ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေးနေ

နေပြည်တော်၊ နိုဝင်ဘာ ၂၉

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ကာ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားသည်။

“မပြောသင့်တဲ့အချိန်မို့ မပြောသေးတာ ဖြစ်ပါတယ်။ ပြီးရင် ပွင့်လင်းမြင်သာစွာနဲ့ ပြောသွားမှာပါ” ဟု ၎င်းက နိုဝင်ဘာ ၂၈ ရက်နေ့က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အမျိုးသားသုံးဦးကို ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။

သို့သော် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုများကိုလည်း ဦးတင်မြင့်က ပြောကြားခြင်းမရှိပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာနှစ်ခု၊ တောင်ဒဂုံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်းတို့တွင် ပေါက်ကွဲမှုများ လေးကြိမ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

အဆိုပါ ပေါက်ကွဲမှုများမှာ M150 အချိုရည်ပုလင်းထဲတွင် ဓာတုဗေဒဆေးရည်များ ထည့်သွင်း၍ ပေါက်ကွဲစေရန် ဆောင်ရွက်ထားသည့် လက်လုပ်ဗုံးများကို အသုံးပြုခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရှိခဲ့သည်။

ထို့ကြောင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ရှိ Junction Centre ကားရပ်နားရာ နေရာတွင် စွန့်ပစ်ထားသည့် M150 အချိုရည် ပုလင်းခွံကြောင့် ထိတ်လန့်မှုတစ်ခု နိုဝင်ဘာ ၂၇ ရက်နေ့ညနေက ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းပြီး ဗုံးမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုကဲ့သို့ M150 အချိုရည်ပုလင်းကို အသုံးပြုကာ အများပြည်သူ ထိတ်လန့်မှုဖြစ်ပွားစေရန် ဆောင်ရွက်နေမှုများ ရှိသော်လည်း အဆိုပါ အချိုရည်အမှတ်တံဆိပ်နှင့် ပတ်သက်၍ အာဏာပိုင်များထံမှ တစ်စုံတစ်ရာ ညွှန်ကြားခြင်းမရှိဟု အဆိုပါ အချိုရည်များကို ထိုင်းနိုင်ငံမှ တင်သွင်း ဖြန့်ချိနေသည့် Loi Hein ကုမ္ပဏီရုံးချုပ်မှ ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးကလည်း M150 မှာ တလွဲသုံးခံရခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။

“ဒီပုလင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ အရာလုပ်တယ်ဆိုတာကတော့ သူတို့လုပ်တဲ့အချိန်မှာ လွယ်ကူစေတဲ့အတွက် သုံးလိုက်တယ်လို့ထင်တယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် M 150 အချိုရည်ဈေးကွက်အပေါ် သက်ရောက်မှု တစ်စုံတစ်ရာမရှိဟု ရန်ကုန်မြို့၊ ညောင်ပင်လေးဈေးအနီးတွင်ဖွင့်လှစ်ထားသော ချစ်စရာ အချိုရည် လက်ကားဖြန့်ချိရေးလုပ်ငန်းမှ မသီရိက ပြောသည်။

“တက်သွားတာလည်း မရှိဘူး။ ကျသွားတာလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar