ရခိုင်အရေးတွင် တရုတ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနည်းတူ ပါဝင်ကူညီနိုင်

နေပြည်တော်၊ ဧပြီ ၂၉

မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံအကြား ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စမှာ ကူညီဖြေရှင်း ပေးလိုတယ်လို့ ပြောကြားလာတဲ့ တရုတ်နိုင်ငံအနေနဲ့ အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းနည်းတူ ကူညီ ဆောင်ရွက်နိုင်ပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီ ၂၈ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် “တရုတ်နိုင်ငံအနေနဲ့ ဒီဖက်မှာ ကျောက်ဖြူပိုက်လိုင်းရှိတယ်။ ဒါနဲ့ စပ်ဆက်ပြီးအကျိုးစီးပွားအတွက် ကြားဝင် စေ့စပ် ညှိနှိုင်းပေးမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် မူဝါဒကတော့ ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာ နှစ်နိုင်ငံပဲ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ပြောလိုက်တာပါ။

ရိုက်တာသတင်းဌာနရဲ့ ဧပြီ ၂၆ ရက်နေ့၊ သတင်းဖော်ပြချက်အရ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် Sun Guoxing ဟာ ရခိုင်အရေး ကူညီဖြေရှင်းပေးဖို့ အသင့်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရ်ှအစိုးရကို ပြောခဲ့တယ်လို့ ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းမှုကို သူက အခုလို တုန့်ပြန်လိုက်တာပါ။

“တရုတ်နိုင်ငံအနေနဲ့ ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနည်းတူ အပြုသဘောဆောင်တဲ့ ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီပြဿနာက နှစ်နိုင်ငံတည်းပဲ ရှင်းပါမယ်”လို့ ဦးဇော်ဌေးက ဆက်လက် ပြောကြားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရတဲ့ မြန်မာနယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီးမှာ လုပ်ဆောင်ခဲ့တဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီ/ ရိုဟင်ဂျာ ခုနှစ်သောင်းနီးပါး ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ထွက်ပြေးလာတဲ့သူတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အထစ်အငေ့ါတွေဖြစ်နေပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြစ်ပုံချကာ လက်ခံထားဖို့ ငြင်းဆန်နေကြတယ်လို့လည်း ရိုက်တာက ရေးသားထားပါသေးတယ်။

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံတကာ ဝင်ရောက်ဆောင်ရွက်လိုမှုတွေကို တရုတ်နိုင်ငံရဲ့ သဘောထား ထွက်ပေါ်မလာခင်ကတည်းက ငြင်းဆိုခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို မတ် ၂၄ ရက်နေ့က ချမှတ်ခဲ့စဉ်ကလည်း သဘောထူလက်ခံနိုင်ခြင်းမရှိဘူးလို့ ပြန်လည်တုန့်ပြန်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar