ရိုဟင်ဂျာအကျပ်အတည်းအတွက် စစ်တပ်အား တာဝန်ယူခိုင်းရန် မြန်မာကို အရှေ့တောင်အာရှ တိုက်တွန်း

အေအက်ဖ်ပီ

တရားမျှတမှုအတွက် ဒေသတွင်းမှ ရှားရှားပါးပါးတောင်းဆိုမှုအဖြစ် အရှေ့တောင်အာရှဒေသရှိ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများက ရိုဟင်ဂျာအကျပ်အတည်းအတွက် တာဝန်ရှိသူကို တာဝန်ယူခိုင်းရန် မြန်မာနိုင်ငံကို အောက်တိုဘာ ၂ ရက်နေ့က တိုက်တွန်းလိုက်သည်။

သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ နှိပ်စက်မှုနှင့် ရွာများကို မီးရှို့မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည် စစ်တပ်၏ စစ်ဆင်ရေးအပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမူဆလင် ၇ဝဝ,ဝဝဝ ခန့်သည် နယ်စပ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်။

မူဆလင်လူနည်းစုအပေါ် လူမျိုးစုရှင်းလင်းသုတ်သင်မှု ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂက မြန်မာစစ်တပ်ကို စွပ်စွဲထားသည်။ ရက်စက်မှုများအပေါ် ကမ္ဘာ၏ ဖိအားမြင့်မားလာမှုကြောင့် ဖိလစ်ပိုင် ဒု-နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမာနာလို ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို မြန်မာအစိုးရက ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း ကော်မရှင်တွင် တရားဝင်လုပ်ပိုင်ခွင့်နှင့် ပါဝါ မည်မျှရှိသည်၊ သို့မဟုတ် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ချက်များ ပြီးစီးရန် မည်မျှအချိန်ယူမည်တို့နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ဖော်ပြမထားပေ။ ထိုကော်မရှင်က မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အပြစ်တင်ခြင်း၊ လက်ညိုုးထိုးခြင်း ပြုလုပ်မည်မဟုတ်ဟု မာနာလိုက ပြောကြားခဲ့သည့်အတွက် အစွယ်မရှိသော ကော်မရှင်အဖြစ် ပြင်းထန်စွာ ဝေဖန်ခံနေရသည်။

၎င်းအပါအဝင် အာဆီယံမှ နိုင်ငံခြားရေးဝန်ကြီးများသည် နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း အားလပ်သည့် စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောကြားခဲ့သည်။

“လူ့အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ၊ အိုးအိမ်ဖျက်ဆီးမှုတွေနဲ့ များပြားလှတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေကို ဖြစ်စေခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်တဲ့အကြောင်း ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်” ဟု ၎င်းက စင်ကာပူ ပါလီမန်တွင် ပြောကြားခဲ့သည်။ “တကယ့်ကို ရိုးရိုးသားသားပြောရင် ဒါဟာ လူတွေဖန်တီးတဲ့ လူသားချင်းစာနာမှု ကပ်ဆိုးကြီးပါ။ ဒီနေ့ခေတ်မှာ မဖြစ်သင့်တဲ့ အရာတစ်ခုပါ” ဟုလည်း ၎င်းကဆိုသည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့် တာဝန်ရှိသူတို့ကို တာဝန်ယူခိုင်းရန် ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးသင့်သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာကို ပြောကြားခဲ့သည်ဟုလည်း ၎င်းကပြောသည်။

အမှားအယွင်းများ မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သလို နှိမ်နင်းမှုမှာလည်း ရိုဟင်ဂျာစစ်သွေးကြွများကို အမြစ်လှန်ရေးအတွက် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းကလည်း မျှတမှုရှိသည်ဟု မြန်မာစစ်တပ်က ပြောကြားခဲ့သည်။ သို့သော်လည်း အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ခု၏ တာဝန်အပြီးတွင် ကုလသမဂ္ဂက မြန်မာစစ်တပ်အကြီးအကဲနှင့် စစ်ဘက်ထိပ်တန်း အရာရှိကြီးငါးဦးကို စွဲချက်တင်ရေး ပြင်ဆင်မှုများပြုလုပ်ရန် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်အများအပြားကမူ ရိုဟင်ဂျာဆိုသူများမှ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု မှတ်ယူထားပြီး ဆယ်စုနှစ်များစွာကြာသည်အထိ အခွင့်အရေးများ မပေးခဲ့ပေ။ အဖွဲ့ဝင် ၁ဝ နိုင်ငံပါဝင်သည့် အာဆီယံအနေဖြင့် အဖွဲ့ဝင်တစ်ခုချင်းစီကို ဗီတိုအာဏာပေးထားပြီး ဆုံးဖြတ်ချက်များကို အားလုံး၏ သဘောတူညီချက်ဖြင့် ချမှတ်ရသဖြင့် မြန်မာနိုင်ငံကို အကျပ်ကိုင် စေခိုင်းနိုင်မည်မဟုတ်ကြောင်းလည်း ဘာာလာခရစ္စနန်က ပြောကြားခဲ့သည်။

သို့သော်လည်း အာဆီယံအဖွဲ့အနေဖြင့် စည်းရုံးဖျောင်းဖျခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ယင်းကိစ္စကို နှစ်စဉ် အစည်းအဝေးများ၏ အစီအစဉ်တွင် ထည့်သွင်းခြင်းဖြင့် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်များသည် တစ်နိုင်ငံ၏ ပြည်တွင်းရေးပေါ်လစီကို တစ်နိုင်ငံက ပွင့်ပွင့်လင်းလင်း ဝေဖန်မှုအား နည်းလမ်းတကျရှောင်ရှားနိုင်သည်။

အာဆီယံ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ စင်ကာပူသည် လာမည့်နိုဝင်ဘာလတွင် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတစ်ခုကို လက်ခံကျင်းပပေးမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar