ရခိုင်ပြည်နယ်သို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးရန် အကြံပေးအဖွဲ့သစ် ခေါင်းဆောင် တိုက်တွန်း

ရိုက်တာ

လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားများနှင့် ဂျာနယ်လစ်များကို ရခိုင်ပြည်နယ်တွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့် ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားမှုကြောင့် ရိုဟင်ဂျာမူစလင်ခြောက်သိန်းခွဲခန့်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သူ ဆူရာကီယာ့တ် ဆတ်သီရာထိုင်းက ထုတ်ဖော်ပြောကြားသည်။ ထို့အပြင် အမှုကြောင့် နိုင်ငံတကာမီဒီယာအပေါ် မိုပိုကျယ်ပြန့်သည့် တင်းကျပ်မှုများ ဖြစ်မလာရန်လည်း မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ “ရခိုင်ပြည်နယ်ထဲကို စာနယ်ဇင်းနဲ့ လူသာချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ရေးဟာ အရေးကြီးတဲ့ ကိစ္စတွေလို့ ထင်ပါတယ်။ တခြားပတ်သက်သူတွေဆီကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ရရေးလည်း ပါပါတယ်” ဟု ဆူကီယာ့တ်က ဘန်ကောက်တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “တရားဝင် စာနယ်ဇင်းသတင်း ဖော်ပြမှုတွေကို မြှင့်တင်ပေးသင့်ပါတယ်”ဟုလည်း ၎င်းကဆိုသည်။

ရိုဟင်ဂျာသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခွင့်ကို မြန်မာအစိုးရက ပြင်းထန်စွာ ကန့်သတ်ထားသည်။ စစ်ဆင်ရေးမှာ လူမျိုးစုအလိုက် ရှင်းလင်းမှုမြောက်သည်ဟု ကုလသမဂ္ဂက ရှုတ်ချခဲ့ပြီး ဗုဒ္ဓဘာသာအများစုရှိသော မြန်မာနိုင်ငံက ထိုစွပ်စွဲချက်ကို ပယ်ချခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရေးအတွက် အကြံပြုမည့် ၁၀ ဦးပါ ဘုတ်အဖွဲ့ကို ဦးဆောင်ရန် အသက် ၅၉ နှစ်အရွယ် ဆူရာကီယာ့တ်ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်နှစ်တွင် ခန့်အပ်ခဲ့သည်။

မီဒီယာများတွင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးခြင်းသည် စာမျက်နှာ ၆၃ မျက်နှာပါ အာနန်၏ တိကျသော အကြံပေးချက်တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရှည်ကြာစွာဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေးတင်းမာမှုများကို ဖြေရှင်းပေးရေးအတွက် စုံစမ်းစစ်ဆေးရန် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် အကြပ်အတည်းနှင့် ပတ်သက်ပြီး သတင်းရယူနေသည့် ရိုက်တာ သတင်းထောက်များဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်သည်ဆိုသည့် မသင်္ကာမှုဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့၏ အမှုနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ဆူရာကီယာ့တ်က အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းထံ  ပြောကြားခဲ့သည်။ အမှုအား ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်ရန်နှင့် သင့်လျော်သည့် တရားရေး လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်ဟု ဆူကီယာ့တ်က ဆိုသည်။

“ဒီဟာကြောင့်တော့ နိုင်ငံတကာ သတင်းစာနယ်ဇင်းအတွက်ရော၊ မြန်မာအစိုးရအတွက်ပါ ဆန့်ကျင်ဘက် ဦးတည်ရာတွေဆီ တမဟုတ်ချင်း ကြီးထွားပြင်းထန်သွားလိမ့်မယ် မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဆူကီယာ့တ်က ထပ်မံပြောကြားသည်။ “ဒီအမှုကြောင့် နိုင်ငံတကာသတင်းစာနယ်ဇင်းတွေကို မြန်မာအစိုးရက ကြိုဆိုမှု မရှိတော့မှာ မဟုတ်ဘူုးလို့တော့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်က ဒါကိုတိကျတဲ့ အမှုတစ်ခုဖြစ်စေချင်တယ်။ နောက်ပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းပြီးဖိ့ုလည်း မျှော်လင့်တယ်” ဟုလည်း ၎င်းကပြောသည်။

ကွာဟချက်ကို တံတားထိုးခြင်း

အာနန်ကော်မရှင်၏ အကြံပြုချက်များတွင် နိုင်ငံသားဖြစ်ခြင်းနှင့် တိုင်းရင်းသားသတ်မှတ်မှုကို ချိတ်ဆက်ထားပြီး ရိုဟင်ဂျာအများစုအား နိုင်ငံမဲ့ဖြစ်စေသည့် ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ပါဝင်သည်။ အာနန်၏ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် သြဂုတ် ၂၅ ရက်နေ့တွင် လုံခြုံရေးစခန်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် အကြပ်အတည်း ပြဿနာကို ဖြစ်ပေါ်စေခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မီးလောင်ထားသော ရိုဟင်ဂျာကျေးရွာများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ရိုက်တာ

ရခိုင်ပြည်နယ်ရှိ မီးလောင်ထားသော ရိုဟင်ဂျာကျေးရွာများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ရိုက်တာ

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများပြန်လာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ရှိနေသည့်အပြင် လက်ရှိဥပဒေအရ အသိအမှတ်ပြု မခံရသည့်တိုင် ကြောက်ရွံ့မှုမရှိဘဲ ပြန်လာနိုင်ရေးအတွက် အကြံပေးဘုတ်အဖွဲ့အနေဖြင့် နည်းလမ်းတစ်ခု ရှာရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်းလည်း ဆူရာကီယာ့တ်က ပြောသည်။

ရခိုင်ပြည်နယ်အကျပ်အတည်းနှင့် ပတ်သက်၍ အရေးမယူဘဲ မသိကျိုးကျွံပြုနေမှုအတွက် နိုင်ငံတကာ၏ ဝေဖန်မှုကို  ဒေါ်အောင်ဆန်းစုကြည် ခံနေရသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်းနိုင်ငံရေးစနစ်၏ ထိန်းချုပ် ကန့်သတ်မှုခံနေရသည်ဟု ဆူကီယာ့တ်က ဆိုသည်။ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒမှာ မကြာသေးခင်နှစ်များအတွင်း ကြီးထွားလာခဲ့ပြီး စစ်တပ်၏ စစ်ဆင်ရေးမှာ ကျယ်ပြန့်သည့် ထောက်ခံမှုရရှိခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ညှိးထိုး အပြစ်တင်တာထက် နိုင်ငံတွင်းမှာပဲ အားလုံး သဘောတူညီချက်ရအောင် ကြိုးစားခြင်းဖြင့် ပြဿနာကို ကိုင်တွယ်ရန် ကြိုးစားခဲ့ပါတယ်” ဟုဆူကီယာ့တ်က ပြောသည်။

“ရခိုင်ပြည်နယ်က အခြေအနေကို အဓိပ္ပါယ်ကောက်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာကြားမှာ ကြီးမားတဲ့ ကွာဟချက်ကြီးတစ်ခု ရှိပါတယ်။ ဒီကွာဟချက်ကို ကျွန်တော်တို့ တံတားမထိုးနိုင်ဘူးဆိုရင် အခြေအနေကို တိုးတက်ချင်တဲ့ ကျွန်တော်တို့ အားလုံးအတွက် အတားအဆီးကြီးတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။ ၎င်းဦးဆောင်သည့် အကြံပေးဘုတ်အဖွဲ့သည် စစ်တပ်အပါအဝင် ရခိုင်ရှိအဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ညိနှိုင်းရန် ကြိုးပမ်းမည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောသည်။

အကြံပေးဘုတ်အဖွဲ့သည့် မည်သူတစ်ဦးတစ်ယောက် ကိုယ်စား ပြောဆိုလုပ်ဆောင်သည့်အဖွဲ့မဟုတ်ဘဲ မြန်မာအတွက်ဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ဖြစ်စေ ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

အမေရိကန် ဝါရင့်နိုင်ငံရေးသမားဟောင်းနှင့် သံတမန်တစ်ဦးဖြစ်သူ ဘီလ်ရစ်ချတ်ဆင်အပါအဝင် နိုင်ငံတကာမှ ငါးဦး၊ မြန်မာမှ ငါးဦးတို့ဖြင့် ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ ဘုတ်အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက်နေ့တွင် နေပြည်တော်၌ မြန်မာအစိုးရအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ပထမဆုံးခရီးစဉ်အဖြစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။

“ကျွန်တော်ကတော့ အကြံပေးအဖွဲ့ကို အပြောသက်သက် မဖြစ်စေချင်ပါဘူး။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ ဖြစ်ထွန်းလာအောင် ကူညီချင်ပါတယ်” ဟုဆူကီယာ့တ်က ဆိုသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar