြင့် နိုင်ငံ၏ တောင်ပိုင်းဒေသများတွင် အန္တရာယ်ကျရောက်လာပြီဖြစ်သည်။
“မြေနိမ့်ဒေသဖြစ်တဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရဆဲ ဖြစ်ပါတယ်” ဟု ဦးစိုးအောင်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ရေကြီးမှုများကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကာ တစ်သန်းကျော် ရွှေ့ပြောင်းခဲ့ကြရသည်။