ရခိုင်က နက်ရှိုင်းလာတဲ့ အကျပ်အတည်းတစ်ခုကို နားလည်အောင် ကြိုးစားခြင်း

ARSA ကတိုက်ခိုက်မှုတွေ ပိုလုပ်လာလေ ဒီဒေသကို လွှမ်းခြုံနေတဲ့ ဒုက္ခတွေ၊ ဆိုးဝါးတဲ့ စိုးရိမ်မှုတွေအတွက် အဖြေတစ်ခုရဖို့က ဝေးသထက် ပိုဝေးလာပါလိမ့်မယ်။

ရခိုင်ပြည်နယ်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲကို တက်ရောက်ဖို့ ရန်ကုန်မှာရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ စုဝေးခဲ့ကြတဲ့လူအုပ်ဟာ အရင်ကထက်နဲ့စာရင် ပိုပြီးအကောင်းမြင်တဲ့စိတ်ထားနဲ့ အခမ်းအနားကနေ ထွက်ခွာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ကအခြေအနေကို ကိုင်တွယ်ရာမှာ အစိုးရ ရင်ဆိုင်နေရတဲ့၊ လိုတာထက်ပိုနေတဲ့ ပြဿနာတွေကို အလွယ်တကူ မဖြေရှင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲပြီးတဲ့နောက် ဟိုတယ်စြင်္ကန်တွေမှာ စကားစမြည် ပြောဆိုမှုတွေကတော့ တက်တက်ကြွကြွရှိခဲ့ပြီး တိုက်တွန်းချက်တွေကိုသာ အစိုးရက နီးနီးစပ်စပ်လိုက်နာရင် နိုင်ငံကို လွန်ခဲ့တဲ့ ငါးနှစ်ကြာကတည်းက ဒုက္ခပေးနေတဲ့ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ နောက်ဆုံးမှာ တိုးတက်မှုအချို့ ရရှိနိုင်မယ်ဆိုတဲ့ ယေဘုယျသဘောတူညီမှုတွေတော့ ရှိခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မနက်မှာတော့ Arakan Rohingya Salvation Army (ARSA) က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတော့ အဲဒီအကောင်းမြင်စိတ်လေးဟာ လုံးဝ ပျောက်ကွယ်သလောက် ဖြစ်သွားခဲ့ရပါတယ်။

ကော်မရှင်က တင်ခဲ့တဲ့ တိုက်တွန်းချက်တွေဟာ သက်ရောက်မှုတစ်ခု မရှိနိုင်တော့ဘူးလို့ ဆိုလိုချင်တာမဟုတ်ဘဲ နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေက ပြသနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခိုက်မှုတွေဟာ ရခိုင်က ပဋိပက္ခမှာ ပိုပြီးသစ်လွင်ပြီး ပိုပြီးဆိုးဝါးတဲ့ အခန်းကဏ္ဍတစ်ခုကို ကိုယ်စားပြုနေပါတယ်။ ဒါတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် အဓိပ္ပါယ်ရှိတဲ့ ဖြေရှင်းချက်မှန်သမျှဟာ အလှမ်းဝေးနေဦးမယ်ဆိုတဲ့ နောက်ထပ်ညွှန်ပြချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာက အလေးကဲဖော်ပြထားသလိုမျိုး ငြိမ်းချမ်းတဲ့နည်းလမ်းတွေကသာ တိုးတက်စေမယ့် တစ်ခုတည်းသောလမ်းကြောင်းပါ။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက ရဲစခန်းတွေကို ရုတ်တရက် ကြောက်မက်ဖွယ်တိုက်ခိုက်မှုနဲ့အတူ သူတို့ရဲ့ တည်ရှိမှုကို ကြေညာခဲ့တဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင်တွေက သူတို့အဆိုအရ ဖိနှိပ်တဲ့ မြန်မာစစ်တပ်ရဲ့ လက်အောက်ကနေ ရိုဟင်ဂျာတွေကို လွတ်မြောက်အောင်လုပ်တဲ့ တရားဝင်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့ ပြောကြားပြီး ဒီနောက်ဆုံး တိုက်ခိုက်မှုဟာ တရားမျှတမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာတော့ အများစုထက်ပိုပြီး ဒုက္ခရောက်နေတာကတော့သေချာပါတယ်။ ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း သူတို့ခံစားနေရတဲ့ ဒုက္ခအများအပြားထဲမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ခံရခြင်း၊ အခြေခံဝန်ဆောင်မှုအများစု မရရှိခြင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီကိုသွားနေတဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အဆိုးဝါးဆုံး ခံစားရသူတွေဖြစ်နေတာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဒီနောက်ဆုံးတိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာတော့ ARSA ဟာ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွား အကောင်းဆုံး ရရှိဖို့ဖြစ်တယ်လို့တော့ အခိုင်အမာ မပြောနိုင်ပါဘူး။

ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်တဲ့ တုံ့ပြန်မှုကို ဆွပေးမယ်ဆိုတာကိုတော့ ARSA ခေါင်းဆောင်တွေက ပြည့်ပြည့်ဝဝ သိထားပါလိမ့်မယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ သာမန်လူတစ်ဦးအတွက်လည်း ပိုပြီးအန္တရာယ်ရှိကာ ဆောက်တည်ရာမရဖြစ်စေမယ်ဆိုတာလည်း သိပါလိမ့်မယ်။

ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်ရဲ့အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးပမ်းမှုထက်ကျော်လွန်တဲ့ အရာတစ်ခုအဖြစ် မြင်ဖို့တော့ ခက်ပါတယ်။

ဒီလိုမျိုးတိုက်ခိုက်မှုတွေကို Frontier က ရှုံ့ချပြီး မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ယုံကြည်တာက ARSA ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အကြမ်းဖက်မှုကို အသုံးပြုခြင်းက သူတို့ရည်မှန်းချက်အတွက် ဘယ်တော့မှ အထောက်အကူမပြုဘူးလို့ ယုံကြည်ထားတဲ့ ရခိုင်မြောက်ပိုင်းက ယေဘုယျ ပြည်သူအများစုအကြား ခွဲခြားသိရှိထားဖို့က အလွန်အရေးကြီးလှပါတယ်။ အဲဒီပြည်သူတွေကတော့ မြေဇာပင်တွေလည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုက အကြမ်းဖက်မှုကိုသာ ပေါက်ဖွားစေတာပါ။ ARSA ကတိုက်ခိုက်မှုတွေ ပိုလုပ်လာလေ ဒီဒေသမှာ ပေါ်ပေါက်စေတဲ့ ဒုက္ခတွေ၊ ပြင်းထန်တဲ့ စိုးရိမ်မှုတွေအတွက် အဖြေတစ်ခုရဖို့က ဝေးသထက် ပိုဝေးလာပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ မြန်မာအာဏာပိုင်တွေဟာ လက်ရှိအခြေအနေအတွက် တာဝန်ရှိမှုကို မျှဝေယူရပါမယ်။ ရခိုင်ပြည်နယ်မှာ ဆယ်စုနှစ်များစွာ လစ်လျူရှုမှု၊ ဖိနှိပ်မှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေဟာ ပဋိပက္ခဖြစ်စေဖို့ အုတ်မြစ်ချခဲ့တာပဲဖြစ်ပါတယ်။

အစွန်းရောက်ခြင်းဆိုတာကို မျှော်လင့်ချက်ကင်းမဲ့ခြင်းကသာ မွေးဖွားခဲ့တာပါ။ အကောင်းမြင်မှုအတွက် သင်က အကြောင်းပြချက်တချို့ပေးရင် ARSA ဘက်ကို ဘက်လိုက်ဖို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူငယ်တွေကို ပိုပြီးနည်းပါးတဲ့ အကြောင်းပြချက်တွေ ပေးရပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာက အစိုးရအဆက်ဆက်က မှေးမိန်တဲ့ မျှော်လင့်ချက်ကလေးတောင် မပေးခဲ့ကြပါဘူး။ ဒါဟာ ဒီကနေကျွန်တော်တို့ရောက်ရှိနေတဲ့ ပိတ်မိနေတဲ့ အခြေခံအကျဆုံး အကြောင်းရင်းပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေက ရှေ့ကိုသွားမယ့် လမ်းကြောင်းတစ်ခုကို ပေးပါတယ်။ အင်အားစုအားလုံးကိုတော့ လူတိုင်းက အကြိုက်မတွေ့နိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ထူးထူးခြားခြား နှစ်ခြမ်းကွဲနေတဲ့ ပြဿနာတစ်ခုနဲ့ပတ်သက်တဲ့ အမြင်အားလုံးကို အသိအမှတ်ပြုဖို့ ကြိုးပမ်းတဲ့ မှတ်တမ်းတစ်ခုပါ။

အခုချိန်မှာ စိန်ခေါ်မှုကတော့ မကြာသေးခင်ရက်တွေက အနှောက်အယှက်ဖြစ်မှုတွေကြောင့် အကောင်အထည်ဖော်ရေးမှာ အများကြီးပိုပြီး ခက်ခဲစေပါတယ်။ အမှန်တကယ် တိုးတက်မှုတွေ ရှိလာစေဖို့ကတော့ မြန်မာအစိုးရအနေနဲ့ တတ်နိုင်သမျှ ခေါင်းဆောင်မှုစွမ်းရည်တွေ စုစည်းလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီးနောက် လုံခြုံရေးက အရေးအကြီးဆုံး ဦးစားပေးအခြေအနေဖြစ်နေချိန်မှာ ကော်မရှင်ရဲ့အစီရင်ခံစာကို ချောင်ထိုးထားလိုက်ဖို့က သိပ်ကို လွယ်ကူမှာပါ။

ဒါပေမယ့် ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်းတွေကို ပြောကြားဖို့ ပျက်ကွက်ခြင်းက အနာဂတ် ပဋိပက္ခတွှေအတွက် မျိုးစေ့ချသလို ဖြစ်သွားစေမယ်ဆိုတာကမှ တစ်ကယ့်အဖြစ်မှန်ဖြစ်ပါတယ်။

ARSA ကို နှိမ်နင်းဖို့အတွက် အသေချာဆုံးနည်းလမ်းက စစ်တပ်အင်အားနဲ့ ဖိနှိပ်မှုတွေ မဟုတ်ပါဘူး။ ရှေ့ဆက်သွားဖို့အတွက် ကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခုကို လူထုကို ပြသပေးခြင်းအားဖြင့် ဒီအဖွဲ့ကို လူထုနဲ့ ကင်းကွာသွားအောင် ပြုလုပ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

ယခုအယ်ဒီတာ့အာဘော်ကို သြဂုတ် ၃၁ ရက်နေ့ထုတ် Frontier တွင် ဖော်ပြခဲ့ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar