ရန်ကုန်၊ ဧပြီ ၂၆
ရန်ကုန်မြို့ရှိ စက်မှုဇုံ သုံးခုတွင် တည်ရှိသည့် အထည်ချုပ်အလုပ်ရုံများ၌ အမျိုးသမီးအလုပ်သမားများအပေါ် အခွင့်အရေးများ ချိုးဖောက်မှုများရှိနေသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU (Burmese Women’s Union) က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရသည်။
“အဓိကဖိနှိပ်တာကတော့ အများကြီးပဲ။ တချို့ဆို လူမှုဖူလုံရေးကြေးပေးနေရတယ်။ ဒါပေမယ့် လူမှုဖူလုံရေးကတ် မရသေးတာရှိတယ်။ ကတ်ရပြီးရင်တောင်မှ ကျန်းမာရေးပြဿနာတစ်ခုခုရှိလိုသွားရင် လူမှုဖူလုံရေးဆေးရုံက ဘယ်မှာမှန်း မသိကြဘူး။ ပြီးရင် ခွင့်ရက်တွေရှိတယ်၊ ဥပဒေတွေရှိတယ်၊ ဒါပေမယ့် သူတို့ ယူရကောင်းမှန်း မသိဘူး။ အလုပ်ရှင်က မပြောပြတဲ့ဟာတွေလည်း ရှိတယ်။ စက်ရုံတွေအတွင်းမှာလည်း ဆဲဆိုခံရမှုတွေရှိတယ်။ နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလည်း ရှိတယ်” ဟု BWU ၏ တာဝန်ခံ ဒေါ်အိမွန်ဖြိုးက ပြောကြားသည်။
စစ်တမ်းအတွက် အချက်အလက်များကို မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာစက်မှုဇုံများရှိ အထည်ချုပ်စက်ရုံ ၁၃ ခုမှ အမျိုးသမီးအလုပ်သမား ၆၆ ဦးအား ၎င်းတို့၏ အလုပ်အားလပ်ချိန်များတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။
စစ်တမ်းအရ အမျိုးသမီးအလုပ်သမားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် နှုတ်ပိုင်းဆိုင်ရာဖြင့် အခွင့်အရေးချိုးဖောက်မှုများ၊ စက်ရုံများတွင် အရေးပေါ်ထွက်ပေါက်၊ အိမ်သာနှင့် ရေမလုံလောက်မှုများအပါအဝင် မလုံခြုံသော လုပ်ငန်းခွင် အခြေအနေများအပြင် အလုပ်သမားများက သမဂ္ဂဖွဲ့ရန်ကြိုးစားလျှင်သော်လည်းကောင်း၊ တိုင်ကြားလျှင်သော်လည်းကောင်း အလုပ်ဖြုတ်ခံရသည့်အနေအထားများရှိသည်ဟု ဆိုသည်။
“ကျွန်မက ကျန်းမာရေးအရ စိတ်ဖိစီးမှုများပြီး အပြင်ဆေးရုံကနေ ဆေးခွင့်ယူခဲ့ပါတယ်။ ဆေးခွင့်ယူတာကို တရားမဝင်ဘူးဆိုပြီး အလုပ်ဖြုတ်ခဲ့တာဖြစ်ပါတယ်။ အဓိကအချက်က ကျွန်မတို့ စက်ရုံမှာ ဖူလုံရေးကတ် မရရှိတဲ့ အကြောင်းကြောင့်ပါ။ စက်ရံုံတော်တော်များများမှာလည်း ဖူလုံရေးကတ် မရကြပါဘူး။ လူမှုဖူလုံရေးကတ်ရှိမှ ဆေးခွင့်တို့၊ မီးဖွားခွင့်တို့ ရရှိတာဖြစ်ပါတယ်။ လူမှုဖူလုံရေးကတ် မရှိတဲ့အခါ ကျန်းမာရေးအရ ခွင့်ယူဖို့ အခက်အခဲတွေ ရှိပါတယ်။ တချို့ဆို အိမ်သာမလုံလောက်တာတွေရှိတယ်။ သောက်ရေမသန့်တာတွေလည်း တော်တော်များများ ဖြစ်တယ်။ ဝမ်းရောဂါတွေ ဖြစ်ကြတယ်။ စက်ရုံတော်တော်များများမှာ ဆေးခန်းမရှိဘူး။ ရှိရင်လည်းဆေးတွေ လုံလုံလောက်လောက် မရှိဘူး”ဟု အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်ဖြုတ်ခြင်းခံခဲ့ရသူ မဝတ်ရည်က ပြောကြားသည်။
“နောက်ပြဿနာက ၃၆၀၀ ပြဿနာပေါ့။ အခြေခံလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီးကတည်းက ဖိနှိပ်တာ ပိုပြီး များလာပါတယ်။ ကုန်ဈေးနှုန်းတွေလည်း ပိုတက်လာပါတယ်။ မိသားစုကို လုံလုံလောက်လောက် မပေးနိုင်တော့ဘူး” ဟု ၎င်းကပြောသည်။
ကုန်ဈေးနှုန်းများ တက်လာသည်နှင့်အမျှ အလုပ်သမားများသည် အချိန်ပို မဖြစ်အနေ ဆင်းနေရသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟုဆိုသည်။
စစ်တမ်းအရ အလုပ်ရှင်များက အလုပ်သမားများကို တနေ့လျှင် ၁၁ နာရီထိ အလုပ်စေခိုင်းလျက်ရှိသလို စက်ရုံ အများစုတွင် ကျပ် ၃၆၀၀ ကို အမြင့်ဆုံး လုပ်ခလစာအဖြင့် ကျင့်သုံးနေလျက်ရှိသည်ဟု ဆိုသည်။
သတင်း-စောကပလူစိုး