ရန်ကုန်စတော့အိတ်ချိန်း လာမည့်ရက်သတ္တပတ် ဖွင့်မည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အရင်းအနှီးဈေးကွက်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းကို လာမည့် ဒီဇင်ဘာ ၉ ရက်(ဗုဒ္ဓဟူးနေ့) တွင် ဖွင့်လှစ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အရင်းအနှီးဈေးကွက်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းကို လာမည့် ဒီဇင်ဘာ ၉ ရက်(ဗုဒ္ဓဟူးနေ့) တွင် ဖွင့်လှစ်မည်ဟု စတော့အိတ်ချိန်းကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက အတည်ပြုပြောကြားကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

၁၉၉၆ ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်ခဲ့သော်လည်း ယခု ၁၉ နှစ်ကြာမြင့်ပြီးမှ မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်းကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာစသည်တို့ကိုသာ အားထား၍ မိမိပိုင်ငွေများကို ရင်းနှီးမြှုပ်နှံနေရသည့် မြန်မာနိုင်ငံသားများအဖို့ ရင်းနှီးမြှုပ်နှံရန် နေရာသစ် တစ်ခု ထပ်တိုးလာမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား၊ ဘရူနိုင်း၊ အန်ဒိုရာ၊ အင်ဂိုလာ စသည့် နိုင်ငံများနှင့်အတူ ကမ္ဘာပေါ်တွင် စတော့အိတ်ချိန်းမရှိသည့် ကိုးနိုင်ငံစာရင်း သွင်းခံထားမှုမှ စတင်လွတ်မြောက်မည် ဖြစ်သည်။

သို့သော် အဆိုပါ စတော့အိတ်ချိန်း၏ ၄၉ ရာခိုင်နှုန်း(ထက်ဝက်နီးပါး) ကို ဂျပန်နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းများဖြစ်သော ဒိုင်းဝအင်စတီကျုနှင့် ဂျပန်အိတ်ချိန်းအုပ်စုတို့က ပူးတွဲပိုင်ဆိုင်မည်ဖြစ်ရာ အိတ်ချိန်းသည် အပြည့်အဝမြန်မာနိုင်ငံပိုင် မဟုတ်ပေ။

စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ဗုဒ္ဓဟူးနေ့တွင် စတော့အိတ်ချိန်းမှ တဆင့် ရှယ်ယာထုတ်ရောင်းရန် အရည်အသွေးပြည့်မီသည့် ဈေးကွက်ဝင် ကုမ္ပဏီများကိုပါ ဒေါက်တာမောင်မောင်သိမ်းက ကြေညာပေးမည်ဖြစ်သည်။

နိုင်ငံခြားသားများ၊ နိုင်ငံခြားကုမ္ပဏီများမှာမူ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ခွင့် ရရှိမည်မဟုတ်သကဲ့သို့ ကျပ်သိန်းတစ်ထောင်ဖိုးနှင့်အထက် ရှယ်ယာဝယ်သူများသည်လည်း ပြည်ထဲရေးလက်အောက်ရှိ ငွေကြေးခဝါချမှု စုံစမ်းရေးအထူးအဖွဲ့၏ ငွေရလမ်းဇာစ်မြစ် စုံစမ်းစစ်ဆေးမှုကို ခံရမည်ဟု ဒေါက်တာ မောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားထားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်ရှိ ယခင်မြဝတီဘဏ်ရုံးချုပ်ဟောင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။

သတင်း – ကျော်ဖုန်းကျော်

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.