ရိုဟင်ဂျာဒုက္ခသည်အချို့ကို ကျွန်းပေါ်သို့ လာမည့်နှစ်လည်၌ ရွှေ့ပြောင်းပေးရန် ဘင်္ဂလားဒေရှ့် စီစဉ်

ကမ်းခြေအလွန်တွင် တည်ရှိပြီး နှစ်စဉ်ရေလွှမ်းလေ့ရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေကို လာမည့်နှစ်လည်ပိုင်းက စတင်ပြီး ရွှေ့ပြောင်းပေးတော့မယ်လို့ ဘင်္ဂလားဒေရှ့်အစိုးရ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားလိုက်ပါတယ်။ အကူအညီပေးရေး အေဂျင်စီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေမှုတွေ ရှိနေတဲ့ အဲဒီအစီအစဉ်ကို ရှေ့ဆက်တိုးလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ၆၂၀,၀၀၀ လောက် နိုင်ငံတောင်ပိုင်းက ကော့ဘဇာခရိုင်ထဲကို ဝင်ရောက်လာမှုကို လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက ကြုံတွေ့နေရပါတယ်။

ဒီလို ရောက်ရှိလာကြသူတွေ အိမ်ပြန်နိုင်ခင်မှာ ယာယီနေရာချထားပေးဖို့အတွက် မြေမျက်နှာပြင်နိမ့်တဲ့ Bhashan Char ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၈၀ တန် စီမံကိန်းကို ယခုရက်သတ္တပတ်အတွင်း အတည်ပြုခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းတည်ရှိပြီး သံဂါခြားလို့လည်း ခေါ်တွင်တဲ့ အဲဒီကျွန်းဟာ ဘင်္ဂလားဒေရှ့်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ပြီးခဲ့သည့် ၁၁ နှစ်အကြာကမှ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။

အနီးစပ်ဆုံး လူနေထိုင်တဲ့နေရာကနေ မော်တော်ဘုတ်နဲ့ ၂ နာရီကြာသွားရတဲ့ အဲဒီကျွန်းပေါ်မှာ လမ်းတွေ၊ အဆောက်အအုံတွေ မရှိသလို မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်း ပင်လယ်ပြင် ကြမ်းတမ်းချိန်မှာ ပုံမှန် ရေလွှမ်းလေ့ရှိပါတယ်။

ပင်လယ်ပြင်မှာ အေးဆေးငြိမ်သက်နေချိန်မှာတော့ အနီးအနားရေပြင်မှာ ပင်လယ်ဓါးပြတွေ ကျက်စားလေ့ရှိပြီး ငါးဖမ်းသမားတွေကို ဖမ်းဆီး ပြန်ပေးဆွဲလေ့ရှိပါတယ်။

“မြေပြင်အခြေအနေမှာ သဘာဝပတ်ဝန်းကျင်အရ၊ လူဦးရေအနေအထားနဲ့ စီးပွားရေးအခြေအနေအရ ဒီလောက်လူဦးရေအများကြီးကို သေးငယ်တဲ့ ကော့ဘဇာဧရိယာမှာ ကျွန်တော်တို့ ထားရှိလို့ မဖြစ်နိုင်ပါဘူး” လို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ နိုင်ငံရေးအကြံပေးဖြစ်သူ H.T. Imam က ရိုက်တာကို ယမန်နေ့က ပြောကြားပါတယ်။

“အနည်းဆုံးတော့ ဝန်ထုတ်ဝန်ပိုးအချို့ကို Bhashan Char ကို အမြန်ဆုံ ရွှေ့ပြောင်းနိုင်ရင် ပြဿနာတွေ နည်းသွားမှာပါ” လို့ သူက ပြောပါတယ်။

၁၉၇၀ ပြည့်နှစ်က စတင်ကာ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာမူဆလင်တွေ အကြိမ်ကြိမ် ထွက်ပြေး လာကြတဲ့အတွက် ယခုအခါ လူဦးရေတစ်သန်းခန့်မှာ ကော့ဘဇာရှိ ပြည့်ကြပ်နေတဲ့ စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ဒုက္ခသည်တစ်သိန်းခန့်ကို ကျွန်းပေါ်ကို ရွှေ့ပြောင်းပေးဖို့ ရည်ရွယ်ထားတယ်လို့ မူဆလင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရ်ှ့က ပြောပါတယ်။

ဒီလိုကျွန်းပေါ်ပို့ဆောင်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုက်အဝိုင်းကို ဖိအားပေးဖို့ ဘင်္ဂလားဒေရှ့်က ကြိုးစားတာဖြစ်နိုင်တယ်လို့ အချို့သော အကူအညီပေးရေး တာဝန်ရှိသူတွေက မှန်းဆထားကြပါတယ်။

ဒါပေမယ့် ဝန်ကြီးတစ်ဦးလည်းဖြစ်တဲ့ Iman ကတော့ အဲဒီလို အကွက်ဆင်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ကျွန်းပေါ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရေတပ်က စတင်ဆောင်ရွက်နေပြီလို့ သူက ပြောကြားပြီး ငွေကြေးကတော့ အစိုးရထံက ရရှိတယ်လို့ ဆိုပါတယ်

ဒါပေမယ့် ဒုက္ခသည်တွေကို ကျွန်းပေါ်ရွှေ့ပြောင်းဖို့အတွက်ကတော့ အကူအညီပေးရေး အေဂျင်စီတွေထံကနေ ငွေကြေးနဲ့ အခြားအကူအညီတွေကို ဘင်္ဂလားဒေရှ့်အနေနဲ့ လိုအပ်တယ်လို့ သူကပြောပါတယ်။

“ကူညီပေးမယ်လို့ အာမခံထားတဲ့ အဖွဲ့အစည်းအချို့ရှိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်သူလဲဆိုတာတော့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး” လို့ Imam က ပြောပါတယ်။

“ဒါက မွေးမြူရေးလုပ်ငန်းတွေပါ ပါဝင်မယ့် ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်။ သူတို့ကို ကျွဲနွားတွေ ပေးမယ်။ သူတို့ကို မြေတွေ ပေးမယ်။ သူတို့ကို အိမ်ယာတွေ ပေးမယ်။ သူတို့ ကျွဲနွားတွေ မွေးမြူကြမှာ ဖြစ်သလို အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

သတင်း-ရိုက်တာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar