ရခိုင်ဒေသခံ တိုင်းရင်းသားများ လုံခြုံရေးအတွက် စိုးရိမ်မှု လွှတ်တော်ထဲ ရောက်လာ

ဉာဏ်လှိုင်လင်း

ဘင်္ဂလားဒေ့ရ်ှကို ရောက်ရှိနေတဲ့ မူဆလင်တွေကို ပြန်လည်စိစစ်လက်ခံဖို့ အစိုးရက အဆင်သင့်ပြင်ထားချိန်မှာ ဒေသခံဌာနတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် လုံခြုံမှုရှိမယ့် အစီအမံတွေကို ဆောင်ရွက်ပေးရေး အဆိုတစ်ခုကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က လက်ခံလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒေသခံ ဌာနေတိုင်းရင်းသားတို့ ထာဝရလုံခြုံမှုရှိသော လူမှုဘဝထူထောင်နိုင်ဖို့ လိုအပ်တဲ့ ရေတိုရေရှည်စီမံကိန်းတွေကို ချမှတ်အကောင် အထည်ဖော်ပေးဖို့ အစိုးရကိုတိုက်တွန်းတဲ့ အဆိုတစ်ရပ်ကို ဆက်လက်ဆွေးနွေးဖို့ နေပြည်တော်မှာ ဒီနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက သဘောတူလိုက်တာပါ။

ဒီအဆိုကို ဘူးသီးတောင်မဲဆန္ဒနယ်အမတ် ဦးအောင်သောင်းရွှေက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကတည်း စာရင်းပေးထားပေမယ့် ပြည်သူ့လွှတ်တော်ဖက်က သုံးလကျော်အကြာမှ အစည်းအဝေးမှာ တင်သွင်းခွင့် ပေးခဲ့တာပါ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးကအတိုင်း ဖြစ်နေတဲ့အတွက် အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့မှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထူထောင်ရေးလုပ်ငန်းဖြစ်အောင် အကောင်းဆုံးဆောင်ရွက်ပေးစေလိုတယ်လို့ ဦးအောင်သောင်းရွှေက လွှတ်တော်ကို ရှင်းပြတယ်။

“အဆိုပါ ဒေသနေ ရခိုင်တိုင်းရင်းသားများရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းမလုံခြုံမှုများ၊ စိုးရိမ်သောကဖြစ်မှုများဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေခြင်းကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းမှု မြင့်မားလျှက်ရှိပြီး မိမိတို့ နေရပ်ဒေသသို့ ပြန်လည် အခြေစိုက်နေထိုင်ရန် စိုးရိမ်ကြောက်ရွံ့လျှက်ရှိနေပါတယ်”လို့ သူက ဆိုပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးတဲ့ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေကလည်း အစိုးရအဆက်ဆက်ရဲ့ မှားယွင်းတဲ့ နယ်စပ်ဒေသစီမံခန့်ခွဲမှုတွေကြောင့် ဌာနေတိုင်းရင်းသားတွေ၊ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ သားကောင် ဖြစ်ခဲ့ရတဲ့ အဖြစ်မျိုး ထပ်မကြုံချင်တော့ဘူးလို့ ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေစဖြစ်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မှာ လူပေါင်းနှစ်သောင်းကျော်လောက် သတ်ဖြတ်ခံခဲ့ရတာ၊ မောင်တောနဲ့ ဘူးသီးတောင်မှာ ၃၅၀ လောက်ရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ မီးရှို့ခံရပြီးတဲ့နောက် ၈၀ ရာခိုင်နှုန်းကျော် ပြန်လည်ထူထောင်နိုင်ခြင်းမရှိခဲ့တဲ့ ယခင်က နမူနာဆိုးတွေကို သင်ခန်းစာယူဖို့ အချက်အလက်တွေနဲ့တကွ သူက တိုက်တွန်းခဲ့ပါသေးတယ်။

ဒါ့အပြင် အစိုးရက အကောင်အထည်ဖော်နေတဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တွေမှာ ကာယကံရှင် ရခိုင်လူမျိုးတွေ ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီနဲ့ ဒေသခံပြည်သူလူထုခေါင်းဆောင်တွေ ပါဝင်ခွင့်ရဖို့ လိုအပ်တယ်လို့လည်း ဒေါ်ခင်စောဝေက ထောက်ပြပါတယ်။

ဒီဒေသအတွင်းမှာ ရခိုင်အပါအဝင် တိုင်းရင်းသားအဖြစ် တရားဝင်သတ်မှတ်ဖော်ပြထားတဲ့ မျိုးနွယ်စုတွေနဲ့ မူဆလင်တွေကြားက ပဋိပက္ခတွေဟာ နှစ်ပေါင်းများစွာ တောက်လျှောက်ဖြစ်ပွားလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မူဆလင်တွေကသူတို့ ဟာ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာလူမျိုးလို့ ကြွေးကြော်နေပြီး နိုင်ငံသားအခွင့်အရေးတွေ တောင်းဆိုနေကြပေမယ့် ရခိုင်နဲ့ အခြားသောတိုင်းရင်းသားမျိုးနွယ်စုတွေကတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်က ခိုးဝင်လာသူတွေအဖြစ်သာ ယေဘူယျလက်ခံထားကြပါတယ်။ အစိုးရနဲ့ တပ်မတော်ကလည်း ဒီလိုသဘောထားမျိုး ရှိနေပြီး ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဘူးလို့ တောက်လျောက် ပြောကြားခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်အတွင်း လုံခြုံရေးစခန်းတွေကို စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ပြီးနောက်မှာတော့ ဒီဒေသတွင်းက မူဆလင် ခြောက်သိန်းခွဲကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေး ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ဒီဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံဖို့နဲ့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ဆောင်ပေးမယ်လို့ အစိုးရက ကတိပြုခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်လက်ခံဖို့ စီစဉ်ခဲ့ပေမယ့် ယနေ့အထိ တစ်ဦးမှ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံကို သူ့သဘောနဲ့ သူ ပြန်လာလိုသူတွေကို ပြန်ပို့ပေးဖို့ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနှစ်နိုင်ငံလုံးက သဘောတူထားကြပေမယ့် ပြန်လာသူတွေရဲ့လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိဖို့အတွက် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ သြဂုတ်လနောက်ပိုင်း စစ်ဆင်ရေးတွေအတွင်း မူဆလင်ကျေးရွာအများစု မီးလောင်ကျွမ်းသွားပြီဖြစ်လို့ ပြန်လာသူတွေအတွက် လုံခြုံရေးအပြင် အိမ်ယာတွေ၊ စာသင်ကျောင်းတွေ၊ ဗလီတွေ တည်ဆောက်ပေးဖို့ ဘင်္ဂလားဒေရှ့်ကို ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကလည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေမှာ ဒေသခံတိုင်းရင်းသားတွေကို စုစည်းပြီး လုံခြုံမှုရှိတဲ့ ရပ်ရွာသစ်တွေပြန်လည်ထူထောင်ပေးဖို့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ရခိုင်အမတ်တွေက ကြိုးပမ်းလာတာပါ။ အစိုးရဖက်က ထုတ်ပြန်ချက်တွေမှာတော့ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ပဋိပက္ခများအပြီး နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ တိုင်းရင်းသားတွေကို ပြန်လည်နေရာချထားပြီးပြီလို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို ပါဝင်ဆွေးနွေးလိုသူတွေ မနက်ဖြန်နောက်ဆုံးထား အမည်စာရင်းပေးဖို့ အသိပေးလိုက်ပေမယ့် ဘယ်နေ့မှာ စတင်ဆွေးနွေးမယ်ဆိုတာကိုတော့ အတည်မပြုသေးပါဘူး။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar