ရခိုင်အရေးအတွက် နိုင်ငံထိပ်တန်းခေါင်းဆောင်များ မျက်နှာစုံညီ ဆွေးနွေး

ဆုမြတ်မွန်

လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေ နေပြည်တော်မှာ ဇွန် ၈ ရက်နေ့ နံနက်ပိုင်းက မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အခြားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ တစ်ကြိမ်တစ်ခါမှ ခေါ်ယူခြင်းမရှိသေးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူလိမ့်မယ်လို့ အစောပိုင်းက သတင်းထွက်ပေါ်ခဲ့ပေမယ့် ယခုအစည်းအဝေးကိုတော့ “ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေး” လို့ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အစည်းအဝေး တက်ရောက်လာကြသူတွေဟာ ကောင်စီ အစည်းအဝေး တက်ရောက်ခွင့် ရှိသူတွေပဲ ဖြစ်ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လများစွာအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် အတူတူ ပြန်လည်တွေ့ဆုံရတာလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှု အခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်” လို့ သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သမ္မတရုံးက ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ နိုင်ငံခြားသား တစ်ဦး ထည့်သွင်းရန်ကိစ္စနှင့် ပတ်သက်ပြီး စည်းဝေးညှိနှိုင်းနေတယ်လို့ ယူဆတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာဆာအဖွဲ့က အကြမ်းဖက်တိုက်ခိုက်ပြီးနောက် လူ့အခွင်အရေး ချိုးဖောက်မှုတွေအပြင် ဆက်နွယ်နေတဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သမ္မတရုံးက မေ ၃၁ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့အထင်တော့ လောလောဆယ့်မှာတော့ စုံစမ်းရေး ကော်မရှင်မှာ နိုင်ငံခြားသားတစ်ယောက် ထည့်မည့်ကိစ္စနဲ့ ပတ်သက်လို့ စည်းဝေးညှိနှိုင်းနေတယ်လို့ ယူဆပါတယ်။ ပြီးတော့ လတ်တလောအနေနဲ့ ပြည်သူ့လွတ်တော်ကလည်း ကန့်ကွက်ထားတာ ရှိတယ်။ အဲဒီတော့ အဲဒါဖြစ်ဖို့ များတယ်လို့ ယူဆလို့ရပါတယ်”လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင်သုံးဦး ပါဝင်မယ်လို့ သမ္မတရုံးက ပြောပါတယ်။

“ကျွန်တော့်အထင် ကော်မရှင်မှာ နိုင်ငံခြားသားတစ်ယောက် ထည့်တာ မထည့်တာ သိပ်အရေးမကြီးဘူးဗျာ။ အရေးကြီးတာက စုံစမ်းရေးကော်မရှင်က ထုတ်ဖော်တဲ့ဟာကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ အနေအထား ရှိဖို့လိုတယ်” လို့ ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေတွင် အစိုးရနှင့် တပ်မတော်ကြား ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

“နောက်ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ ရခိုင်ဒေသခံလူထုနဲ့ လူထုကိုကိုယ်စားပြုတဲ့ အဖွဲ့တွေ မပါဝင်ဘူးဆိုတဲ့ အနေအထားအောက်မှာတော့ ဒီဟာတွေကို နိုင်ငံတကာက ပြည့်ပြည့်ဝဝ ယုံကြည်ဖို့တော့ ခဲယဉ်းလိုက်မယ်” လို့ ဦးမောင်မောင်စိုးက Frontier ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ ယခုလို တွေ့ဆုံမှုကို ကြိုဆိုလိုက်ပါတယ်။

“ရခိုင်ပြဿနာက အကုန်လုံး ပူးပေါင်းပါဝင်မှရမယ့် အချိန်ဖြစ်တယ်။ အခုချိန်မှာ အစိုးရနဲ့ တပ်မတော်၊ နိုင်ငံသူ နိုင်ငံသားအားလုံး ပူးပေါင်းပြီးမှ အဆင်ပြေနိုင်မယ်၊ အခုလို ပူးပေါင်းဆောင်ရွက်တာကို ထောက်ခံ ကြိုဆိုပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနောက်ပိုင်းက စလို့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် ခုနစ်သိန်းလောက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေ ရှိနေပါတယ်။

အာဆာအဖွဲ့ကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်အဓမ္မပြုကျင့်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပြီး ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းမှုဖြစ်တယ်လို့ အမေရိကန်၊ ဥရောပနဲ့ ကုလသမဂ္ဂတို့က စွပ်စွဲထားပါတယ်။

ဒီလို ကျူးလွန်တဲ့လူတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး အရေးယူဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေရှ့်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့လည်း မြန်မာအစိုးရကို ဖိအားပေးနေကြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar