ရန်ကုန်တိုင်းအစိုးရဘတ်ဂျက်တွင် အပြောင်းအလဲများမတွေ့ရဟု လွှတ်တော်အမတ်များ ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်သို့ တင်ပြခဲ့သည့် ဘတ်ဂျက်မှာ ယခင်အစိုးရလက်ထက်က ဘတ်ဂျက်နှင့် တူညီနေပြီး အပြောင်းအလဲများကို မတွေ့ရဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း လျာထားတွင် သုံးငွေအဖြစ် ကျပ် ၄၂၄ ဒသမ ၁ ဘီလျံနှင့် သုံးငွေအဖြစ် ကျပ် ၃၀၂ ဒသမ ၅ ဘီလျံ လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။ လိုငွေ ကျပ် ၁၂၁ ဒသမ ၆ ဘီလျံကိုမူ ကောက်ခံရရှိမည့် အခွန်များဖြင့် ဖြည့်ဆည်းသွားမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဘတ်ဂျက်လျာထားချက်နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးက ဆွေးနွေးခဲ့ကြရာတွင် ဘတ်ဂျက်နှင့် ပတ်သက်ပြီး လေ့လာရန် အချိန်လုံလောက်စွာ မရရှိခြင်းအပါအဝင် မလိုအပ်သည့် စီမံကိန်းများ ပါဝင်နေမှုကို ကိုယ်စားလှယ်အများစုက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

“လက်ရှိအစိုးရရဲ့ ဘတ်ဂျက်ပုံစံနဲ့ ယခင်အစိုးရရဲ့ ဘတ်ဂျက်က တစ်ပုံစံတည်းဖြစ်နေတယ်။ ယခု ဘတ်ဂျက်မှာလည်းပဲ အရင်နှစ်နည်းတူ ဂေါက်ကွင်းတွေ ပါနေသေးတယ်။ ပြီးတော့ တံတားတည်ဆောက်ဖို့ ငွေတွေ တောင်းခံချက်တွေကလည်း အရင်နှစ်တွေထက် အများကြီး ကွာဟနေတာကို တွေ့ရပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“တကယ်တမ်းကျတော့ ဘာမှကို မပြောင်းလဲသေးပါဘူး။ အားလုံးက အရင်အတိုင်းပဲ ရှိနေသေးတဲ့ အနေအထား၊ ပြီးတော့ ဘတ်ဂျက်ရေးဆွဲသူများအနေနဲ့ လက်ရှိအစိုးရရဲ့ မူဝါဒတွေကို ကျေညက်ထားဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါ ဘတ်ဂျက်ရေးဆွဲမှုမှာလည်း ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားမပြုသည့် ရေးဆွဲမှုမျိုးဖြစ်နေသည်ဟု ဦးနေဘုန်းလတ်က သတင်းထောက်များကို အဆိုပါနေ့က ပြောကြားခဲ့သည်။

“အစိုးရသစ်ရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ မူဝါဒနဲ့ ကျွန်တော်တို့တွေ ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်။ အစိုးရရဲ့ အဓိက မူဝါဒအရ ပြည်သူကို ကိုယ်စားပြုတဲ့စနစ်နဲ့ သွားနေတယ်။ ဒါပေမယ့် အခုရေးဆွဲတဲ့ ကိစ္စမှာတော့ ပြည်သူမပြောနဲ့ လွတ်တော်ထဲက လွတ်တော်ကိုယ်စားလှယ်ကိုတောင် ကိုယ်စားမပြုနိုင်ဘူး။ လွတ်တော်ထဲက လွတ်တော်ကိုယ်စားလှယ်တွေရဲ့ အနေအထားကိုတောင် မှေးမှိန်ရာ ရောက်စေတယ်” ဟု ၎င်းက ပြောကြားသည်။

“ကိုယ်စားလှယ်တွေနဲ့အတူူ အကုန်လုံးသူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ ရေးဆွဲတဲ့ ဘတ်ဂျက်ဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ ဘတ်ဂျက်ကို ကြည့်ရင် နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရက ဘယ်လိုအစိုးရလဲဆိုတာ သိရပါတယ်” ဟု ၎င်းကပြောသည်။

“လက်ရှိအစိုးရအနေနဲ့ ယခင်အစိုးရရဲ့ ဘတ်ဂျက်ပုံစံအတိုင်းသာ ရှိနေဆဲဆိုရင် သိက္ခာကျပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ကြည်ပြာကလည်း ဘတ်ဂျက်၏ အချို့သော နေရာများတွင် ထပ်ခါထပ်ပါ ပါဝင်နေသည့်အချက်များကို တွေ့ရသည်ဟု ထောက်ပြခဲ့သည်။

“တစ်ချို့နေရာတွေမှာ ဘတ်ဂျက်ငွေနဲ့ပတ်သက်လို့ ထပ်ကာ တစ်လဲလဲ ပါနေပါတယ်။ ပြီးတော့ စာရင်းစစ်ချုပ်ရုံးရဲ့ ဘတ်ဂျက်ငွေထဲမှာ မနှစ်က ကော်ပီစက် ရှစ်လုံးဝယ်ထားပြီးသော်လည်း၊ ဒီနှစ်ဘက်ဂျက်ထဲတွင် ၄၂ လုံး ထပ်ပါနေပါတယ်။ ၎င်းငွေတွေများသည် ပြည်သူများ၏ ငွေဖြစ်တဲ့အတွက်ကြောင့် ချိန်ဆပြီး လုပ်စေလိုပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စည်ပင်အိမ်ယာများတွင် နေထိုင်ကြသော ဝန်ထမ်းများအတွက် အိမ်သာများဆောက်လုပ်ရန် ဘတ်ဂျက်တွင် နှစ်စဉ်ပါဝင်သော်လည်း ပြင်ပအခြေအနေနှင့် ကွာခြားနေသည်ဟု ၎င်းကပြောသည်။

“ကျွန်မတို့ မြို့နယ်တွင် စည်ပင်ဝန်ထမ်းအိမ်ရာ မရှိသလို အိမ်သာလည်း တစ်လုံးမှ မရှိပါဘူး” ဟု ဒေါ်ကြည်ပြာကပြောသည်။

“ဒါကြောင့်မို့လို့ ဒီမိုကရေစီနိုင်ငံအနေနဲ့ ပြည်သူများကို ဘတ်ဂျက်ငွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ချပြသင့်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar