ဟောင်ကောင်မှ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းသို့ ပျံသန်းလာသည့် ကုန်တင်လေယာဉ်တစ်စီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အရေးပေါ်ဆင်းသက်ခဲ့ရသည်။
အမေရိကန်အခြေစိုက် United Presal Service Co.,Ltd (UPS)ပိုင် MC Donnell Douglas MD-11F(Cargo) အမျိုးအစား လေယာဉ်သည် ပျံသန်းစဉ် လေယာဉ်ပေါ်၌ တင်ဆောင်လာသော ကုန်ပစ္စည်းများပါရှိသည့် ကွန်တိန်နာပုံးမှ Fire Alarm မြည်လာသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦးနှင့် လစ်သီယံဘတ္ထရီ (Lithium Ion Batteries) ၁၇၅ ဒသမ ၇ တန်ပါရှိသည်ဟုဆိုသည်။
အရေးပေါ်ဆင်းသက်ပြီးနောက် တာဝန်ရှိသူများက လေယာဉ်ပေါ် တက်ရောက်စစ်ဆေးရာ မီးလောင်မှုမရှိဘဲ လစ်သီယံ ဘတ္ထရီအနံ့သာရရှိခဲ့သည်ဟုလည်း ဆိုသည်။
အဆိုပါလေယာဉ်အား ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားခဲ့ပြီး လေယာဉ်စစ်ဆေးမည့် အင်ဂျင်နီယာအဖွဲ့ ယနေ့ ရောက်ရှိလာပါက လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးမည်ဖြစ်သည်။