ရုရှားထုတ် YAK-130 အမျိုးအစား တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေး လေယာဉ် နောက်ထပ် ခြောက်စီးကို မြန်မာနိုင်ငံသို့ ပေးပို့မည်ဟု ရုရှားတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ရုရှားသတင်းဌာနတစ်ခုက ရေးသားထားသည်။
“YAK-130 တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေး ခြောက်စီးကို ထပ်မံပေးပို့ဖို့အတွက် မြန်မာနိုင်ငံနဲ့ သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ရုရှားနိုင်ငံ Federal Service for Military-Technical Cooperation (FSMTC) ၏ ဒုတိယညွှန်ကြားရေးမှူး Mikhail Petukhov က စင်ကာပူတွင် ကျင်းပနေသည့် စင်ကာပူလေကြောင်းပြပွဲ-၂၀၁၈ ၌ ပြောကြားကြောင်း Sputnik သတင်းဌာနက ယမန်နေ့တွင် ရေးသားထားသည်။
ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ Vladimir Kozhin ကလည်း မြန်မာနိုင်ငံအနေဖြင့် ထိုလေယာဉ်များကို ၂၀၁၈ ခုနှစ်အတွင်း လက်ခံရရှိလိမ့်မည်ဟု အဆိုပါနေ့ အစောပိုင်းက ပြောကြားခဲ့သေးသည်။
အဆိုပါ YAK-130 လေယာဉ်များ ဝယ်ယူရေးအတွက် ပထမဆုံး သဘောတူညီချက်ကို မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှားတို့အကြား ၂၀၁၅ ခုနှစ်၊ ဇွန်လက လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းတွင် ဆက်လက် ရေးသားထားသည်။
ပထမအသုတ် လေယာဉ်များအား ပေးပို့လိုက်ပြီးဖြစ်သည်ဟု Petukhov က ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက လန်ကာဝီအပြည်ပြည်ဆိုင်ရာ လေကြောင်းနှင့် အာကာသနည်းပညာပြပွဲ (LIMA-2017) တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်(လေ) သို့ လေယာဉ်များ တပ်တော်ဝင်ပွဲတွင် YAK-130 လေယာဉ်ခြောက်စင်းပါဝင်ခဲ့သည်ကို တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိသည့် Yak-130 များသည် ခေတ်မီ ဂျက်တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည်မျိုးရှိသည့် ကမ္ဘာ့တစ်ခုတည်းသော လေ့ကျင့်ရေး တိုက်လေယာဉ် ဖြစ်သည်။ ထိုင်ခုံနှစ်ခုပါပြီး ထောက်လှမ်းရေးနှင့် အသေးစား ဂျက်တိုက်လေယာဉ်လည်းဖြစ်သော Yak-130 တွင် လက်နက်အလေးချိန် ကီလိုဂရမ် ၃,၀၀၀ အထိ သယ်ဆောင်နိုင်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မကုန်မီ အထူးတိုက်လေယာဉ် ပျံသန်းမှု လေ့ကျင့်ရေးစက်တစ်ခု တပ်ဆင်ရန် ရုရှားကျွမ်းကျင်သူများက စီစဉ်နေသည်ဟုလည်း သတင်းအချို့တွင် ရေးသားထားသည်။
ရုရှားက မြန်မာနိုင်ငံသို့ Su-30 တိုက်လေယာဉ်ခြောက်စီး ရောင်းချပေးရန်လည်း ယခုနှစ်အစောပိုင်းက သဘောတူညီထားပြီး မြန်မာနိုင်ငံ၏ တိုင်းပြည် ကာကွယ်ရေးစွမ်းရည်ကို ပိုမိုကောင်းမွန်လာစေရန် စစ်လက်နက်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ပြောကြားထားသည်။