ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းရန် ကုလက ဆုံးဖြတ်

မတ် ၂၄

ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့အတွက် နိုင်ငံတကာအဖွဲ့တစ်ခုကို စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂျီနီဗာမှာ ယနေ့က သဘောတူညီခဲ့ကြပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ကို ကောင်စီအဖွဲ့ဝင် ၄၇ ဦး မဲခွဲခြင်းမရှိပဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီရဲ့ တာဝန်ကို ထက်မံသက်တမ်းတိုးဖို့ကိုလည်း ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို အကြမ်းဖက်သူတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး လက်နက်အများအပြား ပျောက်ဆုံးသွားပြီးတဲ့နောက် အဆိုပါဒေသမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးတွေအတွင်းမှာ လူရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူဆလင်တွေအပေါ် ရိုက်နှက်တာတွေ၊ နှိပ်စက်တာတွေအပြင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ နေအိမ်တွေကို မီးရှို့တာတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် လူပေါင်း ၇၅,၀၀၀ ဟာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီထဲက ရိုဟင်ဂျာ ၂၂၀ လောက်ကို မေးမြန်းစုံစမ်း ရေးသားထားတဲ့ အစီရင်ခံစာတစ်ခုကို ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာတော့ အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ အပါအဝင် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်လောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ဒီလိုစွပ်စွဲမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ အချက်အလက်ရှာဖွေ စုံစမ်းမယ့် အဖွဲ့ကို စေလွှတ်ဖို့ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံနိုင်ဘူးဖို့ ပြောကြားတယ်လို့ ဗီအိုအေသတင်းဌာနက ရေးသားထားပါတယ်။

“အဲဒီတော့ အစကတည်းက ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့က ဒီဆုံးဖြတ်ချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ တိတိကျကျ ပြောထားပြီးဖြစ်လို့ ဒီဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်တစုံတရာကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူးခင်ဗျ။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့ စေလွှတ်မယ်ဆိုလည်း လက်ခံမှာမဟုတ်ပါဘူး” လု့ိ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျက ဗီအိုအေကို ပြောကြားထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar