ရင်းနှီးမြှုပ်နှံမှုအခွင့်အာဏာအချို့ တိုင်းနှင့်ပြည်နယ်အစိုးရများထံ ခွဲပေးရန် အစိုးရကြိုးပမ်း

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

ဓာတ်ပုံ – ပြည်သူ့လွှတ်တော်

နေပြည်တော်၊ နိုဝင်ဘာ ၁၈

လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတို့ကို လုပ်ကိုင်ခွင့်ပြု/မပြု ဆုံးဖြတ်သည့် အခွင့်အာဏာသည် ပြည်ထောင်စုအဆင့် ဗဟိုအစိုးရထံတွင်သာ ရှိနေရာ ထိုအခွင့်အာဏာထဲမှ အချို့ကို  တိုင်းနှင့်ပြည်နယ်အစိုးရများထံသို့ ခွဲဝေပေးရန် အစိုးရက ကြိုးပမ်းနေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက Frontier ကို ပြောသည်။

“တိုင်းဒေသကြီးတွေ ပြည်နယ်တွေ ပိုပြီးတော့ ကောင်းသွားအောင် ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပေးတာလည်း ဖြစ်တယ်။ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုတွေ ပိုရောက်လာအောင်၊ လုပ်ငန်းစဉ်တွေ ပိုပြီးတော့ မြန်ဆန်လွယ်ကူ လာအောင် လုပ်ပေးတာပါ” ဟု ဒုဝန်ကြီးက အစိုးရ၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။ “လုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စု အစိုးရရဲ့ သဘောတူညီချက်နဲ့ခွဲဝေပေးသွားမှာပါ” ဟုလည်း ၎င်းက ဆက်ပြောသည်။

ထိုသို့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အာဏာကို ခွဲဝေရန် ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံမှုဥပဒေများဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်တွင်းရင်းနှီးမြှှုပ်နှံမှုဥပဒေတို့ကို ပြင်ဆင်ရန် လိုအပ်ရာ ထိုဥပဒေနှစ်ခုစလုံးကို ပြင်ဆင်ရန် ဒုဝန်ကြီးက အစိုးရကိုယ်စား နိုဝင်ဘာ ၁၈ ရက်က လွှတ်တော်သို့ တင်လိုက်ပြီဖြစ်သည်။

ဒုဝန်ကြီးတင်ပြလိုက်သည့် ပြင်ဆင်ချက်မူကြမ်း၏ ပုဒ်မတစ်ခုတွင် တိုင်းနှင့်ပြည်နယ်အစိုးရများကို “ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များထံသို့ လုပ်ပိုင်ခွင့်များ ခွဲဝေသတ်မှတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း” ဟု ပါရှိသော်လည်း မည်သည့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများကို တိုင်းနှင့်ပြည်နယ်အစိုးရများက ဆုံးဖြတ်ခွင့်ရပြီး နေပြည်တော်ဗဟို အစိုးရက မည်သည့်ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများနှင့်ပတ်သက်၍ ဆက်လက်ဆုံးဖြတ်မည်ကို ဖော်ပြမထားပေ။

ထိုသို့အာဏာခွဲဝေပေးမည့်ကိစ္စကို သဘောမတူသည့်အမတ်များလည်း ရှိနေပြီး ၎င်းတို့က လွှတ်တော်တွင် ကန့်ကွက်သွားမည်ဟု သိရသည်။ ကန့်ကွက်မည့်အမတ်များအနက်မှ တစ်ဦးဖြစ်သူ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဦးက “မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေအတွက် အခုလိုဥပဒေပြင်တာက အတော်ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေအတွက်ကတော့ အင်မတန် သတိထားရမယ့် ကိစ္စပါ။ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်။ ဥပမာ နယ်စပ်ဒေသတွေမှာ တစ်ဘက်နိုင်ငံက လူက သတ္တုတူးခွင့် ရသွားရင် အဲဒီနယ်မှာ တရားမဝင် သစ်မှောင်ခိုတွေ၊ တခြား တရားမဝင် ကုန်သွယ်မှုတွေပါ ပေါ်ပေါက်လာနိုင် တယ်” ဟု ၎င်း၏ စိုးရိမ်မှုကို ပြောကြားသည်။ “ဒီကိစ္စမျိုးကို နည်းဥပဒေတွေနဲ့ပြန်ထိန်းချုပ်တာမျိုး ရှိသင့်တယ်”ဟု ၎င်းက ဆိုသည်။

ဒုဝန်ကြီးဒေါ်လဲ့လဲ့သိန်းကမူ အဆိုပါဥပဒေသည် လေးလသာ သက်တမ်းကျန်တော့သည့် သမ္မတဦးသိန်းစိန်၏ လက်ရှိအစိုးရသက်တမ်းအတွင်း၌ပင် အသက်ဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း Frontier ကို ပြောသည်။

သတင်း – စိုးသန်းလင်း

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.