ရခိုင်ရှိ နယ်ခြားစောင့် ရဲစခန်းများအား တိုက်ခိုက်ရာတွင် ခေါင်းဆောင်သူတစ်ဦးကို သေဒဏ်ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ ခေါင်းဆောင်ခဲ့သူတစ်ဦးကို သေဒဏ် ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကနေ အစပြုပြီး ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို စစ်ဆင်ရေးတွေကို အစိုးရက စတင်ခဲ့တာဖြစ်ပါတယ်။

အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လေးလကြာမြင့်နေပြီဖြစ်တဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကြောင့် မူဆလင် ရာပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ပြောဆိုနေကြပြီး ထောင်ပေါင်းများစွာဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။

ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို အလစ်ဝင်ရောက် တိုက်ခိုက်ရာမှာ ခေါင်းဆောင်ခဲ့သူတစ်ဦးကို စစ်တွေမြို့နယ် တရားရုံးက သောကြာနေ့မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ စစ်တွေက ရဲတပ်ဖွဲ့မှူး ရန်နိုင်လတ်က ပြောပါတယ်။

“တမင်ကြံရွယ် ကျူးလွန်တဲ့ လူသတ်မှုနဲ့ သူ့ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်တွေတရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

“တိုက်ခိုက်မှုမှာ သူက ပါဝင်ခဲ့သလို ခေါင်းဆောင်ခဲ့ပါတယ်။ သူက အခြားသူတွေနဲ့လည်း ပူးပေါင်း ကြံစဉ်ခဲ့ပါတယ်။ စစ်တွေမှာ ဖမ်းဆီးထားတဲ့ တိုက်ခိုက်သူ ၁၄ ဦးထဲမှာ သူလည်း အပါအဝင် ဖြစ်ပါတယ်” လို့ သူကပြောကြားပါတယ်။

ကျန် ၁၃ ဦးကိုလည်း တရားရုံးမှာ ရုံးတင်စစ်ဆေးနေပြီဖြစ်ပေမယ့် အမိန့်ချမှတ်ခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူရဲ့ အမည်ကိုတော့ သူက မာမန်ဒျူ အခါအဟူလာလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုသန်းထွန်းကလည်း ဒီပြစ်ဒဏ်ချမှတ်မှုကို အတည်ပြုခဲ့ပါတယ်။ “တိုက်ခိုက်မှုတွေ ဖြစ်ပြီးကတည်းက သူက ပထမဆုံး အမိန့်ချမှတ် ခံရတဲ့သူ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ရိုဟင်ဂျာရာပေါင်းများစွာက ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်မှာရှိတဲ့ ရဲစခန်းသုံးခုကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အစိုးရက ပြောကြားထားပါတယ်။ ဒီလို ပူးပေါင်းပြီး တစ်ပြိုင်နက် တိုက်ခိုက်မှုကြောင့် ရဲကိုးဦးသေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်သူတွေဟာ ဆော်ဒီအာရေးဗီးယားက ကျောထောက်နောက်ခံပြုထားတဲ့ Harakah al-Yaqin လို့ခေါ်တဲ့အဖွဲ့ဖြစ်တယ်လို့ International Crisis Group က ပြောကြားထားပါတယ်။ တိုက်ခိုက်သူတွေဟာ ဘင်္ဂလားဒေရှ့်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ပေါင်းများစွာ လူသူစုဆောင်းပြီး သင်တန်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar