ရန်ကုန် လေထုညစ်ညမ်းမှုအတွက် သတိပေး ခေါင်းလောင်းသံ

ရန်ကုန်မြို့မှာ မော်တော်ကားစီးရေ များပြားလာမှုနှင့်အတူ သစ်ပင်တွေ နည်းပါးသွားတာကြောင့် လေထုညစ်ညမ်းမှုပမာဏ သိသိသာသာ မြင့်တက်နေပါတယ်

ဟိန်းကိုစိုး ရေးသားသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ ရာသီဥတု ပြောင်းလဲမှုတွေကိုလည်း ၂၀၁၄ ခုနှစ်ကစပြီး အားလုံး သိရှိခံစားလာကြရပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကလည်း သိသိသာသာ ဆိုးရွားလာပါတယ်။

ရန်ကုန်လေထုညစ်ညမ်းမှုက သက်ရောက်မှုတွေကို ရန်ကုန်မြို့တစ်ခွင်မှာ သိသိသာသာမြင်တွေ့နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အထိ ရန်ကုန်မြို့တွင်းကို ဒေါပုံမြို့နယ်ကနေ တိုက်ရိုက်သွားလာနိုင်ဖို့ တည်ဆောက်ခဲ့တဲ့ မဟာဗန္ဓုလတံတားပေါ်ကနေ ရန်ကုန်ရဲ့ အထင်ကရ ရွှေတိဂုံစေတီအပြင် အခြားမြို့တွင်း မြင်ကွင်းတွေကို ကြည်လင်ပြတ်သားပြီး တောက်ပစွာ တွေ့မြင်နိုင်ခဲ့ကြပါတယ်။

အခုတော့ တံတားပေါ်ကနေ မြင်တွေ့နေကျ၊ မြင်တွေ့နိုင်တဲ့ မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ မြူလို အရောင်အဆင်းရှိတဲ့သဏ္ဍန်တွေက ပိတ်ကွယ် ကာဆီးနေပါပြီ။ အဲဒီအရာကတော့ လေထုညစ်ညမ်းမှုတွေကြောင့် ဖြစ်ပေါ်နေတာပါ။

လေထုညစ်ညမ်းမှုဆိုတာက လေထဲမှာသေးငယ်တဲ့ အရာဝတ္တုတွေ၊ လူတွေမရှုရှိုက်သင့်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဓာတ်ငွေ့တချို့ ရောနှောနေတာဖြစ်ပါတယ်။ အဲဒီအရာတွေက သက်ရှိလူသားတွေရဲ့  အသက်ရှုလမ်းကြောင်းကို ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။

လေထုထဲမှာ ရောနှောပါဝင်နေတဲ့ အလွန်သေးငယ်တဲ့ အရာဝတ္တုတွေကတော့ ဓာတုပစ္စည်းတွေဖြစ်တဲ့၊ ကာဗွန် ဒိုင်အောက်ဆိုဒ်၊ ဆာလဖာလ် ဒိုင်အောက်ဆိုဒ်၊ အမိုးနီးယား၊ မီသိမ်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် နဲ့ ဟိုက်ဒရိုကလိုရိုက်တို့လို ဓာတ်ပေါင်းတွေ ဖြစ်ပါတယ်။ အဲဒီအပြင် တခြားဓာတုပစ္စည်းတွေလည်း ရှိနေပါသေးတယ်။

လေထုညစ်ညမ်းမှုတွေထဲမှာပါနေတဲ့ လူသားတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အမှုန်အမွှားတွေ၊ အလွန် သေးငယ်တဲ့ ဓာတုပစ္စည်းကဲ့သို့ အရာဝတ္တုတွေကို လူသားတွေ အနေနဲ့ ရှောင်လွဲလို့ မရနိုင်ပါဘူး။ လူသားတွေက နေ့စဉ် လေလီတာပေါင်း နှစ်သောင်းကို အသက်ရှင်နေထိုင်နိုင်ဖို့ ရှုသွင်းနေရပါတယ်။ အဲဒီအတွက် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာ အန္တရာယ်တွေကနေ လူသားတွေရှောင်လွဲ မရနိုင်တာ ဖြစ်ပါတယ်။

အဲဒီလိုလေထုညစ်ညမ်းမှုတွေကနေ အရင်ဆုံး ထိတွေ့ခံစားရမှာကတော့ မျက်စိ၊ နား၊ နှာခေါင်းတွေယားယံခြင်း၊ လေရှုရတာ ခက်ခဲလာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရကျပ်လာခြင်း၊ တိုတောင်းလာခြင်း၊ ရင်ဘတ်အောင့်၊ ခေါင်းကိုက်၊ ကိုယ်လက်မအီမသာဖြစ်တာတွေအပြင် လေပြွန်နဲ့ အဆုတ်ရောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအပြင် ပန်းနာရင်ကျပ်နဲ့ အဆုတ်လေပြွန်တွေ ရောင်ရမ်းနာတာမျိုး စတာတွေလည်း ဆက်စပ်ဖြစ်နိုင်ပါတယ်။

ညစ်ညမ်းတဲ့လေထုကို ကြာရှည်စွာရှုရိုက်နေရတဲ့သူတွေကတော့ အချိန်ကြာလတာနဲ့အမျှ အဆုတ်ကင်ဆာ၊ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းနာကျင်မှုတွေ၊ အလားဂျစ်လို့ သက်ရောက်မှုတွေ ဖြစ်နိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေလည်း ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေထုညစ်ညမ်းမှုရဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှု သတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ကားတွေကနေ ထုတ်လွင့်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုင်အပါအဝင် ဓာတုပစ္စည်းတွေကြောင့်လို့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူလည်းဖြစ်၊ Ecological Laboratory ရဲ့ အကြံပေးလည်းဖြစ်တဲ့ ဒေါက်တာကျော်ငြိမ်းအေးက ပြောပါတယ်။

“ရန်ကုန်လေထု ညစ်ညမ်းနေတယ်ဆိုတာကို လူတိုင်းသိနေကြတယ်။ အဲဒီမတိုင်မီကတော့ အားလုံးကသတိ မထားမိကြဘူး။ လေထုညစ်ညမ်းမှုက ကားတွေအများကြီးက အရည်အသွေးနိမ့်တဲ့ အင်ဂျင်ဆီတွေကို သုံးတာကြောင့်မို့ လေထုညစ်ညမ်းမှုတွေဖြစ်နေတာ” လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီးတော့ ကားတင်သွင်းခွင့်မူဝါဒတွေကို ဖြေလျှော့ပြီး တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ ကားတွေတင်သွင်းခဲ့တာဟာ အခု ၂၀၁၆ ခုနှစ်အရောက်မှာတော့ ရန်ကုန်တစ်မြို့တည်းမှာတင် ကားစီးရေ ခုနှစ်သိန်းခွဲလောက်အထိရှိနေပါပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့  အချက်အလက်တွေအရ သိရပါတယ်။

အဲဒီပမာဏဟာ ဦးသိန်းစိန်အစိုးရမတက်မီ နှစ်နှစ်အလို ၂၀၀၈ ခုနှစ် ရန်ကုန်မြို့မှာရှိတဲ့ ကားအရေအတွက်ရဲ့ သုံးဆနီးပါးဖြစ်တယ်။ ကားတစ်စီးက တစ်နှစ်ကို ၎င်းကားရဲ့ အလေးချိန်လေးဆနဲ့ ညီမျှတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ထုတ်လွှတ်နေပါတယ်။

ကားတွေအသုံးပြုမှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့လေထုအရည်အသွေးစံနှုန်းတွေကိုတော့ ၂၀၁၅ ခုနှစ် နှစ်လည်အထိ မည်သည့်အဖွဲ့အစည်းကမှ တိုင်းတာနိုင်ခြင်းမရှိခဲ့ပါဘူး။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း မြို့ရဲ့ လေအရည်အသွေးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီးမှသာ တိုင်းတာဖို့ စတင်ပြင်ဆင်ခဲ့တာပါ။ စည်ပင်က ရန်ကုန်လေအရည်အသွေးကို သိရှိနိုင်ဖို့ မြို့တော်ခန်းမရှေ့အပါအဝင် အခြားသုံးနေရာမှာ ကိရိယာတွေ အမြဲတမ်း တပ်ဆင်တိုင်းတာနေပြီး အခြားမြို့နယ် ၆၇ နေရာမှာတော့ ရွှေ့ပြောင်း တိုင်းတာမှုတွေကို ပြုလုပ်ထားပါတယ်။

အဲဒီလို တိုင်းတာရရှိတဲ့ လေအရည်အသွေးရလဒ်တွေကိုတော့ ယခုလကုန်ပိုင်းမှာ တစ်နိုင်ငံလုံးကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ မြို့တော်စည်ပင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန်းရှင်းမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်မော်က ဆိုပါတယ်။

“အဲဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်မပြောချင်သေးပါဘူး။ မြို့တော်ဝန်ဆီကို တင်ထားတယ်” လို့ သူက ပြောပါတယ်။

အခုတော့ လေထုအရည်အသွေးကို သဘာဝပတ်ဝန်ကျင်းထိန်းသိန်းရေး ဦးစီးဌာနကလည်း တိုင်းတာတာတွေ ရှိနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဟောင်း ဦးမျိုးလွင်က ဆိုပါတယ်။

ရန်ကုန်လေထုညစ်ညမ်းမှုတွေဖြစ်နေတာက ကားတွေအသုံးများလို့ ဆိုပေမယ့် တစ်ခြားတစ်ဖက်မှာလည်း စက်မှုဇုန်တွေက လေထုထဲ ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းအခိုးအငွေ့တွေ၊ သစ်တောတွေ ပြုန်းတီးနေမှုတွေနဲ့လည်း ဆက်စပ်နေတယ်လို့ မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက ဆိုပါတယ်။

ရန်ကုန်မှာ စက်မှုဇုန်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ စက်မှုဇုန်ပေါင်း ၂၉ ခုအထိ ရှိနေပါတယ်။ အဲဒီဇုန်တွေထဲက စက်ရုံအားလုံးက လေထုညစ်ညမ်းစေတဲ့အရာတွေကို ထုတ်လွှတ်နေတာ မဟုတ်ပါဘူး။ တချို့စက်ရုံတွေက ရေထုညစ်ညမ်းစေတဲ့ စွန့်ပစ်ရေတွေကိုလည်း စွန့်ပစ်နေကြပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရးနှင့် သစ်တောရေးရာဦးစီးဌာနက ၂၀၁၅ ခုနှစ်အကုန်နဲ့ ၂၀၁၆ ခုနှစ်၊ နှစ်စပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ညွှန်ကြားချက်တွေ၊ စံချိန်စံနှုန်းတွေမှာတော့ စက်ရုံစွန့်ပစ်ရေ၊ စက်ရုံတွေရဲ့ လေထုအတွင်းစွန့်ပစ် ဓာတုပစ္စည်းပမာဏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းတွေသာ ပါရှိပြီး ကားက ထုတ်လွှင့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏနဲ့ ပက်သက်ပြီးတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံသစ်တောအသင်း၊ အတွင်းရေးမှူး ဦးတင်အေးကတော့ ရန်ကုန်ရဲ့ သစ်တောပြုန်းတီးမှုကြောင့် လေထုညစ်ညမ်းမှုတွေကို ဆိုးရွားစွာ သက်ရောက်စေတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာ သစ်တောတွေ၊ စိမ်းလန်းနေတဲ့နေရာတွေ မရှိတော့ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက သစ်ထုတ်တာတွေ၊ အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာသုံးဖို့ ထင်းခုတ်တာတွေကြောင့် အများကြီး ပျက်စီးသွားပြီ။ အဲဒီအတွက် လေထုထဲက ကာဗွန်တွေက သစ်ပင်တွေက စုပ်ယူနိုင်မှုမရှိတော့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်မှုက တိုးလာနေပြီ” လို့ သူက ပြောပါတယ်။

ရန်ကုန်မှာ အားလုံးနီးပါး သစ်တောပြုန်းတီးနေပြီလို့ ဆိုလိုရပေမယ့် နှစ်စဉ်သစ်တောပြုန်းတီးနေတဲ့ ရာခိုင်နှုန်းတွေ၊ ကာဗွန်စုပ်ယူမှု၊ သစ်တောထိန်းသိမ်းနိုင်မှုစတာတွေကို နှစ်စဉ်အသေးစိတ်အချက်အလက်တွေ ပြုစုနိုင်မှုမရှိခဲ့ဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ရန်ကုန်) ရဲ့  ညွှန်ကြားရေးမှူးဟောင်း ဦးမျိုးလွင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ၂၀၁၂ ခုနှစ်မှာ သစ်တောရေးရာဝန်ကြီးဌာနနဲ့ တွဲဖက်ပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေကစပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ရုံးတွေ ဖွင့်လှစ်ခဲ့ပေမယ့် အခုအချိန်အထိတော့ ခရိုင်၊ မြို့နယ်အဆင့်ရုံးတွေ မထားနိုင်သေးပါဘူး။

မြန်မာနိုင်ငံရဲ့ သစ်တောရေးရာကိစ္စတွေကိုတော့ သစ်တောရေးရာဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ် စီမံခန့်ခွဲ နေပါတယ်။ ယခုနှစ်အထိ ရန်ကုန်မြို့မှာ သစ်တောဖုံးလွှမ်းနေတဲ့ ဧရိယာက ဧကတစ်သိန်းခြောက်သောင်းသာ ကျန်ရှိပါတော့တယ်။

ဦးသိန်းစိန်အစိုးရမတက်မီ ၂၀၁၀ ခုနှစ်အထိတော့ ရန်ကုန်မှာ သစ်တောဖုံးအုပ်ဧရိယာက ဧက သုံးသိန်းခြောက် သောင်းလောက် ရှိခဲ့ပါတယ်။ အဲဒါကြောင့် ငါးနှစ်အတွင်း သစ်တောဖုံးအုပ်ဧရိယာ ဧကနှစ်သိန်းလောက် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်တယ်လို့ သစ်တောရေးရာဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။ ရန်ကုန်ရဲ့ နှစ်စဉ်သစ်တောပြုန်းတီးမှု ရာခိုင်နှုန်းက ၁၁ ဒသမ ၂ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

“သစ်တောအများကြီး ရန်ကုန်မှာ ပျက်စီးကုန်ပြီ။ ဒါကအမှန်ပဲလေ။ အဲဒါက လေထုညစ်ညမ်းတာ၊ ရေအရင်း အမြစ်ဆုံးရှုံးတာ၊ အပူချိန်ပြောင်းလဲတာတွေက လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ဖြစ်နေပြီလေ။ သစ်တောပြုန်းလို့ လေထုထဲကအရာတွေကို သစ်ပင်တွေက မစုပ်နိုင်တော့ဘူး။ ဒီဟာတွေကြောင့် လေထုညစ်ညမ်းပြီး ခုနလို အကျိုးသက်ရောက်မှုတွေဖြစ်နေပြီ” လု့ိ မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက ဆိုပါတယ်။

လေထုညစ်ညမ်းမှုနဲ့ ပက်သက်ပြီး ရန်ကုန်မြို့နေ ပုဂ္ဂလိကဘဏ်ဝန်ထမ်း ဒေါ်ငြိမ်းငြိမ်းကတော့ “လေထုညစ်ညမ်းတယ်ဆိုတာတော့ ဘာလဲမသိဘူး။ ဒါပေမယ့် အခုနှစ်နှစ်အတွင်းမှာ ကောင်းကင်ကမကြည်ဘူး။ တိမ်တွေထူတယ်။ မိုးတွေ၊ လေတွေ အပြင်းအထန် ရွာတာတိုက်တာတွေတော့ သိတယ်။ အဲဒါတွေက ရန်ကုန်က လူတွေပဲမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံးက လူတွေကို အန္တရာယ်ဖြစ်နေတာပါ” လို့ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar