ရခိုင်အကြမ်းဖက်မှုကနေ မူဆလင်တွေ ဘာအမြတ် ထွက်သလဲ

အဲဒီဒေသက မူဆလင်တွေအနေနဲ့ လူ့အခွင့်အရေး အပါအဝင် ရသင့်ရထိုက်တဲ့ အခွင့်အရေးရလာဖို့ ဆိုရင် အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး ပြဿနာတွေကို ပြေလည်အောင် ကြိုးစား အကောင်အထည်ဖော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်။ 

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကဆိုရင် ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ မူဆလင် ရွာသားတွေကနေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဗဟိုဌာနချုပ်နဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာ ၃ လရှိခဲ့ပါပြီ။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း အကြမ်းဖက်မှုနောက်ပိုင်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကနေ တန်ပြန်နှိမ်နင်းတာ၊ နယ်မြေစိုးမိုးမှု ဆောင်ရွက်တာတွေ လုပ်နေတာနဲ့ တပြိုင်နက်တည်း အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ စီးပွားရှာ၊ သွားလာ နေထိုင်မှုတွေကို ကန့်သတ်ခဲ့တာကလည်း ဒီကနေ့ အချိန်ထိပါပဲ။ အဲဒီအထဲမှာ ည မထွက်ရ အမိန့်ထုတ်ပြန်တာ၊ နယ်စပ်ကုန်သွယ်ရေးကို ရပ်ဆိုင်းထားတာ၊ မူဆလင် အများစု လုပ်ကိုင်နေတဲ့ ငါးဖမ်းလုပ်ငန်းတွေကို ရပ်ဆိုင်းထားတာ စတာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီး အစိုးရကို စိန်ခေါ်ခဲ့တဲ့ မူဆလင်တွေအနေနဲ့ အဲဒီ ဖြစ်စဉ်နောက်ပိုင်း ဘယ်လို အကျိုးဆက်တွေကို ရခဲ့ပါသလဲ၊ ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်က မူဆလင်တွေ ဘယ်လောက် ထိခိုက်နစ်နာမှု ရှိသွားပြီလဲ၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံ မူဆလင်တွေ လိုချင်တဲ့ ရည်မှန်းချက်တွေ ပြည့်သွားရဲ့လား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် မောင်တောခရိုင်ဘက်က မူဆလင်ကျေးရွာသားတွေ ပထမဦးဆုံး ကြုံရတာကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဆောင်ရွက်တဲ့ အကြမ်းဖက်သမားတွေ ဖမ်းမိရေး၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရရေး၊ နယ်မြေ စိုးမိုးရေးအတွက် ဆောင်ရွက်တဲ့ စစ်ဆင်ရေးပါ။

စစ်ဆင်ရေးကာလအတွင်း ကျေးရွာတချို့က နေအိမ်တချို့ မီးလောင်မှုတွေ ဖြစ်ပွားပါတယ်။ မီးလောင်မှုတွေနဲ့ ပတ်သက်ပြီး မူဆလင် ကျေးရွာသားတချို့နဲ့ ပြည်ပက ဘင်္ဂါလီအရေး လှုပ်ရှားသူတွေကတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်တာလို့ စွပ်စွဲပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေဘက်ကတော့ သူတို့အနေနဲ့ နေအိမ်တွေကို မီးရှို့တာ မရှိဘူး၊ တချို့သော မူဆလင် ကျေးရွာသားတွေနဲ့ အကြမ်းဖက်သမားတွေကသာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နာမည်ဖျက်ဖို့ နေအိမ်တွေကို မီးရှို့ကြတာ ဖြစ်နိုင်တယ်လို့ ပြန်ပြီးရှင်းလင်းပါတယ်။ တချို့ကျေးရွာတွေမှာတော့ တိုက်ပွဲကြောင့် လက်နက်ကျည်ဆံ ထိမှန်ပြီး မီးလောင်ရတာမျိုးတော့ ရှိနိုင်တယ် ဆိုပြီး ဝန်ခံပါတယ်။

ခြုံပြီးပြောရရင် မောင်တောခရိုင်ဘက်က မူဆလင်တချို့ရဲ့ အစိုးရအပေါ် အကြမ်းဖက် ပုန်ကန်မှုကနေ ဘာအကျိုးရလဒ်မှ ရမလာတဲ့အပြင် မူဆလင်ဒေသခံတွေအပေါ် ပိုပြီး ဖိစီးတဲ့ ဒုက္ခဆင်းရဲတွေကိုပဲ ရခဲ့တာ တွေ့နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျေးရွာသားတချို့ရဲ့ နေအိမ်တွေ မီးလောင်သွားခဲ့ပြီး သူတို့အနေနဲ့ အဲဒီနေရာတွေမှာ နေအိမ်တွေ ပြန်ဆောက်ခွင့် မရခဲ့ကြပါဘူး။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဘက်က ရှင်းပြရာမှာတော့ နေအိမ်တွေ မီးလောင်သွားတယ်ဆိုရင် အဲဒီ မြေနေရာဟာ နိုင်ငံတော်ပိုင် ဖြစ်သွားတဲ့အကြောင်း၊ ဒါကြောင့် အဲဒီမြေနေရာတွေကို စီမံခန့်ခွဲဖို့ နိုင်ငံတော် အစိုးရမှာသာ လုပ်ပိုင်ခွင့်ရှိတဲ့အကြောင်းစသဖြင့် ရှင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း မောင်တောခရိုင်ဘက်က မူဆလင် ကျေးရွာသားတချို့ သူတို့နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားကြပြီး ဒီကနေ့အချိန်ထိ အဲဒီနေရာတွေမှာ နေအိမ်ပြန်လည် ဆောက်လုပ်ခွင့် မရကြတော့ပါဘူး။

အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် အစိုးရဟာ မောင်တောဒေသမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ပါတယ်။ နဂိုမူလတုန်းကတော့ အဲဒီဒေသက မူဆလင်တွေဟာ မြို့နယ် တစ်ခုကနေ အခြား မြို့နယ် တစ်ခုကို သွားချင်တယ်ဆိုရင် လဝကမှာ ပုံစံ(၄) နဲ့ လျှောက်ထားပြီး ခွင့်ပြုချက်ရမှ သွားလာခွင့်ရှိပါတယ်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ညဘက်မထွက်တာတင်မက အနီးအနားက တစ်ရွာနဲ့ တစ်ရွာကိုတောင် အသွားအလာ မလုပ်ရဲကြတော့ပါဘူး။ လုံခြုံရေးအဖွဲ့တွေက စစ်ဆင်ရေး လုပ်နေတာ၊ မသင်္ကာရင် ဖမ်းဆီးခံရနိုင်တာ စတဲ့ အကြောက်တရားတွေကြောင့် ဘယ်မှ မသွားရဲ မလာရဲ ဖြစ်ကုန်တာပါ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေ လာရောက်တော့ အဲဒီကိစ္စ တင်ပြခဲ့ကြပါတယ်။ ဒီအခါ ဒုသမ္မတက ညမထွက်ရ အမိန့်ရှိပေမဲ့ နေ့ဘက်တွေမှာတော့ တစ်နေရာကနေ တစ်နေရာ လွတ်လွတ်လပ်လပ် သွားခွင့်ပေးလိုက်ပါဆိုပြီး ညွှန်ကြားချက် ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ပါတယ်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း အစိုးရဟာ မောင်တောနယ်စပ်ဂိတ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒီအခါ အကြမ်းဖက်မှုနဲ့ မဆိုင်တဲ့ မောင်တောမြို့ပေါ်က ကုန်သည် အသိုင်းအဝိုင်းလည်း ထိခိုက်ကုန်ပါတယ်။ နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားမယ့်သူတွေ နိုင်ငံသား စိစစ်ရေးကတ်၊ ဒါမှမဟုတ် ဝှိုက်ကတ် White Card အစား အခုနောက်ဆုံး အစိုးရက ထုတ်ပေးနေတဲ့ NVC ကတ် တစ်ခုခု ကိုင်ထားသူတွေကိုမှ သွားခွင့်ပေးမယ်လို့ စည်းကမ်းသစ် ထုတ်လိုက်တဲ့အတွက် ဒေသခံ မူဆလင်တွေ အခက်တွေ့ကုန်ပါတယ်။ မူဆလင် အရေအတွက် သန်းနဲ့ချီရှိတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိ အချိန်ထိ NVC ကတ် လုပ်ထားသူ ၆,၀၀၀ လောက်ပဲ ရှိနေလို့ ဖြစ်ပါတယ်။

နောက်ထပ် မူဆလင်တွေ ကြုံရတဲ့ ပြဿနာ တစ်ခုကတော့ ငါးဖမ်းစက်လှေတွေကို ရပ်နားခိုင်းထားတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မြောက်ဘက် ပင်လယ်ကမ်းခြေတလျှောက်က ရွာတွေဟာ ငါးဖမ်းလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ စုပေါင်းနေထိုင်ကြတဲ့ အလယ်သံကျော်လို ရွာတွေမှာဆိုရင် ငါးဖမ်းစက်လှေ ၁၀၀ ကျော်ရှိပါတယ်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် ပင်လယ်ပြင်မှာ နယ်ခြားစောင့် ရေတပ်က ပုံမှန်ကင်းလှည့်နေပြီး ငါးဖမ်းလှေတွေကိုလည်း လုပ်ငန်း ရပ်ဆိုင်းထားခိုင်းတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ အဲဒီ ငါးဖမ်းလှေတွေဟာ စနစ်တကျ မှတ်ပုံတင်ထားတာ မရှိဘူး၊ ဒီအတွက် လူကုန်ကူးတာနဲ့ မူးယစ်ဆေးဝါး ကုန်ကူးတာတွေ လုပ်နေကြတယ်၊ ဒါကြောင့် ပိတ်ထားတာ၊ ဒါပေမဲ့ အခုနောက်ပိုင်း ရေလုပ်သားတွေနဲ့ ငါးဖမ်းလှေတွေကို စနစ်တကျ မှတ်ပုံတင်ပေးပြီးရင်တော့ ငါးဖမ်းခွင့်ပြန်ပေးမယ်ဆိုပြီး ရှင်းပြကြပါတယ်။

ဒီအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က အာဏာပိုင်တွေဟာ မောင်တောမြို့နယ် မောင်နီကျေးရွာကို ကွင်းဆင်းပြီး ရေလုပ်သားနဲ့ ငါးဖမ်းလှေတွေကို မှတ်ပုံတင်ပေးခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း တခြားရွာတွေဆင်းပြီး လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒီကနေ့အချိန်ထိ ငါးဖမ်းမထွက်ရတဲ့ လှေအမြောက်အမြားနဲ့ ရေလုပ်သား အများကြီးရှိနေတာ တွေ့နိုင်ပါတယ်။

ခြုံပြီးပြောရရင် မောင်တောခရိုင်ဘက်က မူဆလင်တချို့ရဲ့ အစိုးရအပေါ် အကြမ်းဖက် ပုန်ကန်မှုကနေ ဘာအကျိုးရလဒ်မှ ရမလာတဲ့အပြင် မူဆလင်ဒေသခံတွေအပေါ် ပိုပြီး ဖိစီးတဲ့ ဒုက္ခဆင်းရဲတွေကိုပဲ ရခဲ့တာ တွေ့နိုင်ပါတယ်။

ဒီအတွက် အဲဒီဒေသက မူဆလင်တွေအနေနဲ့ လူ့အခွင့်အရေး အပါအဝင် ရသင့်ရထိုက်တဲ့ အခွင့်အရေးရလာဖို့ ဆိုရင် အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး ပြဿနာတွေကို ပြေလည်အောင် ကြိုးစား အကောင်အထည်ဖော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.