ရခိုင်ပြည်နယ်၌ စစ်ဆင်ရေးဆောင်ရွက်မည်ဟု အစိုးရ ကြေညာ

ရခိုင်ပြည်နယ်၌ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ဆင်ရေးဆောင်ရွက်ရန် တပ်မတော်အား သမ္မတရုံးက ညွှန်ကြားထားပြီးဖြစ်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းလေးခုအား ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆင်ရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက်နေ့တွင် ကျင်းပသည့် သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦးအပါအဝင် ရဲ ၁၃ ဦးသေဆုံးခဲ့ရသည်။

“တပ်မတော်ကို ညွှန်ကြားထားတာက သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်ဖို့ သမ္မတရုံးအနေနဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု AA အဖွဲ့အား ‘သောင်းကျန်းသူ’ဟု ရည်ညွှန်းကာ ဦးဇော်ဌေးက ပြောကြားသည်။

“အစိုးရက ထုတ်ပြန်ကတည်းက AA သောင်းကျန်းသူအဖွဲ့လို့ တမင်ထုတ်တာပါ။ ဟိုဘက်မှာ AA လက်နက်ကိုင်လို့ ဆွေးနေးတေယ်။ ဒီဘက်မှာ ကျွန်တော်တို့ ထုတ်တာက AA သောင်းကျန်းသူအဖွဲ့ ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် AA ၏ ပါဝင်နေမှုကို ရည်ညွှန်းပြီး ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပါအဝင်ကိစ္စရပ်များအား ဆွေးနွေးရန်အတွက် သမ္မတဦးဆောင်သည့် ညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇန်နဝါရီ ၇ ရက်နေ့က သမ္မတအိမ်တော်တွင် နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။ ထိုဆွေးနွေးပွဲသို့ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အပြင် သက်ဆိုင်ရာဝန်ကြီးများလည်း တက်ရောက်ခဲ့သည်။

“တပ်အင်အားတိုးချဲ့ဖို့၊ လိုအပ်ရင် ရဟတ်ယာဉ်သုံးစွဲဖို့ သမ္မတရုံးက ညွှန်ကြားတယ်။ တပ်မတော်ကလည်း လုပ်နေပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ရဲတပ်ဖွဲ့က ကိုင်တွယ်နိုင်တဲ့ တရားဥပဒေစိုးမိုးရေးရဖို့ ကြိုးပမ်းနေတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

“အစိုးရနဲ့တပ်မတော် တစ်သဘောတည်းရှိတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်နှစ်များအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို တောက်လျောက် တွေ့ကြုံခဲ့ရသည်။

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်းများကို အာဆာအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင်းလည်း တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ဒေသအတွင်း၌ ပြုလုပ်ခဲ့သည်။ သို့သော် ထိုစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာကျေးရွာများအား မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဓမ္မပြုကျင့်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ရိုဟင်ဂျာခုနစ်သိန်းကျော်မှာလည်း အိုးအိမ်များစွန့်ခွာကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။

ထိုစစ်ဆင်ရေးများမှာ လူမျိုးစုရှင်းလင်းရေး ကျူးလွန်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက တပ်မတော်ကို စွပ်စွဲထားကြသည်။ ထို့ပြင် ထိုလုပ်ရပ်များကို ခွင့်ပြုခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များက စတင်ကာ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး လူပေါင်း ၅,၀၀၀ ကျော်မှာလည်း စစ်ဘေးမှ တိမ်းရှောင်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် AA အဖွဲ့သည် တဖြည်းဖြည်းအင်အားကြီးထွားလာပြီးနောက် ယခုအခါ အဖွဲ့ဝင်ထောင်နှင့်ချီကာ စုစည်းမိနေပြီဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ဦးဇော်ဌေးကမူ ရခိုင်တိုင်းရင်းသားများအနေဖြင့် AA အဖွဲ့အား ထောက်ခံခြင်းမပြုကြရန် သတင်းစာရှင်းလင်းပွဲ၌ တိုက်တွန်းခဲ့သည်။

“ရခိုင်အနာဂတ်ကို ဘယ်လိုမြင်ချင်လဲ။ အဲဒါကို မေးချင်တယ်။ သေချာစဉ်းစားပါ” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar