ရခိုင်ပြည်နယ်၏ ရှေ့ဆက်လှမ်းရမယ့် ခရီး

ဖွံ့ဖြိုးတိုးတက်မှုကို ရခိုင်ပြည်နယ်ရှိ ရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းရန် အဓိကအချက်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာမှ လာရောက်ဆောင်ရွက်နေသူများ၏ ပိုမိုလေးနက်သော သတိထားရှိမှုမှာ တင်းမာမှုနှင့် နားလည်မှု လွဲမှားခြင်းများကို လျှော့ချရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု လတ်တလော ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အိုလီဗာ ဆလိုး ရေးသားသည်။ ဓာတ်ပုံ – မာရို ဗာလီ

ဦးခင်ထွေးမောင်မှာ ၂၀၁၂ ခုနှစ်၌ စစ်တွေမြို့လယ်တွင် နေအိမ်တစ်လုံး ဆောက်နေပြီး ထိုအိမ်အတွက် ဆောက်လုပ်စရိတ်ကို ဆယ်စုနှစ်များစွာ တပ်မတော်တာဝန် ထမ်းဆောင်ခြင်းကြောင့် ရရှိသော ပင်စင်ငွေဖြင့် ပေးချေခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ဇူလိုင်လထဲ၌ ရခိုင်ပြည်နယ်အတွင်း ဘာသာမတူသူ လူအုပ်စုနှစ်စုအကြား အကြမ်းဖက်မှုများ ဖြစ်ပွားရာ ၎င်းမှာ ရန်ကုန်ရှိ မိသားစုထံ အလည်အပတ် ရောက်နေခဲ့သည်။ ထိုမှ သီတင်း သုံးပတ်အကြာ ၎င်း၏ဇာတိမြို့သို့ ပြန်ရောက်သောအခါ ဆောက်လုပ်ဆဲ ၎င်း၏အိမ်မှာ ပြာပုံဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

“ကျွန်တော့်အိမ်ကိုသာ မဟုတ်ဘူး၊ ကျွန်တော့်ဘဝကိုလည်း နင်းခြေဖျက်ဆီးခံရတယ်လို့ ခံစားခဲ့ရပါတယ်” ဟု ဦးခင်ထွေးမောင်က Frontier ကို ပြောသည်။ ၂၀၁၂ ခုနှစ်မှ စတင်နေထိုင်ခဲ့သည့် စစ်တွေမြို့စွန်ရှိ ဆတ်ရိုးကျ ရွှေ့ပြောင်းစခန်းတွင် ၎င်းနှင့် တွေ့ဆုံမေးမြန်းရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆတ်ရိုးကျစခန်းမှာ ပြီးခဲ့သည့် လေးနှစ်ခန့်က ဖြစ်ခဲ့သည့် အကြမ်းဖက်မှုအတွင်း နေအိမ်ဆုံးရှုံးသွားခဲ့ရသော ရခိုင်တိုင်းရင်းသားများအတွက် စီစဉ်ထားသည့် ဒုက္ခသည်စခန်း အနည်းငယ်အနက်မှ တစ်ခု ဖြစ်သည်။ ဤစခန်းတွင် ဟိန္ဒူဘာသာဝင် အနည်းငယ် အပါအဝင် လူဦးရေပေါင်း ၃,၄၈၂ မျှ နေထိုင်လျက်ရှိသည်ဟု ကုလသမဂ္ဂအဖွဲ့က ပြောကြားထားသည်။ 

စစ်တွေမြို့ မွတ်ဆလင် ဒုက္ခသည်စခန်းမှ ကလေးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - မာရို ဗာလီ

စစ်တွေမြို့ မွတ်ဆလင် ဒုက္ခသည်စခန်းမှ ကလေးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – မာရို ဗာလီ

မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို ငြင်းပယ်ထားသော်လည်း ရခိုင်ဒုက္ခသည်စခန်းများမှ သူများမှာမူ လွတ်လပ်စွာ သွားလာခွင့် ရှိနေသည်။ သို့သော် ရခိုင်အများစုမှာလည်း အိမ်ပြန်ဆောက်ရန်၊ သို့မဟုတ် မြေဝယ်ရန် ငွေကြေး မတတ်နိုင်၍ ပြင်ပထွက် နေထိုင်နိုင်ခြင်း မရှိသေးပေ။

ဦးခင်ထွေးမောင်မှာမူ စုဆောင်းထားသော လက်ကျန်ငွေ အနည်းငယ် အသုံးပြုကာ ဒုက္ခသည်စခန်း အတွင်း၌ ဘက်ထရီ အားသွင်းသော အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့သည်။ တစ်နေ့လျှင် ကျပ်ငွေ ၁၅,၀၀၀ ခန့် ရရှိသော်လည်း နေအိမ်ပြန်ရန် လုံလောက်သောငွေကြေးကို စုဆောင်းနိုင်ခြင်း မရှိသေးပေ။

“ဒီနေရာကို ကျွန်တော် သဘောမကျပါဘူး။ အခြေအနေတွေကလည်း ဆိုးရွားပါတယ်။ ကျွန်တော် အရင်နေခဲ့တဲ့ နေရာကို ပြန်သွားချင်ပေမဲ့ ငွေကြေးလည်း မတတ်နိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

၎င်းအဆိုအရ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုမှ “အံ့ဘွယ်ရုတ်ခြည်းဖြစ်ရပ်” အဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အများစု ယုံကြည်နေသကဲ့သို့ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအတွင်းရှိ အဖွဲ့အချို့က ကြိုးကိုင်စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟူ၍လည်း ဖွင့်ဟခဲ့သည်။

“၂၀၁၂ မတိုင်ခင်က ဒီအသိုင်းအဝိုင်း နှစ်ခုကြားမှာ ဆက်ဆံရေးက ကောင်းခဲ့ပါတယ်။ မွတ်ဆလင် ဒုက္ခသည်စခန်းတွေထဲမှာ ၂၀၁၂ ခုနှစ်ကတည်းက မတွေ့ရတော့တဲ့ ကျွန်တော့် သူငယ်ချင်းတွေတောင် ရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

Frontier နှင့်တွေ့ဆုံပြောဆိုခဲ့သည့် ဆတ်ရိုးကျစခန်းမှ အများစု၏ အဆိုအရ ဒုက္ခသည်စခန်းအတွင်း အခြေအနေများမှာ ဆိုးရွားလျက်ရှိသည်ဟု သိရသည်။ လူများစုက လမ်းများ မကောင်းသည့်အကြောင်းနှင့် သောက်သုံးရေ ရှားပါးသည့်အကြောင်းတို့ကို ပြောခဲ့ကြသည်။ 

ဤဒုက္ခသည်စခန်းတွင် နေထိုင်သူများမှာ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီအချို့ရရှိခဲ့ကြပြီး ဖြစ်သော်လည်း မွတ်ဆလင် ဒုက္ခသည်စခန်း၌ နေထိုင်သူများမှာ အသာပေး ဆက်ဆံခံရသည်ဟု ၎င်းတို့ ခံစားရကြောင်း ဖွင့်ဟပြောပြကြသည်။

“ဒီဒုက္ခသည်စခန်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အဖွဲ့အနည်းငယ်လောက်ပဲ လာကြပေမဲ့ သူတို့က ဘင်္ဂါလီစခန်းကိုပဲ သွားကြပါတယ်” ဟု ဦးခင်မောင်ထွေးက ဆိုသည်။ အစိုးရက အသိမှတ်မပြုသော အသုံးအနှုန်း ဖြစ်သော်လည်း မိမိတို့ဖာသာ ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသော မွတ်ဆလင်များ၏ ဒုက္ခသည်စခန်းများကို ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခင်ဗျားတို့အနေနဲ့ နှစ်ဘက်စလုံး ဆုံးရှုံးနစ်နာခဲ့တယ် ဆိုတာကို သတိရရမှာပေါ့ဗျာ” ဟုလည်း ထပ်လောင်းပြောကြားသည်။ 

စစ်တွေမြို့ ဒုက္ခသည်စခန်း တစ်ခုမှ ယာယီတဲတစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - မာရို ဗာလီ

စစ်တွေမြို့ ဒုက္ခသည်စခန်း တစ်ခုမှ ယာယီတဲတစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ – မာရို ဗာလီ

ဤအရေးကိစ္စမှာ ရခိုင်တိုင်းရင်းသားများအတွက် အားလုံးနှင့်သက်ဆိုင်သည့် နစ်နာချက် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားသွားစေနိုင်သည်ဟု အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် CDA ညှိနှိုင်းသင်ယူရေး အစီအစဉ်က မေလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်၌ ရေးသားဖော်ပြထားသည်။

“၂၀၁၂ ခုနှစ် အကြမ်းဖက်မှုအပြီးတွင် ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ မြို့များ၌ နိုင်ငံတကာအဖွဲ့များ အလျင်အမြန် တိုးများလာခြင်းကို တွေ့မြင်ခဲ့ရသည်” ဟုလည်း “ထိတွေ့ဆက်ဆံမှုကို ပြန်လည်ပုံဖော်ခြင်း – ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ဖြစ်လွယ်သော အခြေအနေအပေါ် အမြင်သဘောထားများ” ဟူသော ခေါင်းစဉ်ဖြင့်ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“ဤတိုးချဲ့ဆောင်ရွက်မှုနှင့်အတူ ပါလာသည့် မြင့်မားသော မျှော်လင့်ချက်များအကြောင်းကို ရခိုင်တိုင်းရင်းသား ပါဝင်ဆောင်ရွက်သူများက ရှင်းလင်းပြောကြားကြသည်။ အထူးသဖြင့် နိုင်ငံတကာ အေဂျင်စီများ၏ ရင်းမြစ်များနှင့် ကျွမ်းကျင်မှု အရည်အသွေးများသည် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု စံချိန်စံညွှန်းများတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှုများကို အထောက်အကူဖြစ်စေမည့် မျှော်လင့်ချက်များပင် ဖြစ်ပါသည်” ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ “နိုင်ငံတကာ အစီအစဉ်အများစုက မွတ်ဆလင်အများစု ပါဝင်နေသည့် ဒုက္ခသည်များကိုသာ အထူးတလည် ထောက်ပံ့သွားလိမ့်မည်ဟု နားလည်ထားခြင်းက မကျေနပ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်” ဟုလည်း ထပ်လောင်းဖော်ပြထားသည်။

ဦးဉာဏ်လင်းမှာ ဆတ်ရိုးကျစခန်းမှ ရခိုင်အမျိုးသားဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာအဖွဲ့တစ်ဖွဲ့အတွက် တဆင့်ခံ ကန်ထရိုက်အဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာအဖွဲ့အစည်းများက ကျင်းပပေးခဲ့သည့် အစည်းအဝေး အတော်များများကို တက်ရောက်ဖူးသူဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်ရာ၌ ရှုပ်ထွေးခက်ခဲမှုကို နိုင်ငံတကာ အေဂျင်စီများက  အသိအမှတ် မပြုသလောက်ပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီကို လာတယ်၊ ဘင်္ဂါလီအသိုင်းအဝိုင်းနဲ့ တွေ့တယ်။ သူတို့က အရမ်းဆင်းရဲတယ်။ သူတို့မှာ နိုင်ငံသားလက်မှတ် မရှိဘူးလို့ မြင်ကြတယ်။ ပြီးတော့ သူတို့ပြန်သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမြင်မှာတော့ ကျွန်တော်တို့လည်း ဆင်းရဲနွမ်းပါးတာပဲ။ ကျွန်တော်တို့က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံက လူတွေဖြစ်သလို အဲဒီနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်မှာ နေထိုင်နေတာပါ။ ဒါပေမဲ့ အင်န်ဂျီအိုတွေက ကျွန်တော်တို့ဆီကို မလာကြဘူး။ ကျွန်တော်တို့ အသံတွေကိုလည်း နားမထောင်ကြပါဘူး” ဟု ၎င်းက ဆိုသည်။ 

ဓာတ်ပုံ - မာရို ဗာလီ

ဓာတ်ပုံ – မာရို ဗာလီ

၂၀၁၀ ပြည့်နှစ် နိုင်ငံတော် အိမ်ထောင်စု လူနေမှု အခြေအနေများ စစ်တမ်းတွင် မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်မှ အချက်အလက်များကို ပြန်လည် ဆန်းစစ်ရာ၌ ရခိုင်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၇၈ ရာခိုင်နှုန်း ရှိရာ ယင်းမှာ မြန်မာနိုင်ငံ၏ ပြည်နယ်၊ တိုင်းများအနက် အဆင်းရဲဆုံးနှုန်းထား ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

၂၀၁၂ ခုနှစ်စ၍ မတွေ့ရတော့သည့် မွတ်ဆလင် မိတ်ဆွေများစွာ ရှိသည်ဟု ဦးဉာဏ်လင်းက ဆိုသော်လည်း ဘိုးဘွားများ ပြောပြသည့် နှစ်ငါးဆယ်ကျော်က ရခိုင်-မွတ်ဆလင် ပဋိပက္ခများအကြောင်း ၎င်းက ပြန်ပြောပြခိုက်တွင် စိတ်ထိခိုက်လှုပ်ရှားနေခဲ့သည်။

“ကျွန်တော်တို့မြေတွေ သိမ်းပိုက်ခံခဲ့ရတယ်။ အကြိမ်ပေါင်း အများကြီးကို ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် ခင်ဗျားသာ ဒီလိုမျိုး ကြုံတွေ့ရမယ်၊ ခင်ဗျားပိုင်မြေ သိမ်းပိုက်ခံရမယ်ဆိုရင် ခင်ဗျားဘယ်လိုခံစားရမလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

အခြားတစ်ဘက်ဝယ်

စစ်တွေမှ မိနစ် ၂၀ ကြာ မောင်းလိုက်လျှင် မိမိတို့ကိုယ်မိမိ ရိုဟင်ဂျာများဟု ပြောဆိုနေကြသူ ဘင်္ဂါလီအများစု နေထိုင်ရာ မွတ်ဆလင် ဒုက္ခသည်စခန်းစုများကို တွေ့ရှိခဲ့ရသည်။ ရခိုင်ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများနှင့် မတူညီသောအချက်မှာ ဤစခန်းအတွင်းရှိ မွတ်ဆလင်များမှာ စခန်းမှ ထွက်ခွာခွင့် မရှိခြင်းပင် ဖြစ်သည်။ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ အကူအညီများကို ၎င်းတို့ ရရှိနေသော်လည်း လှုပ်ရှားသွားလာမှုအပေါ် ကန့်သတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အနှံ့ရှိ ဒုက္ခသည်စခန်းများမှ လူပေါင်း ၁၂၀,၀၀၀ ခန့်၏ အများစုမှာ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် အခွင့်အလမ်းများ အကန့်အသတ် ရှိနေခြင်းပင် ဖြစ်သည်။

ကိုလှဝင်းမှာ ကျပ်ညပ်ညစ်ပတ်နေသည့် သဲချောင်ဒုက္ခသည်စခန်းတွင် စတင်နေထိုင်ခဲ့သည့် ၂၀၁၂ ခုနှစ် မတိုင်မီက စစ်တွေမြို့၌ နေထိုင်ခဲ့သည်။ ဤစခန်းတွင် လူပေါင်း ၁၁,၆၃၃ မျှ နေထိုင်လျက်ရှိသည်။ ၎င်းအဆိုအရ ဒုက္ခသည်စခန်းအချို့တွင် မှောင်ခိုဈေးကွက် ရှိနေပြီး လွတ်လပ်စွာ သွားလာနိုင်သော ရခိုင်စီးပွားရေးသမားများက ငွေကြေးရှိသော မွတ်ဆလင် ဒုက္ခသည်များအား ကုန်စည်များ ရောင်းချလျက်ရှိသည်။

ဒုက္ခသည် အများစုမှာ ကျပန်းအလုပ်များ လုပ်ကိုင်ခြင်း၊ သို့မဟုတ် ဝေငှပေးကမ်းလာသော စားနပ်ရိက္ခာများ ရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိသည်။ ဒုက္ခသည်များစွာကလည်း နိုင်ငံခြားရောက် ဆွေမျိုးများထံမှ ကူညီထောက်ပံ့ငွေများ လက်ခံရရှိတတ်ကြသည်။

Frontier က သွားရောက်လေ့လာခဲ့သော ဒုက္ခသည်စခန်းအချို့တွင် အစားအစာ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် လက်ဝတ်ရတနာများ ရောင်းချသည့် သက်ဝင်လှုပ်ရှား စည်ကားလှသော ဈေးများကို တွေ့ရှိခဲ့ရသည်။

သို့သော် ငွေကြေးမရှိသူများအတွက်မူ ဤဈေးများမှာ အသုံးမတည့်လှချေ။ 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း တစ်ခုအတွင်း စက်ဘီးဖြင့် သွားလာနေသည့် မွတ်ဆလင် တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - မာရို ဗာလီ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း တစ်ခုအတွင်း စက်ဘီးဖြင့် သွားလာနေသည့် မွတ်ဆလင် တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – မာရို ဗာလီ

လူပေါင်း ၅,၆၅၆ မျှ မှီတင်းနေထိုင်သည့် သက်ကယ်ပြင် ဒုက္ခသည်စခန်းမှ ဦးမောင်ကျော်ဦးမှာ ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုအတွင်း ၎င်းစုဆောင်းထားသော ငွေကြေးအားလုံး ဆုံးရှုံးခဲ့ရပြီး ဝင်ငွေရလမ်းမရှိဘဲ ဖြစ်နေရသည်။ ၎င်းသည် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်မှ ဝေငှပေးအပ်သည့် ရိက္ခာများအပေါ်တွင်သာ မှီခိုရပ်တည်နေရသည်။

“၂၀၁၂ ခုနှစ် မတိုင်ခင်တုန်းကတော့ တော်တော်လေး အခြေအနေ ကောင်းပါတယ်။ အခုတော့ ဘာမှ မရှိတော့ပါဘူး။ ကျွန်တော်တို့က ခင်ဗျားမြင်နေရတဲ့အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ်မှာ အလွန်အမင်း မှီခိုနေရပါတယ်။ သူတို့အနေနဲ့ ခုလိုဖြစ်ပျက်နေတာတွေကို ပြောင်းလဲပစ်နိုင်ဖို့အတွက် အစိုးရအပေါ် ဖိအားပေးသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဦးမောင်ကျော်ဦးက ရှင်းပြသည်။ “

“ကျွန်တော်တို့ကို နှစ်ဘယ်လောက်ကြာကြာများ အစားအစာတွေ ဝေငှပေးကမ်းနေနိုင်မလဲ။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့တော့ တစ်သက်လုံး နေမသွားချင်ပါဘူး။ အရင်က ကျွန်တော်နေထိုင် ရှာဖွေစားသောက်ခဲ့တဲ့နေရာကို ပြန်သွားချင်ပါတယ်။ ဒီနေရာမှာ အခြေအနေက ဆိုးရွားပါတယ်။ ကျွန်တော်တို့မှာ ကျန်းမာရေးနဲ့ ပညာရေးပြဿ     နာတွေ ရှိနေပါတယ်” ဟု ဦးမောင်ကျော်ဦးက ဆိုသည်။

၎င်း၏ ကလေးများမှာလည်း ကျောင်းမတက်နိုင်၊ ပညာမသင်နိုင်သကဲ့သို့ လုပ်စရာ ကိုင်စရာလည်း မရှိကြောင်း ဖြည့်စွက်ပြောကြားသည်။ “ဒီနေရာမှာ ရိက္ခာဝေတဲ့အချိန်ကို စောင့်နေရတာကလွဲပြီး ဘာမှလုပ်စရာ မရှိပါဘူး။ ကျွန်တော်တို့မှာ ကျွန်တော်တို့ တောင်းဆိုနေတဲ့ အခြေခံ အခွင့်အရေးတွေ လိုအပ်နေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

မှတ်ပုံ တင်မထားသည့် ဒုက္ခသည်များ

ဝေငှပေးကမ်းသည့် စားနပ်ရိက္ခာကို မရရှိသူများ၏ အခြေအနေမှာမူ ပို၍ပင် ဆိုးရွားနေသေးသည်။

ဒါးပိုင်မှာ ဒုက္ခသည် ၈,၀၀၀ ခန့်ကို နေရာချထားပေးသည့် မွတ်ဆလင် စခန်းတစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ်၏ အဆက်မပြတ် ရွာသွန်းနေသော မိုးရာသီအစတွင် ထိုနေရာသို့ Frontier ရောက်သွားသည့်အခါ အသဲအသန် ရွာသွန်းခဲ့သောမိုးသည် ဒုက္ခသည်စခန်း၏ တစ်ဘက်တွင် စမ်းချောင်းငယ်လေးတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုစမ်းချောင်းငယ်၏ တစ်ဘက်ခြမ်း၌ စားနပ်ရိက္ခာ ပေးအပ်သောစာရင်းတွင် မပါရှိသည့် ရွှေ့ပြောင်းရွာသားအဖွဲ့ တစ်ဖွဲ့ နေထိုင်လျက်ရှိသည်။

စားနပ်ရိက္ခာများကို မိမိတို့ မရရှိသည်မှာ ခုနစ်လ ကြာပြီဖြစ်ကာ ပုဂ္ဂလိက အလှူရှင်များ၏ ငွေကြေးအကူအညီပေါ်တွင်သာ မှီခိုအားထားနေကြရသည်ဟု ၎င်းတို့က Frontier ကို ပြောပြကြသည်။

မိခင်တစ်ဦးက သူ့သားကို ခေါ်ပြရာ ထိုကလေးငယ်၏ ဖောင်းကားနေသော ဝမ်းဗိုက်မှာ အာဟာရ ချို့တဲ့သော သင်္ကေတတစ်ခု ဖြစ်ဟန်ရှိသည်။ နောက်ပိုင်းတွင် Frontier က သိရှိခဲ့ရသည်မှာ ထိုကလေးငယ်သည် ပြင်းထန်သော သွေးအားနည်းရောဂါ ခံစားခဲ့ရပြီး လွန်ခဲ့သည့် သုံးပတ်ခန့်က ဆေးရုံမှ ဆင်းလာသူ ဖြစ်သည်။ အခြားရွာသားများကလည်း ဝါးတိုင်များဖြင့် ချည်နှောင်ထားသော ရွက်ဖျင်များထက် မပိုသည့် ခနော်ခနဲ့ အဆောက်အအုံများဖြင့် မိုးရာသီတွင် နေထိုင်၍ မရကြောင်း ပြောကြားခဲ့ကြသည်။

မှတ်ပုံ မတင်ထားသည့် ရွာသူရွာသားများအား စားနပ်ရိက္ခာ ရရှိနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ဤနေရာသို့ ပြောင်းရွှေ့လာကြသည့် အခွင့်အရေးသမားများအဖြစ် အစိုးရက သတ်မှတ်ထားသည်။

“ကျွန်မတို့က ဒီနေရာမှာ ခက်ခက်ခဲခဲ ရပ်တည်နေရတာပါ” ဟု မှတ်ပုံတင်ထားခြင်း မရှိသည့် ဒုက္ခသည်စခန်းမှ သက်ကြီးရွယ်အိုတစ်ဦးဖြစ်သူ ဒေါ်လိုင်လာဘီဂန်က ဆိုသည်။ “ကျွန်မတို့ ကလေးတွေက ကျောင်းလည်း တက်လို့မရကြပါဘူး။ တစ်ယောက်ယောက် ဖျားနာပြီဆိုရင်လည်း သူတို့ကို ဆရာဝန်နဲ့ပြဖို့အတွက် ငွေကြေး မရှိပါဘူး။ ကျွန်မတို့ကို လှူဒါန်းပေးသူတွေကို ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့လိုအပ်ချက်က ဒီထက် ပိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး အရာရှိ မစ္စတာ အာဆန် ဆာဟာ့ခ်ယန်က  ထိုရွာသူရွာသားများမှာ “အကျိုးစီးပွား မျှော်ကိုးသော ဒုက္ခသည်များ” ဖြစ်ကြသည်ဟု Frontier ကို ပြောသည်။ ၎င်းတို့မှာ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရပြီး “ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချကာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ရယူရန် ဒုက္ခသည်စခန်းများသို့ ရွှေ့ပြောင်းခဲ့ကြသူများ” ဖြစ်ကြသည် ဟူ၏။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ၂၀၁၂ နှစ်လယ်ပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို အမှန်တကယ် ခံစားခဲ့ရပြီး အစိုးရထံတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များကို ကူညီရန် ယင်း၏ “ရှားပါးရင်းမြစ်များ” ကို ဦးစားပေး အသုံးပြုသည်ဟုလည်း ၎င်းက ဆိုသည်။

“တချိန်တည်းမှာ ဒါးပိုင်က အငြင်းပွားဖွယ်ရာ ဖြစ်နေသူတွေကို အစိုးရက ‘အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးခဲ့သူများ’ အဖြစ် သတ်မှတ်ထားပါတယ်။ အခုဆိုရင် အစိုးရက ဒေသခံ အလှူရှင်တွေရဲ့ အကူအညီနဲ့ ဒီလူတချို့ကို သူတို့နေရပ် ပြန်ပို့ဖို့ ကြိုးပမ်းနေပါတယ်” ဟုလည်း ဆာဟာ့ခ်ယန်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လုပ်ကိုင်နေသည့် သတင်းရင်းမြစ်များအရ အခြားအရေးကိစ္စတစ်ခုမှာ အိမ်ထောင်စု မှတ်ပုံတင်စာရင်းကို နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ခြင်း မရှိသောကြောင့် စားနပ်ရိက္ခာ ခွဲတမ်း ဝေငှမှုများ မှားယွင်းနေခြင်းပင် ဖြစ်ကြောင်း သိရသည်။

ဆာဟာ့ခ်ယန်ကလည်း ယမန်နှစ်အတွင်းက ယင်းစာရင်းများ ပြန်လည်သုံးသပ်ရန် ကုလအဖွဲ့နှင့် ယင်း၏ ပူးပေါင်းဆောင်ရွက်သူများက စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်အထိ အစီအစဉ်ကို ရွှေ့ဆိုင်းထားရန် ရခိုင်ပြည်နယ်အစိုးရက တောင်းဆိုခဲ့ကြောင်း ပြောသည်။

“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေက လောလောဆယ်မှာ အထောက်အပံ့ခံ စာရင်းကို နောက်ဆုံးအခြေအနေနဲ့အညီ အမြန်ဆုံး ပြင်ဆင်ဖို့ ပူးတွဲ လုပ်ဆောင်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ရှေ့ဆက်ရမည့် လမ်း

ရခိုင်ပြည်နယ်၏ အခြေအနေမှာ ယခင်အစိုးရထံမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဆက်ခံခဲ့ရသည့် အရှုပ်ထွေးဆုံးနှင့် နီးနီးကပ်ကပ် စောင့်ကြည့်အခံရဆုံးသော အရေးကိစ္စ ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာလည်း အထူးသဖြင့် နိုင်ငံမဲ့ မွတ်ဆလင် အသိုင်းအဝိုင်းများ၏ အခြေအနေများ အပါအဝင် ရခိုင်ပြည်နယ်ရှိ အခြေအနေများ ပိုကောင်းလာစေရန် အလုံအလောက် ဆောင်ရွက်ခြင်းမရှိဟု ထင်မြင်ခံရသဖြင့် ပြည်ပအစိုးရများနှင့် နိုင်ငံတကာ မီဒီယာတို့ထံမှ ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့သော မျှော်လင့်ချက်များနှင့် မြန်မာနိုင်ငံအတွင်းမှ အမြင်သဘောထားများအကြား ဟန်ချက်ညီအောင် ထိန်းညှိရန် လိုအပ်သည်။ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသူများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းများဖြစ်ကြသည်ဟူသော အမြင်မှာ ရခိုင်ပြည်နယ်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသည့် လူများစုအမြင်တစ်ခု ဖြစ်သည်။

“ရခိုင်တိုင်းရင်းသားတွေက သူတို့ကို မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ခွဲခြားဆက်ဆံနေတယ်လို့ ယုံကြည်နေကြတယ်” ဟု အမည်မဖော်လိုသည့် ရခိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးက Frontier ကို  ပြောကြားသည်။

“တစ်ဦးရဲ့အခြေအနေတွေကို နောက်တစ်ဦးနဲ့ နှိုင်းယှဉ်နေတာတွေက ပိုမိုကွဲပြားစေပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး ဘယ်သူက ပိုဆိုးသလဲလို့ ပြောဆိုနေတာက ဘာမှ အထောက်အကူ မဖြစ်ပါဘူး။ အပြောင်းအလဲ လုပ်နိုင်မယ့် ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းတွေ ရရှိရေးတို့လို တကယ်အရေးကြီးတဲ့ ကိစ္စတွေကို အလေးပေးဖို့က ပိုပြီး အရေးကြီးပါတယ်” ဟုလည်း ထပ်လောင်းထောက်ပြခဲ့သည်။

အထူးသဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအကြားတွင် အမြင်သဘောထား ကွဲပြားလျက်ရှိသည့် အရေးပါသော မေးခွန်းတစ်ရပ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး အားပေးမြှင့်တင်မှုတို့အနက်မှ မည်သည့်အရာကို ဦးစားပေး ဆောင်ရွက်ရမည်နည်းဆိုသည်ပင် ဖြစ်သည်။

မေလနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အဖွဲ့ဝင် ၃၇ ဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှု ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ကော်မတီ အမည်အရ ဖွံ့ဖြိုးတိုးတက်မှုမှာ ဦးစားပေးလုပ်ငန်းဖြစ်သော်လည်း ယင်းကော်မတီသည် အချို့သော မွတ်ဆလင်များ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ပေးအပ်ရန် ရည်ရွယ်သည့် ဆောင်ရွက်မှုများကို သတိရှိရှိ ရှေ့တိုးလုပ်ဆောင်လျက်ရှိသည်။ ယခုအချိန်တွင် အနိမ့်ဆုံးအားဖြင့် မိမိတို့အား ရိုဟင်ဂျာဟု သတ်မှတ်နိုင်ရန် တောင်းဆိုချက်ကို လက်လျှော့ပေးပါက နိုင်ငံသားဖြစ်ခွင့် ပြန်လည်ပေးအပ်လျက်ရှိသည်။ 

ဓာတ်ပုံ - မာရို ဗာလီ

ဓာတ်ပုံ – မာရို ဗာလီ

မွတ်ဆလင်လူထုအတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပြုရန် အစိုးရကို တောင်းဆိုခြင်းများအပေါ် နားလည်ပေးနိုင်သော်လည်း ထိုဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ်ရှိ အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်ဟု Frontier နှင့်တွေ့ဆုံခဲ့သော ရခိုင်ရေးရာကျွမ်းကျင်ပညာရှင်က ထောက်ပြခဲ့သည်။

“တင်းမာမှုတွေ ရှိသေးတဲ့အတွက် ဒါက အန္တရာယ် ရှိလာနိုင်ပါတယ်။ တဆင့်ချင်းစီ ဆောင်ရွက်ဖို့ လိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

CDA ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖြစ်ပြီး ထိတွေ့ဆက်ဆံမှုကို ပြန်လည်ပုံဖော်ခြင်းဟူသော အစီရင်ခံစာကို ရေးသားခဲ့သူလည်းဖြစ်သည့် မစ္စ ဂယ်ဘရီယယ် အာရွန်က ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသော နိုင်ငံတကာအဖွဲ့များသည် ဒေသခံလူမှုအသိုင်းအဝိုင်းများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ရှင်းလင်းပြသရန် လိုအပ်လျက်ရှိကြောင်း ပြောသည်။

“နိုင်ငံတကာ အဖွဲ့တွေနဲ့ ဒေသခံအသိုင်းအဝိုင်းကြားမှာ အဆက်အသွယ် မရှိသလောက် နည်းပါးတာကလည်း ရခိုင်မှာ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့ အဓိက ပြဿ     နာတစ်ရပ် ဖြစ်ခဲ့ပြီးပါပြီ” ဟု မစ္စ အာရွန်က ဆိုသည်။

“၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ထဲကို နိုင်ငံတကာအဖွဲ့တွေ ရောက်ရှိနေတဲ့ အတိုင်းအတာက မြန်မာနိုင်ငံမှာ မကြုံဖူးသေးတဲ့ အဖြစ်အပျက်ပါ။ ဒါကြောင့် အထင်အမြင် လွဲမှားမှုတွေနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အမြင်သဘောထားတွေ တိုးမြင့်လာတာတွေကို ရှောင်ရှားဖို့အတွက် ဒေသခံ လူမှုအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

CDA ၏ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအား ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ မတ်လအထိ ပြုလုပ်ခဲ့သော အင်တာဗျူးများအပေါ် အခြေခံထားပြီး ရခိုင်ပြည်နယ်ကိုသာ အဓိက အာရုံပြုထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြေအနေအတွက် သီးခြားအစီရင်ခံစာတစ်စောင် လိုအပ်လိမ့်မည်ဟုလည်း မစ္စ အာရွန်က ပြောကြားသည်။

သူ့အဆိုအရ နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်း၏ လုပ်ငန်းစဉ်များအတွက် ဆက်သွယ်ရှင်းပြမှုများ ပိုမိုပြုလုပ်ရန် လိုအပ်သည်မှာ မှန်သော်လည်း မွတ်ဆလင်များနှင့် ရခိုင်များ၏ လှုပ်ရှားမှုကို နှိုင်းယှဉ်ဖော်ပြနေသော ပြည်ပမီဒီယာများက ဇောင်းပေးဖော်ပြလျက်ရှိသည့် သတင်းများမှာ အခြေအနေ တစ်ခုလုံးကို အပြည့်အဝ ကိုယ်စားမပြုဘဲ ဆိုးရွားသော အကျိုးဆက်များကိုသာ ဖြစ်ပွားစေကြောင်း သိရသည်။

“နိုင်ငံတကာ မီဒီယာတွေက လက်ရှိအခြေအနေကို အနှုတ်လက္ခဏာ သဘောဆောင်တဲ့ အပြုအမူတွေနဲ့ ဆောင်ရွက်နေကြတယ်ဆိုတာ သိပ်ကို ရှင်းပါတယ်” ဟု အာရွန်က မှတ်ချက်ပြုသည်။ “ရခိုင်တွေကို ရန်လိုသူအဖြစ် ပုံဖော်ပြီး မွတ်ဆလင်တွေကို နှိပ်စက်ခံရသူတွေအဖြစ် ပုံဖော်ခိုင်းနှိုင်းလေ့ရှိပါတယ်။ ဒါတွေက  ရခိုင်ပြည်သူတွေရဲ့ နစ်နာချက်တွေကို ယခင်အစိုးရဟောင်းနဲ့ ဝေးရာဆီ ဦးတည်စေခဲ့ပြီး နိုင်ငံတကာက လာရောက်ဆောင်ရွက်သူတွေနဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ တခြားအဖွဲ့ဆီ တွန်းပို့ပေးလိုက်သလို ဖြစ်စေပါတယ်” ဟု ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို ရည်ညွှန်းကာ ထပ်လောင်းရှင်းပြခဲ့သည်။

“မိမိတို့ကို နိုင်ငံတကာ မီဒီယာစာမျက်နှာတွေနဲ့ ပြည်ပအစိုးရတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ မကောင်းဆိုးဝါးတွေလို ဖော်ပြခံရတယ်လို့ ရခိုင်တွေက ရှုမြင်ထားပါတယ်။ ဒါက ဒီလူမျိုးစုရဲ့ နှစ်ရှည်လများ အပယ်ခံ ဖြစ်ခဲ့ရတဲ့ဘဝအတွက် ပြဿ     နာသစ်အဖြစ် ဖြည့်စွက်ပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ မူဝါဒတွေ၊ လက်ရှိအခြေအနေအပေါ် ဆုံးဖြတ်ချက်တွေက အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာသာ ရှိနေပြီး ရခိုင်လူထုရဲ့ တာဝန်မဟုတ်ဘူး ဆိုတာကို နိုင်ငံတကာ သတင်းတွေက ပြည့်စုံလုံလောက်အောင် မဖော်ပြနိုင်ပါဘူး”

သို့သော် ၎င်းက မွတ်ဆလင် အသိုင်းအဝိုင်း၏ ပြဿ     နာရပ်များကို မှေးမှိန်စေရန်၊ သို့မဟုတ် လျစ်လျူရှုစေရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း မစ္စ အာရွန်က ဆိုသည်။

“ဒီအကြောင်းကို မပြောရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ပြောဆိုဖို့အကြောင်းကို ပြောပြနေတာပါ” ဟု ၎င်းက ဆိုသည်။

“အုပ်စုအားလုံးက ချောင်ထိုးခံထားရတယ်၊ ရောက်တဲ့နေရာမှာ အမြစ်တွယ် ခိုင်မာလာတယ်လို့ ခံစားနေရတဲ့ အနေအထားကို ကျွန်မတို့ ရောက်နေပါတယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ နစ်နာချက်တွေကို ဖြေလျှော့ပေးပြီး သူတို့ကို မျှမျှတတ ကိုယ်စားပြု ဆက်ဆံတယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်စေမယ့် အနေအထား တစ်ရပ် ဖန်တီးပေးမယ့် ဆောင်ရွက်မှုတွေကို မျှော်မှန်းကြည့်ကြပါစို့လား။ အဲဒီလို အခြေအနေကို ရောက်မှပဲ တင်းမာမှုတွေ ပြန်ပေါ်လာမယ့် ကြီးကြီးမားမား အန္တရာယ်တွေ မရှိဘဲနဲ့ အရာရာကို ပိုကောင်းစေတဲ့ ခြေလှမ်းတွေကို လှမ်းလျှောက်နိုင်ပါလိမ့်မယ်” ဟုလည်း ၎င်းက ရှင်းလင်းပြောကြားသည်။

“နစ်နာချက်တွေကို လျော့နည်းစေပြီး အခြေအနေကိုလည်း တည်ငြိမ်စေမယ့် ပိုမိုလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေကို ဇောင်းပေးပြီး ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပိုမိုကြီးမားတဲ့ အပြုသဘော သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အပြောင်းအလဲတွေ ပေါ်လာဖို့ လိုအပ်တယ်ဆိုတာ သတိပြုပြီး ပထမအဆင့်အဖြစ် သဘောကွဲလွဲနိုင်ခြေရှိတဲ့ အရေးအရာတွေ ဆက်လက်ဆောင်ရွက်တာက ရခိုင်တွေကို ဆန့်ကျင်ဘက် လားရာဆီ ရက်ရက်စက်စက် တွန်းပို့လိုက်တာသာ ဖြစ်စေမှာပါ။ အခြေအနေတွေ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးကိုလည်း ဘယ်သူကမှ လိုချင်မှာ မဟုတ်ပါဘူး”

ရခိုင်ပြည်နယ် အခြေအနေတွင် အလွန်အရေးပါသော လွှမ်းမိုးမှုတစ်ရပ်မှာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ အခန်းကဏ္ဍပင် ဖြစ်သည်။ ၎င်းတို့မှာ ယမန်နှစ် ရွေးကောက်ပွဲမှစတင်ကာ အတော်လေး ငြိမ်သက်သွားခဲ့သော်လည်း လတ်တလော သီတင်းပတ်များက ပိုမိုတက်ကြွလာလျက်ရှိသည်။

“ရခိုင်တိုင်းရင်းသားတွေဘက်က ပိုပြီးအစွန်းရောက်တဲ့ အသံတွေက ဆိုးရွားတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်” ဟု သြစတြေးလျ ဒီကင်တက္ကသိုလ်တွင် ရခိုင်ပြည်နယ်အရေး လေ့လာနေသည့် မြန်မာ့ရေးရာ ကျွမ်းကျင်သူ မစ္စတာ ရိုနင်လီက ဆိုသည်။ “နိုင်ငံရေး ခေါင်းဆောင်တွေမှာ ပြစ်တင်ဝေဖန်မှုတွေ ဖြန့်ချိမယ့်အစား ရခိုင်ပြည်နယ်က လူတိုင်းရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုကောင်းလာအောင် ဆောင်ရွက်ပေးရမယ့် တာဝန်တစ်ရပ် ရှိပါတယ်” ဟု Frontier ကို ၎င်းက ရှင်းပြသည်။

သို့သော် ယင်းဖြစ်စဉ်အတွင်း မွတ်ဆလင်များ၏ လူ့အခွင့်အရေးကိုလည်း မျက်ကွယ်မပြုသင့်ဟု မစ္စတာ လီက သတိပေး ပြောကြားသည်။

“မွတ်ဆလင် အသိုင်းအဝိုင်းကို သူတို့ရဲ့ လူ့အခွင့်အရေးတွေ အသုံးချခွင့် ရှိစေဖို့ ချက်ချင်း ဆောင်ရွက်ပေးသင့်ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ကိုလည်း မဖြစ်မနေ ဖော်ဆောင်ပေးရပါမယ်။ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို ဒီအသိုင်းအဝိုင်း နှစ်ရပ်စလုံး ပြန်ရလာချိန်မှာ ယုံကြည်မှုတွေလည်း ပြန်ရလာပါလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့ ရှုပ်ထွေးရှည်ကြာသော အရေးကိစ္စတစ်ခုအတွက် လွယ်ကူသော ဖြေရှင်းချက်များ မရှိနိုင်သော်လည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုှုသည် အပြုသဘောဆောင်သော အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်သည်ဟု ဆွေးနွေးသူများစွာက ထောက်ပြခဲ့ကြသည်။

ဆတ်ရိုးကျ ဒုက္ခသည်စခန်းတွင် ရံဖန်ရံခါ တင်းတင်းမာမာ ဖြစ်ခဲ့ရသော ဦးဉာဏ်ဝင်းနှင့် အင်တာဗျူးအတွင်း  ရခိုင်ပြည်နယ်ရှိ ဖွံံ့ဖြိုးတိုးတက်မှုမှာ လူမှုအသိုင်းအဝိုင်းများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းကို အထောက်အကူ ဖြစ်စေလိမ့်မည်လောဟု မေးမြန်းလိုက်သည့်အခါ ၎င်း၏မျက်နှာမှာ ကြည်လင်ရွှင်ပြလာခဲ့သည်။

“နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုက အဓိကပါ” ဟု လက်မတထောင်ထောင်ဖြင့် ၎င်းက ပြောကြားသည်။

“လူတွေက အလုပ်လက်မဲ့တွေ ဖြစ်နေကြတာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ မြင်တွေ့လိုပါတယ်။ ဒီအသိုင်းအဝိုင်း အားလုံးမှာ ရှိတဲ့သူတွေသာ နေ့စဉ်ဆိုသလို အတူတကွ အလုပ်လုပ်နိုင်မယ်၊ နေ့စဉ်ဆိုသလို အတူတကွ နေထိုင်စားသောက်နိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားတာကို ကျွန်တော်တို့ တွေ့ရမှာပါ” ဟုလည်း ဖွင့်ဟပြောကြားသည်။

အောင်မင်း ဘာသာပြန်သည်။

ယခုသတင်းဆောင်းပါးတွင် ပါရှိသော အမည်အချို့မှာ အမည်လွှဲများသာ ဖြစ်ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar