“ရာဇဝတ်မှု ဖြစ်မည်ကို စိုးရိမ်သဖြင့် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ပြန်မည်မဟုတ်” – ဦးဝင်းမြင့်

နေပြည်တော်၊ အောက်တိုဘာ ၇

ရာဇဝတ်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို အများပြည်သူထံ ထုတ်ပြန်ရန် မသင့်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က Frontier ကို ပြောသည်။

“အခုအခြေအနေကြည့်လေ။ ကာလဒေသကို ကြည့်၊ အများပြည်သူကို ထုတ်ပြန်လိုက်ရင် အဲဒီကိုယ်စားလှယ်တွေအတွက် ရာဇဝတ်မှုကို ဖိတ်ခေါ်သလို ဖြစ်မှာပေ့ါ”ဟု နေပြည်တော်၊ လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရိခန်းမတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမြင့်သည် ဦးသိန်းစိန်အစိုးရ တာဝန်ယူနေသည့် ကာလဖြစ်သည့် ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် “အစိုးရသစ် လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရေးတို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်’’ ဟူသော အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် တင်သွင်းခဲ့ဖူးသူဖြစ်သည်။

သို့သော် ထိုစဉ်က ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တာဝန်ယူထားသည့် ဒေါက်တာထွန်းရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တို့ကို ပြင်ဆင်ပြီးမှသာလျှင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများကို အများပြည်သူထံသို့ ထုတ်ပြန်နိုင်မည်ဟု မှတ်ချက်ပြုခဲ့ပြီးနောက် လွှတ်တော်ကလည်း အဆိုကို အတည်ပြုရန် ငြင်းပယ်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တို့တွင် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများတင်ပြရန်နှင့် အများပြည်သူသို့ အသိပေး ထုတ်ပြန်ကြေညာရန်ဟူ၍ တိုက်ရိုက် ပြဋ္ဌာန်းထားခြင်း မရှိပေ။

ထို့ကြောင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ကာလအတွင်း အစိုးရအဖွဲ့ ပိုင်ဆိုင်မှုများ ထုတ်ပြန်နိုင်ရေးအတွက် ဥပဒေများပြင်ဆင်ရန် ဆောင်ရွက်နေခြင်းရှိမရှိကို ဦးဝင်းမြင့်ထံ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Frontier က မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ မတိုင်မီကတည်းက လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဝင်ပြိုင်မည့် အမတ်လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းကို တောင်းယူထားပြီး ထိုစဉ်က ပါတီ ဥက္ကဋ္ဌ၊ ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ချိတ်ပိတ် သိမ်းဆည်းထားပြီးဖြစ်၍ ထပ်မံတောင်းယူရန် မလိုအပ်ဟု ဦးဝင်းမြင့်က ဖြေကြားသည်။

“ဥပဒေမှာ အများပြည်သူကို ထုတ်ပြန်ရမယ်လို့ မပါဘူး။ တောင်းထားရမယ်၊ ယူထားရမယ်။ အိမ်ဖောက်ခံရတာတို့၊ လုယက်ခံရတာတို့၊ ဓါးပြတိုက်ခံရတာတို့ ဖြစ်သွားမှာပေ့ါ။ မူလရည်ရွယ်ချက်ဥပဒေကိုက ပေးပြီး သိမ်းခိုင်းထားတယ်။ တိုင်တာ တောတာရှိမယ်၊ မသင်္ကာဘူး၊ အကြောင်းကြီးငယ်ရှိမယ်ဆိုရင် အိတ်ဖောက် စစ်လိုက်ပေ့ါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံသားများ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို လုံခြုံမှုပေးရန်လည်း တာဝန်ရှိသဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်ထားကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းများ ရောက်ရှိပြီးဖြစ်သော်လည်း အများပြည်သူထံ ထုတ်ပြန်ကြေညာမည်မဟုတ်ဟု Frontier ကို ပြောကြားထားဖူးသည်။

“မေလကတည်းက ရောက်နေတာ။ ထုတ်ပြန်ဖို့တော့ လောလောဆယ်တော့ မရှိသေးဘူး။ ဥပဒေအရ သမ္မတဆီမှာပဲ သိမ်းထားရတာ” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ တွင် “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟု ဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင်လည်း “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သောပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar