ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစိုးရက ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းမှုကို ပြင်ဆင်ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ခုကို လက်ခံဆွေးနွေးရန် သြဂုတ် ၃၀ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးက သဘောတူလိုက်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီး ရာရောက်စေပါသဖြင့် အဆိုပါကော်မရှင်အား ပြည်တွင်းရှိ တတ်သိပညာရှင်များဖြင့်သာ ဖွဲ့စည်းသင့်သည်ဟု တိုက်တွန်းကြာင်းအဆိုကို ရခိုင်အမျိုးသားပါတီ၊ ပေါက်တောမြို့နယ်အမတ် ဦးအောင်ကျော်ဇံက တင်သွင်းခြင်းဖြစ်သည်။
၎င်းအဆိုကို ဝင်ရောက်ဆွေးနွေးရန် ပြင်ဆင်နေသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေက “အဆိုကို ဆွေးနွေးဖို့ လက်ခံတယ်ဆိုတာက အာဏာရပါတီက သူ့ရဲ့သဘောထားကိုလည်း ရှင်းပြဖို့ အခွင့်အရေးရတဲ့ သဘောပါ။ ဒီကော်မရှင်ဖွဲ့စည်းမှုမှာ နိုင်ငံခြားသားတွေပါဝင်မှုကို ကန့်ကွက်တဲ့သူတွေလည်း များနေတယ်။ ကျွန်မကလည်း ပြည်တွင်းက ပညာရှင်တွေပဲ ပါသင့်တယ်လို့ မြင်တယ်” ဟု ဆိုသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး ၎င်းအပါအဝင် နိုင်ငံခြားသား သုံးဦး၊ နိုင်ငံသား ခြောက်ဦး စုစုပေါင်း ကိုးဦးပါဝင်သည့် အဆိုပါ ကော်မရှင်ကို သြဂုတ် ၂၄ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ဝေဖန်သူများအနေဖြင့် ပြည်တွင်းမှပုဂ္ဂိုလ်များသာပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တစ်ရပ်ကို ပြီးခဲ့သည့် ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က ဖွဲ့စည်း ဆောင်ရွက်စေခဲ့သော်လည်း နိုင်ငံတကာက လက်ခံခဲ့ခြင်းမရှိသည်ကို ထောက်ချင့်သင့်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ရှင်းပြခဲ့ဖူးသည်။
အဆိုပါ အရေးကြီးအဆိုတင်သွင်းမှုကို ကန့်ကွက်မည့်သူမရှိသဖြင့် ဆွေးနွေးလိုသူများအနေဖြင့် စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ဆွေးနွေးမည့် ရက်အတိအကျကိုမူ မသိရသေးပေ။
သတင်း-ဉာဏ်လှိုင်လင်း